သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်ဆိပ်ကမ်း ထိုင်းနှင့်အီတလီ ပူးတွဲဆောက်မည်


Lekhwaiya's Dame Traore (R) fights for the ball with Al-Sadd's Younes Mahmoud during their final Crown Prince Cup soccer match in Doha May 4, 2013.
Lekhwaiya's Dame Traore (R) fights for the ball with Al-Sadd's Younes Mahmoud during their final Crown Prince Cup soccer match in Doha May 4, 2013.

မြန်မာနိုင်ငံ တနင်္သာရီတိုင်းအတွင်းက ထားဝယ်ဆိပ်ကမ်း စီမံကိန်းကို ထိုင်းနဲ့အီတလီ ပူးတွဲကုမ္ပဏီက စပြီး အကောင်အထည်ဖော်နိုင်ဖို့ မကြာခင်မှာပဲ စစ်အစိုးရနဲ့ စာချွန်လွှာ လက်မှတ်ရေးထိုးဖြစ်မယ်လို့ ထိုင်းအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီဘက်က ပြောပါတယ်။ ဒီ ထိုင်းဆောက်လုပ်ရေး ကုမ္ပဏီဟာ အရင်တုန်းကတော့ တိုယိုတာ ကုမ္ပဏီနဲ့ ဖက်ဆက်လုပ်ကိုင်နေတာဖြစ်ပြီး တိုယိုတာက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာတွေ ဆက်မလုပ်တော့ဘဲ နုတ်ထွက်သွားတာကြောင့် အခုလို အီတလီကုမ္ပဏီနဲ့ ပူးတွဲလုပ်ဆောင်ဖို့ အမြန် လက်ဝါးရိုက်ပြီး လုပ်လိုက်တာ ဖြစ်နိုင်တယ်လို့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက ပြောပါတယ်။ အပြည့်စုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ထားဝယ်ဆိပ်ကမ်းကို တည်ဆောက်ဖို့ လွန်ခဲ့တဲ့နှစ်အနည်းငယ် အတော်ကြာကတည်းက စီစဉ်နေခဲ့ကြတာမှာ အခြေအနေ အကြောင်းကြောင်းကြောင့် သဘောတူညီချက် လက်မှတ်မထိုးနိုင်ဘဲ ဖြစ်နေကြတာပါ။ ထိုင်းအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီရဲ့ အဆင့်မြင့် ညွှန်ကြားရေးမှူး လီကျာပုန်း ချာရာနာချိတား အောက်တိုဘာလ ၇ ရက်နေ့က ပြောကြားခဲ့တဲ့ အဆိုအရကတော့ လာမယ့် နိုဝင်ဘာလကုန်လောက်မှာ စစ်အစိုးရနဲ့ သဘောတူညီချက် စာချွန်လွှာကို လက်မှတ်ထိုးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ အရင် ဂျပန်နိုင်ငံက တိုယိုတာကုမ္ပဏီနဲ့ တိုယိုထိုင်း ဆိုတဲ့နံမည်နဲ့ ဖက်ဆက်လုပ်ကိုင်ဖို့ စီစဉ်ထားတဲ့ ဒီထိုင်းကုမ္ပဏီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့တုန်းက တိုယိုတာ ကုမ္ပဏီက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်မလုပ်တော့ဘဲ အစုရှယ်ယာတွေကို ရောင်းလိုက်ပြီးတဲ့နောက်မှာ အခုလို အီတလီ ကုမ္ပဏီနဲ့ ပူးပေါင်းပြီး အီတာလီယံထိုင်း ဆိုတဲ့နံမည်နဲ့ ချက်ချင်းနံမည်ပြောင်း လုပ်ဆောင်ဖို့ စီစဉ်လိုက်တာဖြစ်တယ်လို့ Shwe Gas Campaign အဖွဲ့က ပြန်ကြားရေး တာဝန်ခံ ကိုဆာလောင်းက ဗွီအိုအေကို ပြောပါတယ်။

“တဖက်မှာတော့ ကျနော်တို့ရဲ့ အမြင်အရဆိုရင်တော့ ထိုင်းကတော့ မြန်မာနိုင်ငံထဲမှာ စီးပွားရေးတွေဘာတွေ လုပ်တာက သိပ်ပြီး အခြေအနေ မဟန်တော့ အီတလီကို လွှဲတဲ့သဘောပေါ့။ အဲဒီထိုင်းကုမ္ပဏီထဲမှာဆိုရင် ဘယ်သူက ပတ်သက်သလဲဆိုတော့ ဂျပန်တွေလည်း ပတ်သက်နေတယ်။ အဲဒီဂျပန်တွေလည်း ပတ်သက်နေတော့ အောက်တိုဘာလ ၅ ရက်နေ့တုန်းက လက်နက်တွေ တိုယိုတာကုမ္ပဏီကနေ ရောင်းတယ်ဆိုပြီးတော့ အဲဒါမျိုး သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက်ပိုင်းမှာ ချက်ချင်း ဒီဟာက ထွက်လာတဲ့သဘောပဲ။ ဒါ အီတလီကုမ္ပဏီကို လုပ်ခိုင်းတဲ့သဘောလို့ပဲ ကျနော် မြင်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကရတဲ့ ပိုက်ဆံတွေကနေ လက်နက်ဝယ်တယ်။ လက်နက်ဝယ်ပြီးတော့ ပြည်သူလူထုအတွက် အကျိုးမရှိဘူး။ ဒါကြောင့် ဂျပန်ကုမ္ပဏီတွေလည်း ထွက်သွားတာ။ အဲဒီတော့ မနေ့တနေ့က တိုယိုတာ ကုမ္ပဏီက ဒီလို pull out လုပ်လိုက်တဲ့အခါကျတော့ အီတလီကုမ္ပဏီတွေက ချက်ချင်းပဲ အီတလီယံထိုင်း လို့ နံမည်ခံပြီးတော့ လုပ်ပစ်လိုက်တာ။”

ထားဝယ်ဆိပ်ကမ်းကို အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ အကုန်အကျခံပြီး ရထားလမ်း၊ ကားလမ်း၊ စက်မှုဇုံနယ်မြေ၊ ရေနံသန့်စင်ရေးစက်၊ သံမဏိစက်ရုံ စတာတွေပါဝင်တဲ့ ဘက်ပေါင်းစုံ စီမံကိန်းအဖြစ် တည်ဆောက်ကြမှာဖြစ်ပါတယ်။ ဒီ စီမံချက်ကို ထိုင်းနိုင်ငံက ဦးစီးဦးဆောင်မှာဖြစ်ပေမဲ့ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ရေကြောင်းသွားလာရေး လွယ်ကူတဲ့ လမ်းကြောင်းပေါ်မှာ တည်ဆောက်မှာဖြစ်တဲ့အတွက် နောက်ကွယ်မှာ အိန္ဒိယနိုင်ငံလည်း ပါကောင်း ပါနိုင်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုလို ကြီးမားတဲ့ စီမံကိန်းတခုကို အကောင်အထည်ဖော်မယ် ဆိုရင်တော့ ဒေသခံပြည်သူလူထု တော်တော်များများ အိုးအိမ်စွန့်ခွာ ပေးကြရယုံတင်မကဘဲ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေပါ ဆုံးရှုံးရဖို့ သေချာတယ်လို့ ကိုဆာလောင်းက ဆက်ပြောပြပါတယ်။

“ဆိပ်ကမ်းဆောက်မယ်ဆိုရင် ဆိပ်ကမ်းအနီးအနားက အနည်းဆုံးတော့ ရွာတွေ ရပ်ကွက်တွေ အိမ်တွေ ရှိသမျှ ဆိပ်ကမ်းတဝိုက်မှာ ရှိတဲ့ဟာတွေကတော့ အကုန်လုံး ဖယ်ပေးရမှာ။ အဲဒီဆိပ်ကမ်း ဆောက်တဲ့အချိန်မှာ ဒေသခံတွေရဲ့ ငါးဖမ်းလုပ်ငန်းတို့ ကျန်တဲ့ အသက်မွေးဝမ်းကြောင်းတွေ တော်တော်များများ ဆုံးတော့ ဆုံးရှုံးမှာပဲ။ ဆုံးရှုံးလည်း ဆုံးရှုံးပြီးပြီ။ ပထမ ရတနာ ပိုက်လိုင်းနဲ့ ရေးတခွင် ပိုက်လိုင်းတွေ ဆောက်ပြီးပြီ။ အဲဒီအနီးအနားတဝိုက်မှာရှိတဲ့ နယ်ထဲကလူတွေကို ကြည့်မယ်ဆိုရင် ခုချိန်ထိ ရေတနာနဲ့ ရေးတခွင် ဂက်စ်ထုတ်တဲ့နေရာတွေမှာ ဒေသခံ ပြည်သူလူထုတွေ ပိုပြီးတော့ ခံစားရတာလည်း သိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအသက်မွေးဝမ်းကြောင်းမှု ဘယ်လောက်ပျောက်သလဲ ဆိုတာကို။ အခု နောက်ထပ် အနာပေါ်ကို တုတ်ကျမယ့်သဘောပေါ့နော်။ ထားဝယ်ဆိပ်ကမ်း ဆောက်တယ်ဆိုတာ ဒေသခံတွေကတော့ ဆုံးရှုံးမှုကတော့ အများကြီး ကြုံနေမှာပဲ။”

လောလောဆယ်မှာတော့ ဒီစီမံချက်ဟာ ဆိပ်ကမ်းတည်ဆောက်ရေးအတွက် ဖြစ်ပေမဲ့လည်း နောက်ပိုင်းမှာ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေတူးဖော်ရေးတွေပါ ပူးတွဲ ပါဝင်လာနိင်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက တွင်းထွက်ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို ပြည်ပကုမ္ပဏီတွေ တိုင်းပြည်ပတ်ပတ်လည်မှာ လာရောက် တူးဖော်နေကြတာကြောင့် ဒေသခံ တိုင်းရင်းသားပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ၊ အိုးအိမ်နဲ့ အသက်မွေးဝမ်းကြောင်းမှု ဆုံးရှုံးရတာတွေ ရင်ဆိုင်ကြရပေမဲ့လည်း ဒီလိုလုပ်ငန်းတွေက ရသမျှ နိုင်ငံခြားဝင်ငွေတွေကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးမချဘဲ စစ်ခေါင်းဆောင်တွေပဲ လက်ဝါးကြီးအုပ် ခွဲဝေယူနေကြတယ်လို့ ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။

XS
SM
MD
LG