သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရောက် နိုင်ငံခြားသား အလုပ်သမား မှတ်ပုံတင်ရက်ကုန်ဆုံး


ရနောင်းမြို့နားက ထိုင်းမြန်မာ နယ်စပ်ကို ဖြတ်ကျော်လာကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအုပ်စုကို တွေ့ရစဉ်။ (ဇူလိုင် ၃၊ ၂၀၁၇)
ရနောင်းမြို့နားက ထိုင်းမြန်မာ နယ်စပ်ကို ဖြတ်ကျော်လာကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားအုပ်စုကို တွေ့ရစဉ်။ (ဇူလိုင် ၃၊ ၂၀၁၇)

ဇွန်လ ၃၀ ရက်ဟာ ထိုင်းနိုင်ငံတွင်း နိုင်ငံခြားအလုပ်သမားတွေ မှတ်ပုံတင် နောက်ဆုံး ရက် ဖြစ်ပါတယ်။ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို စတဲ့နိုင်ငံခြားသား ရွှေ့ပြောင်း အလုပ် သမားတွေ မှတ်ပုံတင်ဖို့ စာရင်းသွင်းထားတဲ့အထဲက လူပေါင်း ၁၄,၀၀၀ ကျော်ကျန် နေပါသေးတယ်။ ဒီထဲမှာ မြန်မာ အလုပ်သမား က ၂,၀၀၀ ကျော်ပါရှိနေကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး အထောက်အထားလက်မှတ်တွေ အပြီးအစီးဆောင်ရွက်ဖို့ ထိုင်းအစိုးရရဲ့ သတ်မှတ်ပေးထားတာဖြစ်လို့ ဒီညနေမှာပဲ ဒီ သတ်မှတ်သက်တမ်းကာလ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက် မနက်ခင်း အထိ ကောက်ခံထားတဲ့စာရင်းအရ အထောက်အထားလက်မှတ်လုပ်ဖို့ ကျန်နေသေးတဲ့ မြန်မာ ၂,၀၀၀ ကျော် ရှိနေသေးကြောင်း ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

"သတ်မှတ်တဲ့အချိန် အတောအတွင်းမှာ အထောက်အထားလက်မှတ် မပြီးသေးသူက ၁ သောင်း၊ ၄ ထောင် ကျော်ရှိတယ်။ စာရင်းထွက်လာတာပေါ့။ ဒီနေ့ညနေအထိတော့ ဘယ်လောက်ပြီးမလဲ မသိဘူး။ မပြီးရင်တော့ ပြန်ပို့ခံရမယ်ပေါ့။ တရားမဝင်ဖြစ် သွားပြီ ဆိုပြီး မြန်မာကတော့ ၂,၀၀၀ ကျော် ပါတယ်။ ဒီနေ့ မိုးချုပ်တဲ့အထိတော့ သူတို့ လုပ်ပေးမယ်ထင်တယ်။"

အဖမ်းအဆီးတွေကို ဇူလိုင်လ ၁ ရက်နေ့က စတင်တော့မှာဖြစ်ကြောင်း ထိုင်းအစိုးရက ဇွန်လ ၉ ရက်နေ့ကတည်းက ထုတ်ပြန်ထားပါတယ်။ ဇွန်လထဲမှာပဲ ခရိုင်၊ ပြည်နယ် နဲ့ မြို့နယ်အသီးသီးက ရပ်ကွက်တွေထဲမှာရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတွေအနေနဲ့ စာရင်းပေးသွင်းကြဖို့ နှိုးဆော်ထားခဲ့ပါတယ်။ မကြာခင် လူဝင်မှု ကြီးကြပ်ရေးဌာနက ဦးစီးပြီး လိုက်လံ စစ်ဆေးမယ့်အကြောင်းလည်း အသိပေးထားပါတယ်။ တချို့ နေရာတွေ မှာတော့ အိမ်တအိမ်မှာ လူ ဘယ်နှစ်ယောက် နေသလဲ ဆိုတာနဲ့ မိသားစုလိုက် ဓာတ်ပုံ မှတ်တမ်းတွေကိုပါ ရယူရပါတယ်။ မြန်မာနိုင်ငံသား သိန်းနဲ့ချီရှိတဲ့ မဲဆောက်မြို့မှာတော့ မူဆလင်အများစု နေထိုင်ရာ ရပ်ကွက်တွေ၊ တန်းလျားနေရာတွေကို အဓိကထား စစ်ဆေးနေတာကိုလည်း တွေ့ရပါတယ်။

အခုဆိုရင် အလုပ်သမားတွေကို အထောက်အထားတွေသာမက သတ်မှတ်နေရာမှာ မဟုတ်ဘဲ တခြားနေရာတွေမှာ ဧည့်စာရင်းမတိုင်ဘဲ နေထိုင်ကြရင် အရေးယူခံရမယ့် အခြေအနေရှိတယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

"ဧည့်စာရင်းကိစ္စကပါလာပြီ။ ကိုယ်နေတဲ့နေရာတွေကို အသိပေးထားရမယ်၊ မပေးထား ဘူး ဆိုရင်တော့ လဝက လာစစ်ရင် ပြဿနာဖြစ်ပြီ။"

ထိုင်းနိုင်ငံမှာတော့ တရားဝင်ရော တရားမဝင်ပါ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက် မနည်း ရှိနေပြီး အထောက်အထားလက်မှတ်ရှိသူက ၁ သန်းကျော်ပဲ ရှိပါတယ်။ နောက် ထပ်လည်း နေ့စဉ်နဲ့အမျှ နယ်စပ်ဖြတ်ကျော်ဝင်လာနေသူ ထောင်ဂဏန်းကျော် ရှိနေဆဲ ဖြစ်ပြီး လဝက စာရင်းတွေအရ နေ့စဉ် ရာဂဏန်းလောက်သာ ပြန်သွားကြတယ်လို့ ဆိုပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG