သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာချေးငွေနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း ဖမ်းဝရမ်းထုတ်ခံရ


ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra

ပြည်ပမှာတိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို အစိုးရအကြီးအကဲအဖြစ် တာဝန်ယူထားစဉ် မြန်မာနိုင်ငံကို ငွေချေးခဲ့တဲ့အမှုနဲ့ ဆက်နွယ်ပြီး ဒီကနေ့ပဲ ထိုင်းတရားရုံးချုပ်က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

သူ့အစိုးရလက်ထက်မှာ ထိုင်းနိုင်ငံပိုင် သွင်းကုန်ထုတ်ကုန်ဘဏ်က ဘတ်ငွေ ၄ ဘီလီယံ မြန်မာနိုင်ငံကို ထုတ်ချေးခဲ့တဲ့ ကိစ္စနဲ့ ဆက်နွယ်ပြီး၊ တရားရုံးရဲ့ ဆင့်ခေါ်ချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တရားရုံးချုပ်ရဲ့ နိုင်ငံရေးတာဝန် ထမ်းဆောင်သူတွေအတွက် သီးသန့်ဖွဲ့ထားတဲ့ ရာဇဝတ်ပြစ်မှုဆိုင်ရာဌာနခွဲက ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း ထိုင်းနိုင်ငံထုတ် Bangkok Post သတင်းစာက ဖော်ပြခဲ့တာပါ။

တရားရုံးချုပ်ရဲ့ လုပ်ထုံးလုပ်နည်းသစ်တွေအရ ဝန်ကြီးချုပ်ဟောင်းကို မျက်ကွယ်မှာ တရားစီရင်မယ့် တရားရုံး လုပ်ငန်းတွေကိုတော့ ၃ လပြည့်မှာ စတင်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၄ ခုနှစ်တုန်းက အစိုးရအကြီးအကဲ တာဝန်ယူထားစဉ်မှာ မြန်မာအစိုးရက ဂြိုဟ်တုဆက်သွယ်ရေးစနစ် တည်ဆောက်နိုင်အောင် နိုင်ငံပိုင် Exim ဘဏ်ကနေ ဘတ်ငွေ ၄ ဘီလီယံ ထုတ်ချေးဖို့ ဝန်ကြီးချုပ်ဟောင်း Thaksin က ဆုံးဖြတ်ခဲ့တာပါ။

အတိုးနည်းနည်းနဲ့ ငွေချေးခဲ့တဲ့အတွက် ထိုင်းနိုင်ငံက ဘတ်ငွေသန်းပေါင်း ၆၇၀ နစ်နာခဲ့ရသလို၊ မြန်မာနိုင်ငံက ဂြိုဟ်တုဆက်သွယ်ရေးစနစ် တည်ဆောက်ရာမှာလည်း ဝန်ကြီးချုပ်ဟောင်း Thaksin မိသားစုပိုင် လုပ်ငန်းက ဝန်ဆောင်မှုတွေနဲ့ ပစ္စည်းတွေကို ဝယ်ယူအသုံးပြုခဲ့တဲ့ အတွက် ကိုယ်ကျိုးစီးပွား ပဋိပက္ခတွေလည်း ရှိခဲ့ပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင်က ၂၀၀၈ ခုနှစ်မှာ စတင်အမှုဖွင့်ခဲ့ပေမဲ့၊ ဝန်ကြီးချုပ်ဟောင်း နိုင်ငံတွင်းမှာ မရှိတာကြောင့် အထမမြောက်ဘဲ ဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့လည်း ရာဇဝတ်ကြောင်းဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ပြီး၊ ပြီးခဲ့တဲ့နှစ်ထဲ စတင်အသက်ဝင်ခဲ့ရာက ဝန်ကြီးချုပ်ဟောင်းအပေါ် စွဲဆိုထားတဲ့အမှုတွေနဲ့ အရေးယူနိုင်ဖို့ တကျော့န် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အခုနောက်ဆုံးအမှုနဲ့ ပတ်သက်လို့ စတင်ကြားနာစစ်ဆေးဖို့ တရားရုံးက အောက်တိုဘာ ၃၁ ရက်နေ့မှာ ရုံးချိန်းပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG