သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလုပ်သားများ သင်္ကြန်နေရပ်ပြန်နိုင်ရေး ထိုင်းအစိုးရ အခွင့်အရေးပေး


ထိုင်း-မြန်မာ နယ်စပ်
ထိုင်း-မြန်မာ နယ်စပ်

မတ်လလယ်ပိုင်းမှာလုပ်ခဲ့တဲ့ ထိုင်းဝန်ကြီးများအဖွဲ့ရဲ့ အစည်းဝေးဆုံးဖြတ်ချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ရွှေ့ပြောင်းအလုပ်သမားတွေ အနေနဲ့ ဧပြီလ ၅ရက်နေ့ က နေ ဧပြီလ ၃၀နေ့ အတွင်း မဟာသင်္ကြန်ကာလ နေရပ်ပြန်သူများအတွက ်အထူးအခွင့်ရေးအနေနဲ့ ဗီဇာဆိုင်ရာကိစ္စတွေနဲ့ အခွန်အခများပေးစရာမလိုပဲ ကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ ဒီအတွက် နယ်ကျော်ခွင့်မရှိတဲ့ အလုပ်လုပ်ခွင့် ပန်းရောင်ကဒ်ပြားကိုင်ဆောင်တဲ့မြန်မာတွေအတွက် အဖမ်းအဆီးမခံရပဲ နေရပ်ကို ပြန်နိုင်ပြီဖြစ်ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတဝှမ်းလုံးမှာ ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နယ်မြေ အလိုက်လုပ်ပေးထားတဲ့ အလုပ်လုပ်ခွင့်ကဒ်ဖြစ်တဲ့ပန်းရောင်ကဒ်တွေအနေနဲ့ နယ်မြေကျော်ပြီး သွားလာခွင့်မရှိပေမဲ့ ၂၀၁၇ခုနှစ်မဟာသင်္ကြန်ကာလအတွင်း အထူးကင်းလွတ်ခွင့်အနေနဲ့ ဧပြီလ ၅ရက်နေ့ က ၃၀ရက်နေ့ထိ ၂၅ရက်တာ အဖမ်းအဆီးမရှိ၊ အခွန်ပေးဆောင်စရာ မလိုပဲ နေရပ်ရင်းကိုပြန်နိုင်ပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီအတွက် ပန်ရောင်းကဒ်ကိုင်ဆောင်ထားတဲ့မြန်မာအလုပ်သမားတွေအနေနဲ့ အဖမ်းဆီးမခံရပဲ နေရပ်ကိုပြန်နိုင်ပြီဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားဆောင်ရွက်နေတဲ့ အေအေစီ မဟာမိတ်အဖွဲက ကိုရဲမင်းက အခုလိုပြောပါတယ်။

“နိုင်ငံတော်အဆင့် တရားဝင် အမိန့်ကြေညာစာနဲ့ထုတ်တာ။ အပန်းရောင်ကဒ်သမားတွေကတော့ ဒီအတိုင်းပြန်လို့ရတယ် သံရုံးထောက်ခံစာမလိုဘူး ၊ ပြီးတော့ ကျနော်တို့ ခါတိုင်းထုတ်နေကြ အလုပ်ရှင်ထောက်ခံစာ အလုပ်သမားထောက်ခံစာ အဲဒါတွေမလိုဘူး။ အလုပ်အကိုင်ရှာဖွေခန့်ထားရေးရုံးတို့ အဲဒါပြရင်ရတယ်။ သံရုံးမှာ အိမ်ပြန်ခွင့် စာရွက် စာတန်းတရွက်တော့ သွားယူရမယ်။ အဲဒါလည်း အပန်းရောင်ကဒ် ရှိရင် သွားယူလို့ လွယ်တယ်။ ပက်စပို့ သမားတွေအတွက်အခွင့်အရေးပါလာတာက ခါတိုင်းသူတို့က အိမ်ပြန် တံဆိပ်တုံး ထုရင် ၁၁၀၀ ပွဲစားနဲ့ ဆိုရင် ၁၃၀၀-၁၄၀၀ အထိပေးနေရတဲ့အနေအထားပါ။ အခုက အိမ်ပြန်တံဆိပ်တုံးတော့ ထုရမယ်၊ ဒါပေမယ့် Free ။ ထိုင်းလဝကရုံးမှာ ဘာမှ ပေးစရာမလိုဘူးပေါ့ ဒါပေမယ့် သူတို့လည်း ပြန်တဲ့ရက်ကတော့ ၂၅ ရက်အတွင်းပဲ ပြန်လာရမယ်။ ၅ ရက်ကနေပြီးတော့ ၃၀ ရက်ကာလအတောအတွင်း ၂၅ ရက်အတွင်းပဲ ပြန်လာရမယ်။ အဲဒီ Free လမ်းကြောင်းနဲ့ ဝင်ထွက်မယ့်သူတွေက။ပြီးတော့ မြဝတီ နယ်စပ်ကနေသွားရင် မြဝတီကပဲ ဝင်ရမယ်၊ ရနောင်း နယ်စပ်ကနေသွားရင် ရနောင်းကပဲ ဝင်ရမယ်၊ မယ်ဆိုင်နယ်စပ်ကနေသွားရင် မယ်ဆိုင်ကပဲ ဝင်ရမယ်”

ဒါဟာနေရပ်ပြန်လိုသူတွေအတွက် အခွင့်အလန်းကောင်းတခုဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာ အလုပ်ရုံစက်ရုံတွေကတော့ ၂၅ကြာတဲ့အထိ ပိတ်တာမျိုးတွေတော့မရှိပါဘူး။ ဒီအတွက်သက်ဆိုင်ရာလုပ်ငန်းရှင် တွေနဲ့ ညှိနိုင်းပြီးမှသာ သွားလာရမှာဖြစ်တယ်လိုလည်း ဆက်ပြောပြပါတယ်။

“ကျနော်တို့ ဒီ ၄ လပိုင်း ၅ ရက်ကနေပြီးတော့ ၃၀ ရက်ကာလအထိ သင်္ကြန်ကာလ ပေါ့ ၂၅ ရက်တာ အတောအတွင်းပေါ့နော်။ အလုပ်ရုံတွေကတော့ ၅ ရက်ပိတ်တာရှိတယ် ၁ ပတ်ပိတ်တာရှိတယ်။ တချို့ ၃-၄ ရက်ပိတ်တာတွေရှိတယ်။ ထိုင်းက အလုပ်ရုံတွေကတော့ ၂၅ ရက်ပိတ်တာမဟုတ်ဘူး ။ အစိုးရအချင်းချင်းနားလည်မှုနဲ့ ပြန်ခွင့်ပြုတာ ၂၅ ရက်က ၊ ထိုင်း၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား နောက် ဗီယက်နမ်ကတော့ သင်္ကြန်မရှိတဲ့အတွက် သူတို့မပါဘူး ။ ဒီ ၄ နိုင်ငံကနေပြီးတော့ ဆုံးဖြတ်ချက်ချပြီးတော့ သင်္ကြန်ရှိတဲ့ နိုင်ငံတွေ ၂၅ ရက်ပြန်ခွင့်ပြုဖို့အတွက် ခွင့်ပြုလိုက်တာပေါ့။ ခါတိုင်းလို အထောက်အထားတွေနဲ့ အနေအထားမဟုတ်ပဲနဲ့ လွယ်လွယ်ကူကူပေါ့”

အခုဆိုရင် ပန်းရောင်ကဒ်လို့ ခေါ်တဲ့အလုပ်လုပ်ခွင့် ကဒ်ပြားတွေကိုကိုင်ဆောင်ပြီး နေရပ်ရင်းကို နှစ်နဲ့ချီပြီး မပြန်နိုင်ကြသူတွေလည်းအများအပြား ရှိနေတာပါ။ သူတို့ တွေဟာ နေရပ်ပြန်တဲ့ အခါမှာအလုပ်တွေကပါ ထွက်ခဲ့ကြပြီး နယ်စပ်ပြန်တဲ့ လမ်းတလျောက်မှာ အဖမ်းဆီး အစစ်ဆေးအများအပြားခံရခဲ့ရပါတယ်။ ထိုင်းနယ်စပ်ဂိတ်တွေကို အဆင့်ဆင့်ဖြတ်တိုင်း ငွေကြေးတွေပေးရသလို နောက်ဆုံးမှာအဖမ်းဆီးခံရပြီး မြန်မာနယ်ခြားစောင့်ဂိတ်ဘက်ကို သွားရောက်ပို့ ဆောင်တာတွေကိုလည်းခံရပါတယ်။

ဒီအတွက်မြန်မာနိုင်ငံဘက်ရောက်ရင်လည်း အနည်းဆုံးဘတ်ငွေ ၁၅၀၀ကနေ ဘတ်ငွေ ၂၀၀၀လောက်ပေးမှသာ ပြန်လည်လွတ်မြောက်နိုင်တာ မို့နေရပ်ရင်းကိုပြန်ကြတဲ့ သူတွေအတွက် အခက်အခဲတွေအများအပြား ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ နှစ်မှာတော့ အထူးကင်းလွတ်ခွင့်ကို တရားဝင်ထုတ်ပြန်ခဲ့တာကြောင့် မဟာသင်္ကြန်ကာလ မှာ နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အတွက် အခွင့်အလန်း ကောင်းတခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ပန်းရောင်ကဒ် ကိုင်ဆောင်သူမြန်မာရွှေ့ပြောင်းအလုပ်သမား ၇သိန်း ခန့် ရှိတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနကတော့ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG