သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်နေ ဗုဒ္ဓဘာသာဝင်တွေ လုံခြုံရေး ထိုင်းသံဃာတွေ စိုးရိမ်


ထိုင်းဗုဒ္ဓဘာသာရဟန်း အပါးတရာခန့် ဘင်္ဂလားဒေ့ရှ် ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခံရသည်ကို ကန့်ကွက်ဆန္ဒပြနေစဉ်။
ထိုင်းဗုဒ္ဓဘာသာရဟန်း အပါးတရာခန့် ဘင်္ဂလားဒေ့ရှ် ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များ ဖျက်ဆီးခံရသည်ကို ကန့်ကွက်ဆန္ဒပြနေစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီပဋိပက္ခမှာ ကုလသမဂ္ဂနေ ကြားဝင်ဖြေရှင်းပေးဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကလည်း ဒီကနေ့ တောင်းဆိုလိုက်ကြပါတယ်။ ဘန်ကောက်မြို့တော်မှာရှိတဲ့ ကုလသမဂ္ဂအဆောက်အဦးရှေ့မှာ ဗုဒ္ဓဘာသာ သံဃာတော်တွေ စီတန်းကြွချီပြီးတော့ အခုလိုမျိုး တောင်းဆိုခဲ့ကြတာပါ။
အပြည့်အစုံကိုတော့ ရိုက်တာသတင်းကို အခြေခံပြီး မအေးသန္တာကျော်က ပြောပြပါမယ်ရှင်။

ထိုင်းနိုင်ငံမှာသီတင်းသုံးတဲ့ သံဃာတော် အပါး တစ်ရာလောက် ဒီကနေ့ပဲ ဘန်ကောက်မြို့တော်က ကုလ သမဂ္ဂသံရုံးရှေ့ စုရုံးပြီးတော့ ဘင်္ဂလားဒေ့ရှ်က ဘာသာရေး ပဋိပက္ခကို ကြားဝင်ပေးဖို့ တောင်းဆိုသွားကြ တာပါ။ ပြဿနာဖြစ်နေတဲ့ဒေသတွေမှာ ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးပြီးတော့ ချက်ခြင်း ထိန်းသိမ်းပေးဖို့ ကုလသမဂ္ဂကနေ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေး ပေးပါလို့ သူတို့ တောင်းဆိုခဲ့ကြပါတယ်။

သူတို့ အခုလိုတောင်းဆိုခဲ့ကြတာနဲ့ပတ်သက်လို့ စစ်တကောင်းဘက်က ကြွလာပြီး ထိုင်းနိုင်ငံမှာ သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီး ဖရာဂျိုဒီဆန် ဘိက္ခူက အခုလို မိန့်ကြားပါတယ်။

"တကယ်လို့သာ ကုလသမဂ္ဂက ကြားဝင်ဆောင်ရွက်ပေးမယ်၊ ဒါတွေအားလုံး ရပ်တန့်အောင် ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြောပေးမယ်ဆိုရင်တော့ ဒါတွေ ရပ်တန့်သွားမယ်လို့ ဦးဇင်း ထင်ပါတယ်။ အခုထိတောင် ကျေးရွာတွေ၊ ဘုရားတွေနဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ တိုက်ခိုက်ခံနေရတာပါပဲ။ ဒါကို ကုလသမဂ္ဂက ကြားဝင် ကိုင်တွယ်မှပဲ အဆုံးသတ်ပါလိမ့်မယ်။"

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ သူတို့နိုင်ငံမှာ လူနည်းစုဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လုံခြုံမှုမပေးဘူးလို့ ဆန္ဒပြ သံဃာတော်တွေက မိန့်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ နေထိုင် တဲ့နေရာတွေကို ထောင်နဲ့ချီတဲ့ မူဆလင်တွေ စက်တင်ဘာလ ၂၉ ရက်နေ့က ဝင်ရောက် ဖျက်စီးခဲ့ပြီးတော့ ဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေအပြင် နေအိမ်တွေကိုပါ အလုံး ၅၀ မက မီးရှို့ဖျက်ဆီးခဲ့ကြတာပါ။

ဘုရားဆင်းတုတော်တွေအပါအဝင် နေအိမ်တွေ၊ ကျောင်းသင်္ခန်းတွေက ပစ္စည်းတွေကို ဖောက်ထွင်း ယူခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာတော့ ဘင်္ဂလားဒေ့ရှ်က တိုက်ခိုက်မှုတွေ အတွင်းမှာ အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် ရည်စူးပြီးတော့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေက တနင်္လာနေ့ကပဲ ဖုရောင်းတိုင်မီးထွန်းပြီးတော့ ဆုတောင်း ဆန္ဒပြပွဲတစ်ခု ကျင်းပခဲ့ပါသေးတယ်။

ဒါကာတက္ကသိုလ်တခုက ကျောင်းသား ၃၀၀ လောက်ကလည်း အဲဒီအကြမ်းဖက်မှုကို ရှုတ်ချပြီးတော့ ဆန္ဒပြခဲ့ကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မူဆလင်က လူများစုဖြစ်ပြီးတော့ စုစုပေါင်းလူဦးရေရဲ့ သန်း ၁၅၀ မှာ ၁% ကပဲ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ တချို့ကတော့ ယုံကြည်ကိုးကွယ်မှု ကွဲပြားသူ အချင်းချင်း အပြန်အလှန် လေးစားမှု ရှိကြမယ်ဆိုရင် ငြိမ်းချမ်းရေးကို ရမှာပဲလို့ ပြောနေတာပါ။

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ ဆန္ဒပြသူ အီတာလျံအမျိုးသား ဂူလီယာနို၊ ဂူစတာရီနီကတော့-

"အနေအထားတခုကို သဟဇာတရှိရှိ ဖြစ်ဖို့ဆိုရင် တယောက်နဲ့တယောက် နားလည်ကြမှ မဟုတ်ပါဘူး။ တယောက်နဲ့တယောက် တဘက်နဲ့တဘက် နားမလည်ဘဲလည်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေ တဘက်ကိုတဘက် နားမလည်ကြတာနဲ့ မဆိုင်ပါဘူး။ တဘက်နဲ့တဘက် အပြန်အလှန် လေးစားတန်ဖိုးထားဖို့ကပဲ အရေးကြီးပါတယ်။"

အခု နောက်ဆုံးဖြစ်ပေါ်တဲ့ တိုက်ခိုက်မှုတွေဟာ ဗုဒ္ဓဘာသာဝင်လူငယ်တဦးက အင်တာနက်ပေါ်က facebook လူမှုရေးကွန်ယက်တခုမှာ တင်လိုက်တယ်ဆိုတဲ့ ကိုရမ်ကျမ်းစာကို မီးရှို့နေတဲ့ဓာတ်ပုံကို မူဆလင်တွေ တွေ့သွားပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာတာပါ။ အဲဒီအမျိုးသားလေးကိုတော့ လုံခြုံရာမှာ ရဲက ထိန်းသိမ်းထားပြီးတော့ သူ့ရဲ့ facebook စာမျက်နှာကိုလည်း ပိတ်လိုက်ပြီ ဖြစ်ပါတယ်ရှင်။
XS
SM
MD
LG