သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ရွှေ့ပြောင်းအလုပ်သမားကျောင်းက မြန်မာဆရာ ၃၁ ဦး ဖမ်းဆီးခံရ


ရနောင်းဌာနီ မြန်မာစာသင်ကျောင်း။ (ဓာတ်ပုံ - မဂျူးရီ)

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ ရနောင်းဌာနီ မြန်မာစာသင်ကျောင်းမှ ဆရာ- ဆရာမ ၃၁ ဦးကို နိုင်ငံခြားသားအလုပ်သမားတွေအနေနဲ့ စာသင်ကြားခွင့်မရှိတာကြောင့် စာသင်ကြားတဲ့ အလုပ်ကို လုပ်ကိုင်မှုနဲ့ စစ်တပ်၊ ရဲ စတဲ့ အာဏာပိုင်တွေက သြဂုတ်လ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး ရနောင်းအလုပ်သမားနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနက အမှုဖွင့် အရေးယူထားပါတယ်။ မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့က မြန်မာရွှေ့ပြောင်း ကျောင်းသားကျောင်းသူပေါင်း ၁၅၀၀ လောက် စာသင်နေတဲ့ ရနောင်းဌာနီ မြန်မာစာသင်ကျောင်းမှ ဆရာ-ဆရာမ ၃၁ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသလို ထိုင်းနိုင်ငံရဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်ခံ Migrant Learning center အဖြစ် အသိမှတ်ပြုခံထားရတဲ့ကျောင်း မဟုတ်တာကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးက အခုလိုပြောပါတယ်။

“ပြောနေတာက ၃၁ ဦး ဆရာ ဆရာမတွေ။ ဆရာမက များတယ်။ အဖဲ့ွစုံကဝင်ဖမ်းတာ။ ဌာနပေါင်းစုံ စစ်တပ်ပါတယ်၊ ရဲပါတယ်၊ ရေတပ်ပါတယ်၊ ဆဝါဒီကမ်ပါတယ်။ ကျဟာငမ်လို့ခေါ်တဲ့ အလုပ်သမားနဲ့ အလုပ်အကိုင်ရှာဖွေးရေးဌာနက ပါတယ်။ စွဲတာကတော့ အလုပ်အကိုင် ရှာဖွေရေးဌာနကနေ ဖမ်းတာပေါ့။ နိုင်ငံခြားသားတွေ လုပ်ခွင့်မရှိတဲ့ တရားမဝင်တဲ့အလုပ် လုပ်ကိုင်လို့ ဖမ်းတာပေါ့။ သူတို့ဥပဒေက ပြဋ္ဌန်းထားပြီးသားပဲ။ ပထနီမှာတုန်းကလည်း ဖမ်းတာပဲ။”

ကျောင်းမှာ စာသင်နေကြတဲ့ ဆရာ ဆရာမတွေဟာ ကော့သောင်းမြို့ကနေ ရနောင်းဘက်ကို ကူးလို့ရတဲ့ နယ်စပ်ဖြတ်ကျော် လက်မှတ်တွေကို ကိုင်ဆောင်ထားသူများ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အဖိတ်နဲ့ ဥပုသ်ပိတ်တဲ့ကျောင်း ကျနော်တို့ဒီဘက်ကကျောင်းတွေက စနေ တနင်္ဂနွေ ပိတ်တယ်။ သူတို့ကတော့ မနေ့က စနေနေ့ပေမယ့် ကျောင်းဖွင့်တယ်။ ဖွင့်နေတုန်းဝင်ဖမ်းတာပဲ။ Border Pass နယ်စပ်ဖြတ်ကျော် လက်မှတ်တွေနဲ့ လာကြသူတွေက အများဆုံးပဲ။ စီအိုင်လို့ခေါ်တဲ့ မည်သူမည်ဝါဖြစ်ကြောင်း စာအုပ်တွေနဲ့လည်းပါတယ်။ ဒါတွေကိုတော့ ရဲစခန်းက သိမ်းထားတယ်။”

ရနောင်းဌာနီကျောင်းမှာ ကျောင်းသား ၁၅၀၀ ခန့် တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ကျောင်းဖွင့်ထားတာဟာ ၁၅ နှစ်ထက်မနည်းရှိနေပြီလို့ဆိုပါတယ်။ ဒီကျောင်းကိုတော့ မြန်မာဘုန်းတော်ကြီးဖြစ်တဲ့ မြင်းခြံဆရာတော်ကြီးမှ တာဝန်ယူဖွင့်လှစ်ခဲ့ပြီး ရနောင်းက ထိုင်းဘုန်းကြီးကျောင်း ၃ ကျောင်းက ဆရာတော်ကြီးများက ဝိုင်းဝန်းကူညီပြီး ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဦးမင်းဦးကဆိုပါတယ်။ ဒါပေမယ့် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ နားလည်မှုနဲ့သာ ဖွင့်လှစ်ထားတဲ့ ကျောင်းဖြစ်ပြီး ထိုင်းတောင်ပိုင်းရဲ့ မြန်မာကလေးအများဆုံး တက်ရောက်သင်ကြားနေတဲ့ မြန်မာစာသင်ကျောင်းဖြစ်ပါတယ်။

ဒီကျောင်းဟာ မြန်မာသင်ရိုးနဲ့ အထက်တန်းအထိ ပညာသင်ကြားပေးတာဖြစ်ပြီး အထက်တန်းကို ကော့သောင်းဘက်ကမ်းမှာ သွားရောက်ဖြေဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ၁၀ တန်း အစိုးရစစ်စာမေးပွဲကို အဲဒီကျောင်းက ကျောင်းသားတချို့ဟာ မြဝတီဘက်မှာ လာရောက်ဖြေဆိုခဲ့ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆရာ ဆရာမတွေကိုတော့ ရနောင်း အလုပ်သမားနှင့် အလုပ်အကိုင်ရှာဖွေရေးဌာနက အမှုဖွင့် အရေးယူထားတဲ့အတွက် မြန်မာသံရုံးရဲ့ အကူညီယူပြီး ဆရာ ဆရာမတွေ လွတ်မြောက်ရေးအတွက် လုပ်ဆောင်သွားမယ်လို့လည်း ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ပြောဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG