သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ရက်စေ့ မြန်မာ ၁၇၀ ကျော် ထိုင်းကနေ မြန်မာကိုပြန်ပို့


လွတ်ရက်စေ့ မြန်မာနိုင်ငံသားတွေ ကော့သောင်း-ရနောင်းကနေပြန်ပို့ပေးနေ
လွတ်ရက်စေ့ မြန်မာနိုင်ငံသားတွေ ကော့သောင်း-ရနောင်းကနေပြန်ပို့ပေးနေ

ထိုင်းနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသား ၁၇၀ကျော်ကို ထိုင်းအာဏာပိုင်တွေက မနေ့က ရနောင်းကနေ ကော့သောင်းဘက်ကို ပြန်ပို့ခဲ့ပါတယ်။ ပြန်ပို့ခံရသူတွေထဲမှာ ကိုဗစ်ကပ်ရောဂါပိုးရှိသူ တဒါဇင်လောက်ရှိတယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၀ ကျော်ကို မနေ့ တနင်္လာနေ့က ရနောင်းမြို့ဆိပ်ကမ်းကနေ ကော့သောင်းဘက်ကိုပြန်ပို့ခဲ့တာပါ။ သူတို့တွေဟာထိုင်းနိုင်ငံရဲ့အကျဉ်းထောင်းအသီးသီးမှာ ပြစ်ဒဏ်ကျခံရပြီးမှ ရနောင်းလူဝင်မှုကြီးကြပ်ရေးအချုပ်မှာ ၂ လကနေ ၆ လလောက်ထိ နေရပ်ပြန်ဖို့စောင့်နေရသူတွေဖြစ်ပါတယ်။ သူတို့ကိုနေရပ်ပြန်ပို့ချိန်မှာ ကော့သောင်းအာဏာပိုင်တွေက ကိုဗစ်ကပ်ရောဂါစစ်ဆေးပေးခဲ့ရာမှာတော့ ကိုဗစ်ကပ်ရောဂါပိုးတွေ့ရှိသူ ၁၂ ယောက်လောက်ရှိတယ်လို့ ကော့သောင်းမြို့ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံ ဦးမိုးဝေက အခုလို ပြောပါတယ်။

"မနေ့ကတော့ အလုပ်သမားသံအရာရှိက ရနောင်းကနေ အကြောင်းအမျိုးမျိုးနဲ့အကျဉ်းကျလာတဲ့အလုပ်သမား၁၇၁ ယောက်ကို ကျနော်တို့ကော့သောင်းကိုပို့လာပါတယ်၊ အမျိုးသမီးက ၄၅ ယောက်ပါတယ်၊ လှေတွေနဲ့ရနောင်းကနေကော့သောင်းကိုပို့လာတယ် ။ကော့သောင်းတာဝန်ရှိသူတွေကတော့ကိုဗစ်စစ်ဆေးတယ် ကျန်းမာရေးပညာပေးလုပ်တယ်၊အသိပညာပေးတယ်။ ဝေးတဲ့ဒေသက လူတွေကိုတော့ကားနဲ့ပြန်ပို့ပေးတယ်၊အပူရှိန်ကလည်းမြင့်တော့ ကိုဗစ်ပိုးတွေ့သူ ၁၂ယောက်လောက်ရှိတယ်"

အခုဆိုရင် ရနောင်းအချုပ်ထဲမှာ လွတ်ရက်စေ့သူ ဆယ်ဂဏန်းလောက်သာ ကျန်တော့ကြောင်း မကြာခဏဆိုသလို အကျဉ်းသားတွေကတော့ များလာကြောင်းကိုလည်းပြောပြပါတယ်။

"အခု သင်္ကြန်မတိုင်ခင်နဲ့သင်္ကြန်အပြီးမှာပြန်ပို့တာက ၃ ကြိမ်လောက်ရှိပြီ ၊ ၃ ကြိမ်ထဲမှာလူ ၇၀၀ ကျော် ၈၀၀ လောက်ထိရှိသွားပြီ ၊ရနောင်းမှာ အခုလောလောဆယ် တဆယ်ကျော် ၂၀နီးပါးကျန်သေးတယ်ပြောတယ် ။ဒါပေမယ့် တလ နှစ်လအတွင်းမှာတော့ လူက ၂၀၀ ကျော် ၃၀၀ လောက်ကတော့ပြန်ဖြစ်သွားတယ်၊အမြဲတမ်းဖမ်းမိနေတယ်ဆိုတော့လေ"

ထိုင်းအကျဉ်းထောင်တွေ၊ အချုပ်တွေက လွတ်ရက်စေ့တဲ့ မြန်မာတွေကို မဲဆောက်၊ မြဝတီ၊ မဲဆိုင်၊ တာချီလိတ်၊ ရနောင်းကော့သောင်း လမ်းတွေကနေ ပြန်လည် လွှဲပြောင်းပေးလေ့ ရှိပါတယ်။ ကိုဗစ်ကပ်ဘေးကာလမှာ နယ်စပ်လမ်းတွေ တံတားတွေပိတ်ထားတဲ့အတွက် ပြည်နှစ်ဒဏ်ပေးတဲ့သူတွေကို အကန့်အသတ်နဲ့သာ ပြန်ပို့ခဲ့ပါတယ်။

ဒီထဲမှာတော့ မဲဆောက်-မြဝတီ ချစ်ကြည်တံတား အမှတ်(၂) ကနေ ပြည်နှင်ဒဏ်ပေးသူတွေကို အများဆုံးလွှဲပြောင်းပေးတာ ဖြစ်ပြီး၊ ရနောင်း-ကော့သောင်း ရေလမ်းကတော့ ကော့သောင်းမြို့က စောင့်ကြည်ရေးစင်တာမှာ လက်ခံနိုင်တဲ့ လူဦးရေ ပမာဏကို ကြည့်ပြီး၊ ထိုင်းဘက်ကနေ တလမှာ နှစ်ကြိမ်ခန့် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG