သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းငါးလုပ်ငန်းရဲ့လုပ်ရပ် လူ့အခွင့်အရေးအဖွဲ့ဝေဖန်


မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတာကြောင့် နိုင်ငံတကာက အရေးယူဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုက တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းမှာ လူမှောင်ခိုမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုပ်ရိုးလုပ်စဉ် သဘောမျိုး ကျူးလွန်နေပြီး ဥပဒေအရ အကာအကွယ် ပေးမှုတွေမှာလည်း အားနည်းနေတဲ့အကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် Environmental Justice Foundation အဖွဲ့ရဲ့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။

ထိုင်းအလုပ်သမားဝန်ကြီးဌာနကတော့ ငါးဖမ်းလုပ်ငန်းမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် အပြင်းအထန် ကြိုးစားနေတဲ့အကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းမှာ လူမှောင်ခိုကူးခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၆ ယောက်ကို တနင်္လာနေ့ကပဲ ထိုင်းအာဏာပိုင်တွေနဲ့ အလုပ်သမားရေး လှုပ်ရှားသူတွေ ပူးပေါင်း ကယ်တင်ခဲ့ရတဲ့အကြောင်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အသက် ၂၅ နှစ်နဲ့အထက် အမျိုးသား ၆ ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း Kantang ခရိုင်က ဆိပ်ကမ်းမှာ ရပ်ထားတဲ့ စက်လှေပေါ်မှာ တနင်္လာနေ့ညပိုင်းကပဲ ကယ်တင်ခဲ့ကြတာပါ။ Environmental Justice Foundation ရဲ့ အစီရင်ခံစာမှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အများဆုံး ၈ လလောက်အထိ လုပ်ခလစာမရဘဲ အလုပ်ခိုင်းစေခံရလေ့ရှိတယ်လို့ ဖော်ပြပါတယ်။

ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျူးလွန်နေတဲ့ ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းကို အရေးယူတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှု အစီအစဉ်တွေ ချမှတ်သင့်တယ်လို့လည်း အစီရင်ခံစာ ထုတ်ပြန်သူတွေက တိုက်တွန်းခဲ့ကြပါတယ်။
XS
SM
MD
LG