သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီ


စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့ အကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ရုပ်မြင်သံကြားကနေ ကြေညာ။ (မေ ၂၂၊ ၂၀၁၄)
စစ်တပ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့ အကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ရုပ်မြင်သံကြားကနေ ကြေညာ။ (မေ ၂၂၊ ၂၀၁၄)
ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာအပြီး ၂ ရက်အကြာ ဒီကနေ့မှာပဲ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။
တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အမျိုးသားငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှု ထိန်းသိမ်းရေး ကောင်စီအဖြစ် စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်တဲ့ အကြောင်း ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ရုပ်မြင်သံကြား ကနေ ကြေညာ ခဲ့တာပါ။ နောက်ဆက်တွဲ ကြေညာချက်မှာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ယာယီအစိုးရကို ဖျက်သိမ်းလိုက်ပေမဲ့ အထက်လွှတ်တော်နဲ့ တရားရုံးတွေကတော့ ဆက်ရှိနေမှာ ဖြစ်တယ်လို့လည်း စစ်တပ်က ပြောပါတယ်။

ယာယီဝန်ကြီးချုပ် Niwattamrong Boongsongpaisan နဲ့ အစိုးရအဖွဲ့ဝင်တွေ လာရောက် သတင်းပို့ဖို့လည်း စစ်တပ်က ညွှန်ကြားထားပေမဲ့ ဘယ်ရောက်နေ သလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အာဏာသိမ်း ခဲ့ပြီးနောက် ထိုင်းနိုင်ငံက ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေက ပုံမှန်အစီအစဉ်တွေ အစား စစ်တပ်က သတင်းတွေကို နောက်ထပ် ညွှန်ကြားချက် မပေးမချင်း ထုတ်လွှင့်သွားဖို့လည်း ညွှန်ကြားခဲ့ပါတယ်။

ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ နိုင်ငံအနှံ့ ညမထွက်ရ အမိန့်ထုတ်ပြန် လိုက်သလို လူ ၅ ယောက်ထက် ပိုမစုဖို့ အမိန့်နဲ့အတူ ဆန္ဒပြသူတွေလည်း သပိတ်စခန်းတွေ ပိတ်ပြီး လူစုခွဲခဲ့ကြတာပါ။ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ပြိုင်ဖက် နိုင်ငံရေးပါတီက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ထပ်မံတွေ့ဆုံ အပြီးမှာပဲ စစ်တပ်က အာဏာသိမ်းတဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း Yingluck Shinawatra နဲ့ အစိုးရအဖွဲ့ဝင် တချို့ကို အာဏာအလွဲသုံးစားမှုနဲ့ ဒီလဆန်းမှာ ရာထူးက ဖယ်ရှားခဲ့ရာက ထိုင်းနိုင်ငံမှာ နိုင်ငံရေး တင်းမာမှုတွေ အထွတ်အထိပ် ရောက်လာခဲ့တာပါ။ ထိုင်းနိုင်ငံမှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင် စနစ်ကို ပြောင်းလဲလာပြီး နောက်ပိုင်းကစလို အာဏာသိမ်းဖို့ ကြိုးစားမှုတွေနဲ့ အာဏာသိမ်းမှုပေါင်းဟာ အခုတခါနဲ့ဆိုရင် ၁၉ ကြိမ်အထိ ရှိသွားပါပြီ။
XS
SM
MD
LG