သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းငါးဖမ်းလုပ်ငန်းနှင့် လူကုန်ကူးလုပ်အား အသုံးပြုမှု


ငါးဖမ်းပိုက်ကွန်ကို သန့်ရှင်းရေးလုပ်ငန်းနေတဲ့ မြန်မာအလုပ်သမားများ
ငါးဖမ်းပိုက်ကွန်ကို သန့်ရှင်းရေးလုပ်ငန်းနေတဲ့ မြန်မာအလုပ်သမားများ
ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယ အများဆုံး ပင်လယ်စာ တင်ပို့တဲ့ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ သန်းပေါင်း ၇ ထောင်ကျော်ဖိုး တင်ပို့ ရောင်းချနေပါတယ်။ ဒါပေမဲ့လည်း ငါးနဲ့ ပင်လယ်စာ လုပ်ငန်းတွေမှာ လူကုန်ကူးမှုတွေနဲ့ အလုပ်သမားတွေကို ကျေးကျွန်သဖွယ် ခိုင်းစေမှုတွေ ရှိနေတယ်ဆိုပြီး မကြာသေးခင်ကထုတ်တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံရဲ့ ပုဇွန်နဲ့ Tuna ငါး တင်ပို့တဲ့အဖွဲ့ကတော့ ဒီဖော်ပြချက်တွေဟာ မတရားသဖြင့် စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ တုံ့ပြန်ပြီး အလုပ်သမား သိန်းနဲ့ချီရှိတဲ့ သူတို့လုပ်ငန်းတွေ ထိခိုက်နေရတယ်လို့ ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Steve Herman ဘန်ကောက်ကနေ သတင်းပေးပို့ထားတာကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းဟာ ရွှေ့ပြောင်းအလုပ်သမားတွေကို အဓိက အားထားရတဲ့ လုပ်ငန်းတခုဖြစ်ပါတယ်။ ဒီလုပ်ငန်းမှာ အလုပ်သမားတွေကို ကျေးကျွန်တွေသဖွယ် ခိုင်းစေနေတယ်ဆိုတဲ့ အထောက်အထားတွေကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အနောက်တိုင်း သတင်းမီဒီယာတွေက ဖော်ထုတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံသား မင်းမင်းချမ်းဟာ အသက် ၁၇ နှစ်အရွယ် လွန်ခဲ့တဲ့ ၈ နှစ်က ငါးဖမ်းလှေတခုမှာ ထိုင်းဘတ်ငွေ ၆၀၀ တောင် မပြည့်တဲ့ငွေနဲ့ လူကုန်ကူးသူတွေ လိမ်ညာရောင်းစားတာကို ခံခဲ့ရတယ်လို့ ပြောပါတယ်။ အိပ်ချိန်သိပ်မရဘဲ နှစ်နဲ့ချီ နေ့ရောညပါ အလုပ်လုပ်ခဲ့ရပြီး ဖျားနာချိန်မှာတောင် နားခွင့်မရခဲ့ပါဘူး။

“ဒီလိုနှိပ်စက်ခံရမယ့်အတူတူ ရေထဲခုန်ချပြီး သေဖို့ ကျနော် ကြံစည်ခဲ့ပါတယ်။ သူငယ်ချင်းတွေက ဝိုင်းဆွဲပြီး အသက်ကယ်ခဲ့လို့ အခုလို အသက်ရှင်ခဲ့တာ”

မင်းမင်းချမ်းဟာ အင်ဒိုနီးရှားနိုင်ငံ Ambon ကျွန်းမှာ ထွက်ပြေးပုန်းအောင်းနေခဲ့ရပြီး၊ ဒီနှစ်ကျတော့မှ နိုင်ငံတကာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ IOM ရဲ့ အကူအညီနဲ့ နေရပ်ပြန်နိုင်ခဲ့ပါတယ်။ ဒီလို ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်တွေကြောင့်ပဲ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှု အဆိုးဆုံးဖြစ်နေတဲ့ နိုင်ငံစာရင်းမှာ ထည့်သွင်းခံခဲ့ရပါတယ်။

ထိုင်းနိုင်ငံက ပင်လယ်စာထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမား ၁၇ ရာခိုင်နှုန်းနဲ့ ၅၇ ရခိုင်နှုန်းအကြားဟာ သူတို့ ဆန္ဒမပါဘဲ အတင်းအကျပ် အခိုင်းခံနေရတယ်ဆိုတဲ့ စစ်တမ်းတွေကို မကြာခင်ကပဲ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။

ဒါပေမဲ့ ထိုင်း Tuna ငါး လုပ်ငန်းရှင်များအသင်းကတော့ ဒီအစီရင်ခံစာပါ အချက်တွေကို ငြင်းဆိုပြီး အချက်အလက်တွေ မှားနေတယ်လို့ ဝေဖန်ပါတယ်။

အလုပ်သမားတွေကို ကျင့်ဝတ်နဲ့အညီ တရားမျှမျှတတ ခိုင်းတယ်ဆိုတာကို အပြင်ကနေ လာပြီး စစ်ဆေးနိုင်ပါတယ်လို့ ထိုင်း ငါးလုပ်ငန်းရှင်များအဖွဲ့ အကြီးအကဲ Panisuan Jamnarnwej က ပြောဆိုတာပါ။ ထိုင်းနိုင်ငံရဲ့ ပုဇွန်နဲ့ ငါးလုပ်ငန်းတွေမှာ အလုပ်သမားတွေကို ခေါင်းပုံဖြတ်တာ မရှိဘူးလို့လည်း သူက ငြင်းဆိုပါတယ်။

“စားသုံးသူတွေရဲ့ အမြင်ရှင်းအောင် ကျနော်တို့ အမှန်အတိုင်း ရှင်းပြ၊ သက်သေပြဖို့ လိုပါတယ်။ ကျနော်တို့ဘက်က ညာရင်၊ အနှေးနဲ့ အမြန် သူတို့က မတရားလုပ်တာကို သိသွားမယ်။ အခုအချိန်မှာ ရင်ဆိုင်နေရတာတွေထက် ပိုပြီး ဆိုးတာတွေ ကြုံရနိုင်ပါတယ်။”

အလုပ်သမားတွေကို ကျေးကျွန်သဖွယ် ခိုင်းစေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဂယက်ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ နိုင်ငံတကာမှာ ပင်လယ်စာလက်လီရောင်းတဲ့ လုပ်ငန်းကြီးတချို့က ထိုင်းနိုင်ငံဆီက ဝယ်ယူမှုတွေကို ဖြတ်တောက်ခဲ့ပါတယ်။ အခုလို နိုင်ငံခြားက ဝယ်ယူသူတွေက သူတို့ကို ပင်လယ်စာဖြန့်ဖြူးနေတဲ့ လုပ်ငန်းတွေမှာ အဓမ္မအလုပ်ခိုင်းခံရတာတွေ မရှိဘူးဆိုတာ သေချာအောင် အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ စီစဉ်နေကြပါတယ်။
XS
SM
MD
LG