သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေဘေး မြန်မာ အလုပ်သမားတွေပါ အခက်ကြုံ


ထိုင်းရေဘေး မြန်မာ အလုပ်သမားတွေပါ အခက်ကြုံ
ထိုင်းရေဘေး မြန်မာ အလုပ်သမားတွေပါ အခက်ကြုံ

ဇူလိုင်လကတည်းကစလို့ ရေကြီးမှုတွေဖြစ်နေတဲ့ ထိုင်းနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမားတွေဟာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ်ရဖို့ အခက်အခဲ ရှိနေပါတယ်။ ဒီလို ဆိုးဆိုးရွားရွား ရေကြီးမှုကြောင့် နေရေးထိုင်ရေး၊ အစားအသောက် အခက်အခဲအပြင် သွားလာရေး ခက်ခဲမှုတွေကြောင့် တချို့နေရာတွေမှာ ပိတ်မိနေတာတွေ ရှိပါတယ်။ ဒီအခြေအနေ အပြည့်စုံကို မအေးအေးမာက စုံစမ်း မေးမြန်းထားပါတယ်။

ထိုင်းနိုင်ငံက ရေလွှမ်းမိုးခံနေရတဲ့ အယုဒ္ဓယမြို့နဲ့ ပထုံဌာနီမြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ အခက်အခဲကတော့ ရေကြီးတဲ့အတွက် နေထိုင်စရာအခက်အခဲ၊ စာသောက်ရေး အခက်အခဲ၊ တစ်နေရာကနေ တစ်နေရာကို သွားလာဖို့ အခက်အခဲတွေ၊ ကူညီကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အဆက်အသွယ် မရရှိတာတွေကို ရင်ဆိုင်နေရတာပါ။

ပထုံဌာနီဘက်မှာ စက်ရုံတွေ ပိတ်တဲ့အတွက် လာလုဆဲ ဆိုတဲ့နေရာမှာ အလုပ် လုပ်ကိုင်နေကြတာမှာ ရေတွေနဲ့ ပိတ်မိနေတာကို ကြုံကြရကြောင်း အလုပ်သမားတစ်ဦးက ပြောပြပါတယ်။

“ရေကြီးတဲ့အခြေအနေကတော့ ပို ပိုပြီး ဆိုးလာတယ်။ ပို များလာတယ်။ အခု ဒီကိုလာတာက သထုံကနေ လာတာ။ ဒီမှာ လိုတက်စ် မှာ အလုပ်ရမယ်ဆိုတာနဲ့ ဒီကို လာလိုက်တာ။ တစ်နေ့ကို ၅၀၀ နဲ့ အလုပ်ရမယ်တဲ့။ ၁၄ ရက် ၁၅ ရက်လောက် လုပ်ရမယ်ပေါ့လေ။ အဲဒါနဲ့ လာလိုက်တာ။ ဟိုမှာလည်း စက်ရုံတွေက ရေမြှုပ် နေပြီလေ။ မြှုပ်လို့ ပိတ်ထားတော့ အဲဒါနဲ့ ရတဲ့အလုပ် လုပ်မယ်ဆိုပြီးတော့ လာလိုက်တာ။ နှစ်ရက်လောက် နေတော့ ရေတွေတက်လို့ ဟိုကလူလည်း လာကြိုလို့မရဘူး။ ဒီကလူလည်း သွားလို့မရဘူး ဆိုတော့ အဲဒါ ဒီမှာ သောင်တင်နေတာပေါ့။”

နွန်ထဘူရီမြို့နယ် ဘက်မှာလည်း ရေတွေကြီးနေပြီး ဒီအတိုင်း ဆက်ပြီး ရေကြီးနေမယ်ဆိုရင် မြန်မာပြည် ပြန်ဖို့ ပြင်ဆင်နေပေမဲ့ ငွေကြေးအခက်အခဲတွေကြောင့် မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

“အယုဒ္ဓယ ဘက်ခြမ်းကတို့၊ နွန်ထဘူရီ ဘက်ကတို့ ပြန်ကြတယ်လေ။ ရေ ကြောက်လာပြီလေ။ နွန်ထဘူရီဘက်မှာလည်း ရေက တရပ်လောက် မြင့်နေတာလေ။ ကျနော်တို့ အိမ်ခန်းတွေက အိပ်လို့မရတော့ဘူး၊ နေဝင်နေပြီ။ အဲဒီအိမ်ခန်းတွေ ရှေ့ကနေပဲ ကိုယ်ထူကိုယ်ထ မြေကြီးတွေ ဖို့ကြတာပေါ့။ လူအရပ် တရပ်ကျော်လောက်လောက်ကို ရေက တန်းနေပြီ။ ကျနော်လည်း ဘယ်လို စဉ်းစားရမှန်းကို မသိဘူး။ ဒီမှာလည်း ပြန်ဆင်းချင်တဲ့သူတွေ ရှိတယ်။ ပြန်ဆင်းချင်တဲ့သူတွေကို အောက်ကလည်း ပိုက်ဆံတောင်းတယ်ဆိုတော့ အဲဒါတွေကိုလည်း စိတ်ပူနေတာပေါ့။ ပိုက်ဆံမရှိဘဲ ဘယ်လိုသွားမလဲဗျာ။ မြန်မာကလည်း ဖြစ်ပြန်ဆိုတော့ ပုလိပ်က ဖမ်းမယ်လေ။ အခု ဒုက္ခတွေရောက်လို့ မြန်မာပြည်ကို ပြန်ဝင်ကြပြီ ဆိုတဲ့အခါကျတော့ မြဝတီမှာ ကမ်းနဖူးမှာလည်း ပိုက်ဆံ ထပ်ပေးရသေးတယ်ဆိုတော့ တအားကြီး နှိပ်စက်လွန်း အားကြီးတာပေါ့။”

ထမာဆပ် ကယ်ဆယ်ရေးစခန်းမှာတော့ မြန်မာ အလုပ်သမား ၄၀ ကျော်လောက် လာရောက် ခိုလှုံနေကြပါတယ်။ စားသောက်ရေးနဲ့ နေရာထိုင်ခင်း လုံလောက်စွာ ပေးထားပေမဲ့ အဲဒီနေရာကိုလည်း ရေတွေဝင်လာနေပြီ ဖြစ်တဲ့အတွက် ပြောင်းရွှေ့ရမယ့် အခြေအနေမှာ ရှိနေတယ်လို့လည်း ပြောပြကြပါတယ်။

ပထုံဌာနီဘက်မှာတော့ ထိုင်းစစ်တပ်က ကားကြီးတွေနဲ့ လှည့်လည်နေပြီး တခြား ကားတွေကတော့ သွားလာလို့ မရတော့ဘူးလို့ ဆိုပါတယ်။ အယုဒ္ဓယ ဘက်မှာတော့ ရေက မြင့်တက်လာပြီးတဲ့နောက် မြန်မာအလုပ်သမားတွေ အနေနဲ့ မီးလိုင်း၊ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး အဆက်အသွယ်မရ ဖြစ်နေကြပါတယ်။

ကယ်ဆယ်ရေးစခန်းတွေမှာတော့ ထိုင်းလူမျိုးတွေနဲ့ မြန်မာလူမျိုးတွေ အများဆုံး တွေ့ရပြီး တခြား နိုင်ငံခြားသားတွေ နည်းတယ်လို့ ဆိုပါတယ်။ မြန်မာအလုပ်သမားတွေထဲမှာ ပတ်စ်ပို့ ကိုင်ဆောင် ထားသူတွေကလည်း ပတ်စ်ပို့ သက်တမ်းကုန်တာတွေ ဖြစ်နေသလို လူဝင်မှုကြီးကြပ်ရေး ရုံးတွေလည်း ရေတွေဝင်လို့ ပိတ်ထားတာကြောင့် သက်တမ်းတိုးဖို့ ခက်ခဲနေပါတယ်။ ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကို အကူအညီ ပေးနိုင်မူတွေ ရှိမရှိ ဆက်သွယ်တဲ့အခါ ပြန်လည် ဖြေကြားမယ့်သူ မရှိပါဘူး။ မြန်မာ အလုပ်သမားတွေထဲက အလုပ် လုပ်ခွင့်လက်မှတ် ကိုင်ဆောင်ပြီး ထိုင်း-မြန်မာနယ်စပ်ကို ပြန်ဖို့အတွက်လည်း ခက်ခဲနေဆဲ ဖြစ်ပါတယ်။

မြန်မာပြည် ပြန်ဖို့အတွက် နယ်စပ် မြဝတီဂိတ်ကနေ ပွဲစားတွေက ငွေကြေး အတင်းအကျပ် ကောက်ခံနေ တာကြောင့် မြဝတီမြို့က ပွဲစားတွေလက်ထဲကနေ ငွေပေးပြီး မရွေးနိုင်တဲ့အတွက် ရေဘေးဒုက္ခနဲ့ ပြန်လာကြတဲ့ ရာနဲ့ချီရှိတဲ့ မြန်မာတွေဟာ ကိုယ့်နိုင်ငံကိုရောက်မှပဲ ပိုပြီး ဒုက္ခတွေ တွေ့ကြုံနေကြရပါတယ်။

ထိုင်းနိုင်ငံမှာ ရေဘေးဒဏ်ကြောင့် လူ ၃၀၀ ခန့် သေဆုံးမှုဖြစ်ရပြီး ထိုင်းအာဏာပိုင်တွေကတော့ မြို့တော် ဘန်ကောက်ရဲ့ အရေးကြီးတဲ့နေရာတွေမှာ ရေမလွှမ်းမိုးနိုင်အောင် ကြိုတင် ပြင်ဆင်မှုတွေကို အပူတပြင်း လုပ်ဆောင်နေကြပါတယ်။ ထိုင်းနိုင်ငံရဲ့ ရေကြီးမူဟာ နှစ်ပေါင်း ၅၀ အတွင်း အဆိုးဆုံးဖြစ်သလို ထိုင်းနိုင်ငံရဲ့ ခရိုင်အတော်များများမှာ ရေလွှမ်းမိုးမှုဒဏ်ကို ခံနေကြရပါတယ်။

XS
SM
MD
LG