သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS အတွက် နိုင်ငံကူးလက်မှတ်အတုတွေ ထိုင်းမှာပြုလုပ်ခဲ့ဖွယ်ရှိ


IS အတွက် နိုင်ငံကူးလက်မှတ်အတုတွေရောင်းခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် Mohammad Iqbal
IS အတွက် နိုင်ငံကူးလက်မှတ်အတုတွေရောင်းခဲ့တဲ့ အသက် ၅၂ နှစ်အရွယ် Mohammad Iqbal

ထိုင်းနိုင်ငံမှာ အခြေစိုက်ပြီးpassport အတုတွေ လုပ်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံသားတဦးကို ဖမ်းဆီးလိုက်ပြီလို့ ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။ သူလုပ်တဲ့ passport အတုတွေကို IS အစွန်းရောက်အဖွဲ့က လူတွေကိုတောင်မှ ရောင်းခဲ့ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ အဲဒီ passport အတုတွေကို ဝယ်တဲ့လူတွေဟာ အထူးသဖြင့် ဥရောပနိုင်ငံတွေကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးစားကြသူတွေများပါတယ်။ AFP သတင်းဆောင်းပါးကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အသက် ၅၂ နှစ်အရွယ် Mohammad Iqbal ကို စင်္ကာပူနဲ့ အိန္ဒိယ ပတ်စ်ပို့တ်အတုတွေ၊ ပြင်သစ်၊ အီတလီနဲ့ စပိန်နိုင်ငံတွေ ရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို အတုလုပ်တဲ့ ပလိတ်ပြားတွေ၊ ပလတ်စတစ်လောင်းစက်တွေနဲ့အတူ ဘန်ကောက်က ရပ်ကွက်တခုမှာ ဇန်နဝါရီလ ၁၄ ရက်နေ့က ဖမ်းဆီးလိုက်တာပါ။

သူဟာ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ အခြေစိုက်ပြီး အထောက်အထားအတုတွေကို လုပ်ခဲ့တယ်လို့ ထိုင်းလူဝင်မှုဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Suttipong Vongpint က ဘန်ကောက်မြို့တော်မှာ သောကြာနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။

လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးအပေါ် ထိုင်းနိုင်ငံမှာ စိုးရိမ်မှုတွေ ကြီးထွားလာနေပြီး ပတ်စ်ပို့တ်အတုလုပ်တာမှာ ကျွမ်းကျင်သူ တွေကို ဖော်ထုတ် ဖမ်းဆီးနေတာပါ။ ပတ်စ်ပို့တ်အတုလုပ်ငန်းဟာ ထိုင်းနိုင်ငံမှာ နှစ်ပေါင်းများစွာ အကြီးအကျယ်ထွန်းကားနေတဲ့ ဒုစရိုက်လုပ်ငန်းတခုဖြစ်ပါတယ်။

အခုဖမ်းမိတဲ့ Iqbal ဆိုရင် ထိုင်းနိုင်ငံမှာနေပြီး ပတ်စ်ပို့တ်နဲ့ ဗီဇာအတုတွေလုပ်လာတာ ၁၀ နှစ်ကျော်နေပါပြီ။ သူဟာ IS အစွန်း ရောက်အဖွဲ့ကို ပတ်စ်ပို့တ်အတုတွေ ရောင်းနေတဲ့ အုပ်စုတခုနဲ့ အချိတ်အဆက်ရှိတဲ့သဘောမျိုး ကာကွယ်ရေးဝန်ကြီး Prawit Wongsuwan က ဒီသီတင်းပတ်အစောပိုင်းမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့လဲ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဲဒီ အချက်ကို တာဝန်ရှိသူတွေက ခပ်ဖေါ့ဖေါ့ပြန်ပြောပြီး သူဟာ ဘယ်သူ့ကိုမဆို ပတ်စ်ပို့အတုလုပ်ရောင်းတဲ့ စီးပွားရေးသမားတဦး သာဖြစ်တယ်လို့ လူဝင်မှုအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Suttipong Vongpint ကပြောပါတယ်။

“IS အဖွဲ့ကိုပဲ ရောင်းတာမဟုတ်ပါဘူး။ သူက IS အတွက်ပဲ ပတ်စ်ပို့တ်အတု လုပ်ပေးတယ်လို့ လူတွေက ထင်ကြပါမယ်။ ဒါပေမဲ့ သူက ဝယ်ချင်တဲ့လူတိုင်းကို ရောင်းတာပါ။ မှာတဲ့လူရှိရင် လုပ်ပေးတာပါပဲ။ ဆိုတော့ ဘယ်လို လူမျိုးစီပဲ ဖြစ်ဖြစ် ရောက်သွားနိုင်ပါတယ်။”

