သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂူတွင်းပိတ်မိနေဆဲ ထိုင်းလူငယ်တွေကယ်ထုတ်ရေး အချိန်လုကြိုးပမ်း


မယ်ဆိုင်ဂူထဲ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားများ
မယ်ဆိုင်ဂူထဲ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားများ

ထိုင်းနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း မိုးသည်းထန် လာနိုင်တာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းကျောင်းသား ဘောလုံး အသင်းနဲ့ နည်းပြကို အန္တရာယ်ကင်းစွာနဲ့ ကယ်ထုတ်နိုင်ဖို့ ထိုင်းအာဏာပိုင်းတွေ နည်းလမ်းရှာနေကြပါတယ်။ လောလောဆယ်မှာတော့ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်တချို့ဟာ ကျောင်းသားတွေနဲ့အတူ ဂူထဲမှာ သွားရောက်နေထိုင်ပြီး ကျောင်းသားတွေကို ပြုစုစောင့်ရှောက်နေသလို၊ ရေငုတ်တတ်အောင် လေ့ကျင့်ပေးနေပါတယ်။ နောက်ဆုံး အခြေအနေနဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။

ဇူလိုင်(၆)ရက် သောကြာနေ့နောက်ပိုင်း ထိုင်းနိုင်ငံမှာ တကျော့ပြန် မိုးသည်ထန်လာနိုင်တာကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်ထဲက Tham Luang Nang Non (မယ်ဆိုင်)ဂူထဲ ပိတ်မိနေတဲ့ အသက်(၁၁)ကနေ (၁၆)နှစ်အရွယ် ထိုင်းကျောင်းသား(၁၂)ဦးနဲ့ အသက် (၂၅)နှစ်အရွယ် သူတို့နည်းပြကို ကယ်ထုတ်ရေး နည်းလမ်းတွေ ထိုင်းအာဏာပိုင်တွေ စဉ်းစားနေတယ်လို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေကဆိုပါတယ်။

လှိုဏ်ဂူထဲပြည့်နေတဲ့ရေကိုဖြတ်ပြီး ရေငုတ်တဲ့နည်းနဲ့ ကယ်ထုတ်မလား၊ အခြားလမ်းကြောင်းကနေ လှိုဏ်ဂူကိုဖေါက်ပြီး သူတို့ရှိမယ့်နေရာကို သွားကယ် နိုင်မလားဆိုတဲ့ အစီအစဉ်တွေဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နည်းလမ်းကိုသုံးပြီး ကယ်ထုတ်မလဲဆိုတာကိုတော့ ကယ်ဆယ်ရေးအတွက် အဓိကတာဝန်ယူ ထားတဲ့ ထိုင်းရေတပ်အထူးတပ်ဖွဲ့ (Thai Navy Seal)က မဆုံးဖြတ်ရသေးဘူးကြောင်း ဒီသတင်းတွေကို အနီးကပ်စောင့်ကြည့် ရေးသားဖေါ်ပြနေတဲ့ တာချီလိတ် သတင်းအေဂျင်စီ စီမံခန့်ခွဲမှုအယ်ဒီတာ မချယ်ရီထိုက်က VOA ကိုပြောပါတယ်။

“ထိုင်းဘုရင်ကလည်း ဒီကလေးတွေကို မြန်နိုင်သမျှ မြန်မြန် ကယ်ထုတ်လာပါလို့ တိုက်တွန်းလိုက်တာ ရှိတယ်။ အဲ့ဒီမှာ ရေငုတ်အဖွဲ့တွေရော ၊ လိုအပ်တဲ့ ပစ္စည်းကရိယာတွေ ထပ်ဖြည့်တာတွေ လုပ်ထားတယ်ပေါ့နော်။ နောက်တခါ ဂူထဲက ဒီရေတွေ စုပ်ထုတ်တာကိုလည်း နည်းမျိုးစုံနဲ့ ဆက်တိုးပြီး သူတို့လုပ်ကြတယ်။ အဲဒီတော့ ချင်းရိုင်းခရိုင် အုပ်ချုပ်ရေးမှူး သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာကတော့ မိုးလည်းရွာလာနိုင်တဲ့အနေအထားမှာ ရှိတယ်ပေါ့၊ အဲဒီတော့ မိုးမရွာခင်ကြားထဲမှာတော့ သူတို့တွေ ဒီကလေးတွေကို ခေါ်ထုတ်လာဖို့ ကြိုးစားမယ်။ ဒါပေမဲ့ ဒီကလေးတွေ အန္တရာယ်ရှိနိုင်မယ့် စွန့်စားမှုမျိုးကိုတော့ သူတို့ မလုပ်ဘူးပေါ့ ”

ထိုင်းဘာသာနဲ့ တောဝက်- Wild Boar ဘောလုံးအသင်းလို့ နာမည်ပေးထားတဲ့ ထိုင်းကျောင်းသားငယ် ဘောလုံးအသင်းဟာ ဇွန်လ(၂၃)ရက်နေ့ကစလို့ ပျောက်ဆုံးသွားရာက ဂူဝင်ပေါက်ကနေ (၁)မိုင်ကျော်အကွာမှာ ပိတ်မိနေတာကို ထိုင်းရေတပ် အထူးတပ်ဖွဲ့နဲ့ ဗြိတိသျှရေငုတ်သမားတို့က ဇူလိုင် (၂)ရက်နေ့မှာ ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်(၃)ရက်နေ့မှာ Thai Navy Seal ကထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာတော့ ထိုင်းလူငယ်ဘောလုံးသမားတွေ ကျန်းမာစွာ ရှိနေတာကို တွေ့ရပါတယ်။ သူတို့တွေဟာ အာကာသထဲသုံးပြီး ကိုယ်အပူချိန်ကို ထိန်းထားနိုင်တဲ့ အလူမီခြုံစောင်တွေ ပတ်ထားကြပါတယ်။ ခြေထောက်မှာ ပွန်းရှဒဏ်ရာရထားတဲ့ ကလေးငယ်တချို့ကိုတော့ ဆေးထည့်ပေးနေတာ တွေ့ရပါတယ်။ ဒီကျောင်းသားငယ်တွေနဲ့ မိသားစုတို့ အဆက်သွယ် လုပ်နိုင်ဖို့ ဂူထဲမှာ ဖုန်းလိုင်း(၂)လိုင်း ဖွင့်ထားပေးပြီး၊ အစားအသောက်တွေ အလုံအလောက် ဖြည့်ဆည်းပေးထာပါတယ်။ ပိတ်မိနေတဲ့ ထိုင်းကျောင်းသားလေးတွေထဲက တယောက်ကတော့ သူတို့ကိုကယ်ထုတ်နိုင်ရေး ကြိုးပမ်းနေသူတွေနဲ့ စောင့်ကြည့်နေသူတွေကို ကျေးဇူတင်ကြောင်း ပြောသွားပါတယ်။

အခုလို ထိုင်းကလေးငယ်တွေ ၁၀ ရက်ကြော်ကြာ အသက်ရှင်နေနိုင်တာနဲ့ပတ်သက်လို့ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူးရဲ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုချက်တွေကို အယ်ဒီတာ မချယ်ရီထိုက်က ရှင်းပြပါတယ်။

“ ကလေးတွေက ဒီထဲကို ဝင်သွားချိန်မှာ မုန့်နည်းနည်းပါးပါး ဝယ်သွားကြတယ် .. ဆိုတော့ အဲဒါတွေကို စားတယ်။ အဲဒါတွေကုန်သွားတဲ့ အချိန်ကျတော့ သူတို့ ရှာဖွေလို့ရသမျှ အကောင်လေးတွေကို ဖမ်းပြီးတော့ စားတယ်ပေါ့။ အဲဒီတော့ ဆရာဝန်တွေ ခန့်မှန်းတာကတော့ ဒီကလေးတွေ အသက်ရှင်တာ အဓိကတော့ ဒီကျောက်ဂူပေါ်က ကျတဲ့ရေကိုသောက်လို့ သူတို့တွေ ဒီလောက်ထိတောင် ရှင်သန်နိုင်တာပေါ့ ”

မယ်ဆိုင်ဂူထဲ ပိတ်မိနေတဲ့ ကလေးတွေထဲကတချို့ဟာ သူတို့မိဘတွေက မြန်မာနိုင်ငံကဖြစ်ပြီး ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းအခြေချ နေထိုင်ရင်း ကလေးတွေ ထိုင်းနိုင်ငံမှာ ကြီးပြင်းလာသူတွေဖြစ်ပါတယ်။ ဒီကယ်ဆယ်ရေးသတင်းကို Facebook လူမှုကွန်ယက်ကနေ နေ့စဉ်ထုတ်လွှင့်နေတဲ့ ကိုစည်သူမောင်က ဂူထဲပိတ်မိနေတဲ့ အဒွန်းဆိုသူ ကျောင်းသားလေးရဲ့ မိဘနဲ့ မြန်မာလို ပြောဆိုခွင့်ရခဲ့ပါတယ်။

“ ကိုစည်သူမောင် - “ အထဲမှာရှိတဲ့ သားနဲ့ ဦးနဲ့ စကားပြောဖြစ်လား ”
အဒွန်းဖခင် - “ ကျနော်ပြောချင်တယ်.. သူ့ရဲ့တောင် လက်မခံတော့ စကားမပြောတတ်ဘူး၊ နည်းနည်းပါးပါးပဲနဲ့ ပြောဆိုရမှာ .. မပြောနဲ့ - ကြုံမှပြောမယ်။”
ကိုစည်သူမောင် - အဒွန်းရဲ့အဖေဖြစ်ပါတယ်။ ဗမာလို သိပ် လယ်လယ်ဝယ်ဝယ် မပြောတတ်ပါဘူး ”

အဒွန်းရဲ့ မိဘတွေဟာ အရင်တုန်းက ရှမ်းပြည်နယ် ဝဒေသကဖြစ်တယ်လို့ သိရပါတယ်။ ကလေးတွေကို ကယ်ဆယ်ဖို့ ဂူအတွင်းကရေတွေ စုပ်ထုတ်ရ တာကြောင့် ဇူလိုင်လ(၃)ရက်နေ့အထိစာရင်းအရ မယ်ဆိုင်ခရိုင်အတွင်း လယ်ဧကပေါင်း (၆၃၀)ကျော် ရေနစ်မြုပ်သွားပြီး အဲဒီအတွက်ကို အစိုးရက လျော်ကြေးပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

XS
SM
MD
LG