သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျပ်အတည်းကြားက ထိုင်းစီးပွားရေး


နိုင်ငံရေး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေတာနဲ့အမျှ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အပေါ် ရိုက်ခတ်နေသလို၊ ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့လည်း စိတ်မအေးနိုင်ပဲ ဖြစ်နေကြပါတယ်။ ထိုင်းနိုင်ငံက ကုန်ထုတ်လုပ်ငန်းတွေမှာ ထိခိုက်လာနေတဲ့ အတွက်လည်း မြန်မာနိုင်ငံလို ဒေသတွင်းက တိုင်းပြည်တွေကို ရွှေ့ပြောင်းဖို့ အလားအလာတွေလည်း တွေ့မြင်နေရတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။ နိုင်ငံရေး ပြဿနာတွေ လွှမ်းမိုးနေတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှုတွေ အားနည်းနေတဲ့ တချိန်တည်းမှာပဲ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ရေရှည်မှာ တိုင်းပြည် စီးပွားရေးကိုပါ ထိခိုက်နိုင်တယ်လို့ အမေရိကန် စီးပွားရေး အကဲဖြတ်လုပ်ငန်းဖြစ်တဲ့ Fitch က သတိပေးပါတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့က ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့ နိုင်ငံရေး တင်းမာမှုတွေ လျော့ပါးမသွားတာကြောင့် စီးပွားရေး လုပ်ငန်းတွေနဲ့ ဘဏ္ဍာရေး တည်ငြိမ်မှုတွေမှာ ထိခိုက်လာမယ့် အလားအလာတွေ ရှိနေတဲ့အကြောင်းလည်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြတာပါ။

ကုန်ထုတ်လုပ်မှုတွေ၊ လက်လီရောင်းအားတွေ ကျဆင်းခဲ့သလို၊ စားသုံးသူနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်စိတ်ချမှုဟာလည်း ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုတွေနဲ့ ကြုံခဲ့ရတဲ့ ၂၀၁၁ ခုနှစ်ကစလို့ အနိမ့်ဆုံး အဆင့်အထိ ရောက်နေတဲ့အကြောင်း Fitch Rating ရဲ့ ဖေဖော်ဝါရီလဆန်းမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။ ဘန်ကောက်မြို့တော်ကို အတိုက်အခံတွေ ပိတ်ဆို့ ဆန္ဒပြခဲ့ရာက အစိုးရက အရေးပေါ် အခြေအနေ ကြေညာခဲ့ရတဲ့ အတွက်လည်း ထိုင်းနိုင်ငံရဲ့ ပင်မစီးပွားရေး တခုဖြစ်တဲ့ ခရီးသွားလုပ်ငန်းမှာ သိသိသာသာ ထိခိုက်ခဲ့ရတာပါ။ နိုင်ငံပေါင်း ၄၅ နိုင်ငံကျော်က ထိုင်းနိုင်ငံကို ခရီးသွားသူတွေအတွက် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရတဲ့အထိ ပြဿနာတွေ ကြီးထွားလာတာကြောင့်လည်း ဇန်နဝါရီလ တစ်လတည်းမှာတင် ခရီးသွားလုပ်ငန်းဟာ ဒေါ်လာ ၆၈၅ သန်းလောက် ဆုံးရှုံးခဲ့ရတဲ့အကြောင်း ထိုင်းခရီးသွားလုပ်ငန်း တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် အခြေစိုက် Rabo ဘဏ်လုပ်ငန်းရဲ့ အာရှ-ပစိဖိတ် ဘဏ္ဍာရေးဈေးကွက် သုတေသနဌာန အကြီးအကဲ Michael Every ကတော့ နိုင်ငံရေး အကျပ်အတည်းတွေရဲ့ ရိုတ်ခတ်မှုဟာ ခရီးသွားလုပ်ငန်း သာမက ကုန်ထုတ်လုပ်ငန်းလို တခြားစီးပွားရေး လုပ်ငန်းတွေမှာပါ ထိခိုက်နေတဲ့အကြောင်း ပြောပါတယ်။
“နိုင်ငံရေး အကျပ်အတည်းတွေကြောင့် ဘန်ကောက်မြို့က အထိအနာဆုံးဆိုတာ သေချာပါတယ်။ လက်လီလုပ်ငန်းတွေလည်း ထိခိုက်ပါတယ်။ အထူးသဖြင့် ဘန်ကောက်မြို့ အချက်အခြာက အဆင့်မြင့် လက်လီဆိုင်တွေ ဖြစ်ပါတယ်။ ဒါတွေက အင်မတန်မှ အထိနာနိုင်တဲ့ ကဏ္ဍတွေပါ။ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း အလားတူပါပဲ။ အရင်အစိုးရ လက်ထက်တုန်းက လာမယ့် ၇ နှစ်အတွင်း ဆောက်လုပ်ရေး လုပ်ငန်းအတွက် ဘတ်ငွေ ၂.၂ ထီလီယံသုံးစွဲဖို့ ဥပဒေမူကြမ်းတရပ်ကို အတည်ပြုထားတာပါ။ အခုတော့ ဒီအစီအစဉ်လည်း ပျက်ခဲ့ရသလို၊ ပြန်လုပ်နိုင်မလား ဆိုတာကလည်း မသေချာပါဘူး။”

ဖေဖော်ဝါရီလထဲမှာ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့လည်း မဲပေးသူ အရေအတွက် ထက်ဝက်တောင် မပြည့်ခဲ့တာကြောင့် ရလဒ်တွေကလည်း မရေမရာ ဖြစ်နေသလို၊ ဆန္ဒပြပွဲတွေလည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံရေး ပြဿနာတွေ ပြေလည်မယ့် အရိပ်အယောင်တွေ မတွေ့ရသေးတာနဲ့အမျှ ရင်းနှီးမြှုပ်နှံသူတွေ ကြားမှာလည်း စိုးရိမ်မကင်းမှုတွေ ကြီးထွားလာနေကြတာပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဆန်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာချိန်ကစလို့ ပြည်ပက စီးပွားရေးသမားတွေ ထိုင်းနိုင်ငံရဲ့ အစုရှယ်ယာ ဈေးကွက်ကနေ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ထုတ်ကုန်ကြတဲ့အတွက် စတော့ရှယ်ယာ ဈေးကွက်မှာ ၁၀% လောက်အထိ ကျဆင်းခဲ့တဲ့အထိ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ စီးပွားရေး အခြေအနေတွေကို ဆန်းစစ်လေ့လာနေသူ တဦးဖြစ်တဲ့ Chris Baker ကတော့ အထူးသဖြင့်ကတော့ ရွေးကောက်ပွဲက မရေမရာ ရလဒ်တွေနဲ့အတူ ဥပဒေရေးရာ စိမ်ခေါ်မှုတွေနဲ့ ကြုံရမယ့် အခြေအနေမျိုးမှာ ရင်းနှီးမြှုပ်နှံသူတွေ စိတ်ပူနေကြတဲ့အကြောင်း ပြောပါတယ်။
“အဓိက စိုးရိမ်မှုကတော့ ဆုံးဖြတ်ချက်ချတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ကားထုတ်လုပ်သူတွေနဲ့ ဆက်စပ် စက်မှုလုပ်ငန်းတွေပါ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်မယ့် အစိုးရတရပ် သိပ်မဝေးတဲ့ အနာဂတ်မှာ ပေါ်လာဖို့ အလားအလာ နည်းလှတဲ့အပေါ် သူတို့တွေ စိတ်ပူလာကြပါတယ်။ အဲဒါက သူတို့အတွက် ကြီးမားတဲ့ အခက်အခဲပါ။”

ထိုင်းနိုင်ငံမှာရှိတဲ့ ဂျပန်နိုင်ငံက Toyota ကားကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Kyoichi Tanada ကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နံှသူတွေ အနေနဲ့ ရေရှည်မှာ ဒေသတွင်းက တခြားနေရာတွေကို ရွှေ့ဖို့စဉ်းစားရလိမ့်မယ်လို့လည်း သတိပေးခဲ့တာပါ။ ဆန်းစစ်သူတွေကတော့ နိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် အငယ်စားနဲ့ အလတ်စား လုပ်ငန်းတွေ သာမက ထိုင်းနိုင်ငံမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံထားတဲ့ လုပ်ငန်းကြီးတွေတောင်မှ တဖြည်းဖြည်းနဲ့ လုပ်ငန်းတွေကို ရွှေ့သွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ Rabo ဘဏ်လုပ်ငန်းက စီးပွားရေးပညာရှင် Michael Every ကတော့ ထိုင်းနိုင်ငံဟာ နိုင်ငံတကာ စီးပွားရေး သမားတွေအတွက် ဆွဲဆောင်မှုတွေ ရှိနေဆဲ ဈေးကွက်တခု ဖြစ်ပေမဲ့လည်း နိုင်ငံရေး ပြဿနာတွေ မပြေလည်သမျှ၊ ရင်းနှီးမြှုပ်နှံမှု အသစ်တွေ ဝင်လာဖို့ အလားအလာ မရှိဘူးလို့ ပြောပါတယ်။

ကော်ပိုရေးရှင်းကြီးတွေလို လုပ်ငန်းကြီးတွေ အနေနဲ့လည်း နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေ စက်ရုံ၊ အလုပ်ရုံသစ်တွေ တည်ဆောက်ဖို့ဆိုရင် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းက တခြားနိုင်ငံတွေကို စဉ်းစားကြလိမ့်မယ်လို့လည်း သူကပြောပါတယ်။
“သူတို့အနေနဲ့ ဗီယက်နမ်လို၊ အင်ဒိုနီးရှားလို နေရာမျိုးတွေကို ရှာကြပါလိမ့်မယ်။ နောင်ဆိုရင် မြန်မာပြည်လို နေရာမျိုးကိုတောင် ကြည့်ကောင်း ကြည့်လာကြပါလိမ့်မယ်။”

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရအတွက် ဘဏ္ဍာရေးအရ နောက်ထပ် ဖိအားပေးခံနေရတဲ့ ပြဿနာ တစ်ခုကတော့ စပါးတွေကို ဈေးကောင်းပေးဝယ်တဲ့ အစီအစဉ်အရ လယ်သမားတွေကို ပေးစရာရှိနေတဲ့ ဒေါ်လာသန်းပေါင်း ၃,၀၀၀ ကျော်လောက်ကို မပေးနိုင်ပဲ ဖြစ်နေရတာပါ။
ဝန်ကြီးချုပ် Yingluck Shinawatra ရဲ့ Phuey Thai ပါတီကို ထောက်ခံသူ အများစုဖြစ်ကြတဲ့ လယ်သမားတွေထံက စပါးတွေကို ဈေးကွက်ပေါက်ဈေးထက် ၄၀% ကျော် ပိုပေးပြီး ဝယ်ယူခဲ့တဲ့ အစီအစဉ်ကြောင့် ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဆန်တင်ပို့မှု အများဆုံး တိုင်းပြည်အဖြစ်က လက်လွှတ်ခဲ့ရသလို၊ ၂ လကျော်လောက် စပါးဘိုးတွေ မပေးနိုင်သေးတဲ့ အတွက်လည်း လယ်သမားတွေ ဆန္ဒပြကြတဲ့အထိ နိုင်ငံရေးအရ ဖိအားတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။

နိုင်ငံရေး ပြဿနာတွေ လွှမ်းမိုးနေတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေး အလားအလာတွေဟာ စိုးရိမ်စရာလို့ ဆိုပေမဲ့လည်း စီးပွားရေး အတိုင်ပင်ခံ လုပ်ငန်းတခုဖြစ်တဲ့ Grant Thornton Thailand က ကျွမ်းကျင်သူတဦးဖြစ်တဲ့ Andrew McBean ကတော့ ရွေးကောက်ပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တာလို အခြေအနေမျိုးတွေကတော့ ကောင်းတဲ့ လက္ခဏာတစ်ခု ဖြစ်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။
“ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ စိတ်သက်သာစရာတချို့ ရှိခဲ့ပါတယ်။ ရွေးကောက်ပွဲက အကြမ်းဖက်မှုမရှိပဲ ပြီးသွားခဲ့တာပါ။ အဲဒီကနေ ထွက်လာတာကတော့ အတော့်ကို အပေါင်းလက္ခဏာဆောင်တဲ့ စီးပွားရေး ချဉ်းကပ်မှုပါပဲ။ ထိုင်းနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်မှုတန်ဘိုး (GDP) ဟာ တကယ့် အလားအလာရှိသလောက် မဟုတ်ပေမဲ့လည်း ဆက်ပြီး တိုးတက်နေပါလိမ့်မယ်။”

အမေရိကန် စီးပွားရေး အကဲဖြတ်လုပ်ငန်းဖြစ်တဲ့ Fitch rating ရဲ့ အစီရင်ခံစာကတော့ ထိုင်းနိုင်ငံဟာ ၂၀၀၆ ခုနှစ်ကစလို့ နိုင်ငံရေး ပြဿနာတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ အစဉ်အလာ ရှိခဲ့သလို ဖွံ့ဖြိုးမှုဟာ ၂၀၀၈ ခုနှစ်ကနေ ပြီးခဲ့တဲ့နှစ် ၂၀၁၃ ခုနှစ်အတွင်း ပျမ်းမျှ ၂.၉% တဝိုက်မှာ ရှိခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံရေးအရ တင်းမာမှုတွေ လျော့ပါးလာတာနဲ့အမျှ ထိုင်းနိုင်ငံရဲ့ စီးပွားရေးဟာလည်း ပြန်လည်ဦးမော့လာပြီး ဒီနှစ် ၂၀၁၄ ခုနှစ်မှာ ဖွံ့ဖြိုးမှုပမာဏဟာ ၃.၅% လောက် ရှိနိုင်တယ်လို့ ခန့်မှန်းထားတာပါ။

ဒါပေမဲ့လည်း နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ရေရှည်ကြုံရမယ် ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာရေး လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ဖို့ ယုံကြည်စိတ်ချရနိုင်မှုတွေ အပေါ်မှာ ထိခိုက်လာနိုင်တယ်လို့လည်း Fitch rating က သတိပေးထားပါတယ်။
XS
SM
MD
LG