တကမ္ဘာလုံးက ပတ်စ်ပို့အတုတွေကို တနေရာတည်းမှာရနိုင်တဲ့ ထိုင်းနိုင်ငံရဲ့အခန်းကဏ္ဍအပေါ် ၂၀၁၄ ခုနှစ်က မလေးရှား လေကြောင်း လေယာဉ်ခရီးစဉ်အမှတ် MH370 ပျောက်သွားပြီးတဲ့နောက် ပြန်ပြီး အာရုံစိုက်လာကြတာပါ။ ထိုင်းမှာအတုလုပ်ထား တဲ့ ဥရောပပတ်စ်ပို့တွေကို ကိုင်ထားတဲ့ အီရန်နိုင်ငံသားနှစ်ဦးလည်း အဲဒီလေယာဉ်ပေါ်မှာ ပါသွားတာကြောင့်ဖြစ်ပါတယ်။

ဒီလုပ်ငန်းကို အဓိကချုပ်ထားတာကတော့ အီရန်နဲ့ပါကစ္စတန်နိုင်ငံသားတွေဖြစ်ပြီး တောင်အာရှ၊ အရှေ့အလယ်ပိုင်းတို့အပြင် အဲဒီ ထက်ဝေးတဲ့ဒေသတွေက လူတွေအထိ အဲဒီပတ်စ်ပို့အတုတွေကို ဝယ်ကြတာပါ။

ဖမ်းမိတဲ့ ပတ်စ်ပို့အတုတွေနဲ့ပတ်သက်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေး ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ် Ittipol Ittisarnronachai က အခုလိုပြောပါတယ်။

“အခုဖမ်းမိတဲ့ ပတ်စ်ပို့အတုအများအပြားက စင်္ကာပူပတ်စ်ပို့တွေပါ။ အဲဒီပတ်စ်ပို့နဲ့က နိုင်ငံတော်များများကို ဝင်လို့ရ တာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ အော်ဒါမှာလို့လုပ်ပေးတဲ့ ပတ်စ်ပို့အများစုကတော့ ပြင်သစ်နဲ့ အီတလီပတ်စ်ပို့တွေပါ။ ဘာကြောင့် လဲဆို အရှေ့အလယ်ပိုင်းကလူတွေဟာ ပြင်သစ်တွေနဲ့ဆင်တော့ အဲဒီနိုင်ငံတွေကို ဝင်လို့ရတာကြောင့်ဖြစ်ပါတယ်။”

Iqbal ဟာ The Doctor လို့သိကြတဲ့ အီရန်နိုင်ငံက ပတ်စ်ပို့အတုဆရာကြီးနဲ့ အဆက်အစပ်ရှိတယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေကပြောပါတယ်။ အဲဒီ The Doctor ဟာ ဘန်ကောက်က ရပ်ကွက်တခုမှာ နှစ် ၂၀ နီးပါးနေထိုင်ပြီး ဒုက္ခသည် တွေ၊ အလုပ်ရှာချင်သူတွေ၊ လူဆိုးဂိုဏ်းဝင်တွေကို တကယ့် အရည်အသွေးကောင်း ပတ်စ်ပို့အတုတွေလုပ်ပြီး ရောင်းခဲ့သူပါ။

၂၀၁၆ ခုနှစ်မှာ သူ့ကိုဖမ်းမိလိုက်ချိန်တုန်းက ပတ်စ်ပို့အတုလုပ်ငန်း နှိမ်နင်းရေးမှာ အောင်မြင်မှုကြီးအဖြစ် တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သူနေ့ရာမှာ တခြား အတုလုပ်တဲ့လူတွေ ဝင်လာတာပါပဲ။

ထိုင်းနိုင်ငံဟာ နိုင်ငံအတော်များများကလူတွေကို ဗီဇာမလိုဘဲ ဝင်ခွင့်ပြုထားပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတွေနဲ့ မိုင် ပေါင်းများစွာ နယ်စပ်ချင်းထိစပ်နေပြီးတော့ အရှေ့တောင်အာရှမှာ အဝင်အထွက်အများဆုံး အချက်အခြာနေရာပါ။

အဲဒီအနေအထားကြောင့်ကိုပဲ လူနဲ့ ရှားပါးတောရိုင်းထွက်ကုန်တွေကနေ မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းနဲ့ ကျောက်မျက် ရတနာတွေထိ မှောင်ခိုကူးတဲ့ နိုင်ငံစုံက ရာဇဝတ်ဂိုဏ်းတွေ မျက်စေ့ကျတဲ့နိုင်ငံလည်း ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG