တကမ္ဘာလုံးက စိတ်ပူနေကြတဲ့ ဖြစ်ရပ်တခုအတွက်တော့ ထူးခြားဝမ်းသာစရာ သတင်း တခုကတော့ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ် လှိုင်ဂူအတွင်းမှာဇွန်လ ၂၃၇က်နေ့ကတည်းက၁၀ရက်ကြာပျောက်ဆုံးနေတဲ့ ထိုင်းဘောလုံးအသင်းက နည်းပြဆရာလေးနဲ့ ကလေး၁၂ယောက် ပေါင်း ၁၃ယောက်ကို ဂူထဲက ပတ္တရာကမ်းခြေရဲ့ မီတာ ၄၀၀ခန့် အကွာမှာပြန်တွေ့ ပြီးဆိုပြီး မဲဆိုင်ခရိုင်ဝန်က ဇူလိုင် ၂ရက် တနင်္လာနေ့ ည ကအတည်ပြုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ သူတို့ဘေးကင်းရာခိုအောင်းနေတဲ့ ဂူကနေ ကယ်ထုတ်နိုင်ဖို့လဲ ထိုင်း ရေတပ် နဲ့ နိုင်ငံတကာကယ်ဆယ်ရေး သမားတွေက ကြိုးပမ်းနေ ကြပြီး ၊ လိုအပ်တဲ့အကူအညီတွေအရောက်ပေးဖို့နိုင်ဖို့ပြင်ဆင်နေကြပါတယ်။ အကြောင်းစုံကို ထိုင်းအခြေစိုက်သတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကျောက်လိုဏ်ဂူအတွင်းမှာ ပျောက်ဆုံးနေသူတွေကို ထိုင်းတနိုင်ငံလုံးက ကယ်ဆယ်ရေးတွေ ရေတပ်တွေ၊ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အပြင်းအထန် ရှာဖွေပြီးတဲ့နောက် အားလုံး ကို အသက်ရှင်လျက် ပြန်တွေ့လိုက်တာ ဖြစ်တဲ့အကြောင်း ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး နလုံဆပ်ကအတည်ပြု ပြောလိုက်ချိန်မှာတော့ နားထောင်နေသူတွေအားလုံး ပျော်ရွင်သွားကြ ပါတယ်။
“အားလုံး စိတ်ချလုံခြုံစွာ ကျန်းကျန်းမာမာရှိနေပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေက ဆက်လုပ်ရအုန်းမှာပါပဲ။ ကျနော်တို့ ကလေးတွေကိုတွေ့အောင် ရေကို စုတ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ တခြားကုသမူတွေလုပ်ဖို့ ဆရာဝန်တွေ ဆေးအဖွဲ့ တွေကိုလွှတ်ဖို့ လုပ်နေပါတယ်။”
အဲဒီကလေးတွေကို တွေ့တဲ့နေရာကတော့ ကျောက်ဂူထဲမှာရှိတဲ့ ပတ္တယားကမ်းခြေလို့ တင်စား ထားတဲ့နေရာနဲ့ မီတာ ၄၀၀ အကွာ လိုဏ်ခေါင်းတခုမှာ တွေ့တာလို့ ပြောပါတယ်။ သူတို့တွေ ဟာ ၁၀ ရက်ကြာ အစာရေစာပြတ်နေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မူပေးဖို့ ဆရာဝန် တွေ၊ ဆေးဝန်ထမ်းတွေလွတ်ပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ ဆက်လုပ်နေကြပါတယ်။ ဂူလမ်းတလျှောက်မှာလည်း အောက်စီဂျင်ဘူးတွေကို ချိတ်ဆွဲထားပါတယ်။
လိုဏ်ဂူထဲကကလေးတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ စတွေ့ချိန်မှာ ကယ်ဆယ်ရေးအဖွဲ့မှာ ပါသွားတဲ့ နိုင်ငံခြားသားတဦးက ဘယ်နှစ်ယောက်လဲလို့ ကလေးတွေကို အင်္ဂလိပ်လို မေးပါ တယ်။ အဲဒီအခါ နားလည်တဲ့ ကလေးတွေက ၁၃ ယောက်လို့ ပြန်ဖြေပါတယ်။ သူတို့အားလုံး ငိုနေကြတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီနေ့ ဘယ်နှစ်ရက်ရောက်ပြီလဲလို့ ကလေးတယောက်က မေးတာကို ဗွီဒီယိုထဲမှာ ကြားရပါ တယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင် နိုင်ငံခြားသားတွေက... ငါတို့တွေ ရောက်လာပြီ၊ အများကြီး လာကြပြီ၊ ၁၀ ရက်တောင်ကြာပြီ မင်းတို့ အရမ်း စိတ်ဓာတ်ခိုင်မာတဲ့ ကလေးတွေပဲဆိုပြီး ချီးကျူး အားပေး စကားပြောတာကို ကလေးတွေကို ပထမဆုံးစတွေ့တဲ့ ထိုင်းရေတပ်အဖွဲ့က ရိုက်ယူထားပြီး ဖေ့စ်ဘုတ်ပေါ်မှာပြန့်နေတဲ့ ဗွီဒီယိုထဲမှာ တွေ့ကြရပါတယ်။
ကလေးတွေဟာ အသက် ၁၁ နှစ်ကနေ ၁၇ နှစ်အရွယ်တွေဖြစ်ကြပြီး ဘောလုံးနည်းပြကတော့ အသက် ၂၅ နှစ် အရွယ် လူငယ်တဦးဖြစ်ပါတယ်။ သူတို့ဟာ ဂူကနေပြန်အထွက်မှာ တောင်ကျ ရေတွေဝင်လာတဲ့အတွက် ပြန်ထွက်ဖို့ ခက်သွားတာပါ။
ထိုင်းတာဝန်ရှိသူတွေက တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ရော နိုင်ငံတကာကိုပါ အကူအညီ တောင်းပြီး နည်းပေါင်းစုံနဲ့ ကယ်ဆယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ရေကြီးတာနဲ့ တခြားအတားအဆီးတွေ ကြောင့် ၁၀ ရက်ထိ ကြာသွားတာပဲဖြစ်ပါတယ်။