သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းအမှု မျှတတဲ့ တရားစီရင်ရေးရှိဖို့ ပြည်ပရောက် မြန်မာတွေတောင်းဆို


ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ သေဒဏ်စီရင်ခံထားရတဲ့ မြန်မာလူငယ် အလုပ်သမားနှစ်ဦးအတွက် မျှတတဲ့ တရားစီရင်မှု ရစေဖို့အတွက် အမေရိကန်နိုင်ငံဆိုင်ရာ ထိုင်းနဲ့ မြန်မာသံရုံးတွေမှာ စနေနေ့က အမေရိကန်ရောက် မြန်မာတွေ စုဝေး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

**** ကြွေးကြော်သံများ ****

၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့က ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိန်ခရီးသွားနှစ်ဦး အသတ်ခံခဲ့ရပြီးတဲ့နောက် အဲဒီကျွန်းမှာ လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ နှစ်ယောက်ကို လူသတ်မှုနဲ့ စွဲချက်တင် ဖမ်းဆီးထားခဲ့တာပါ။

ဒါပေမဲ့ ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ဖြတ်ရာမှာ အသုံးပြုခဲ့တဲ့ ပေါက်တူးပေါ်မှာ အခု ဖမ်းဆီးခံထားရသူ နှစ်ဦးရဲ့ လက်ဗွေရော DNA ပါ မတွေ့ရသလို ပေါက်တူးပေါ်က DNA ပိုင်ရှင်ကို ရဲက လိုက်မရှာခင် စုံစမ်းမှုတွေ ရပ်ပစ်ခဲ့တာ အပါအဝင် ထိုင်းတရားရုံးရဲ့ တရားရေးစီရင်ပုံရဲ့ လိုအပ်ချက်တွေ အများအပြား တွေ့ရတဲ့အတွက် နိုင်ငံတကာက အာရုံစိုက်လာပြီး ထိုင်းလူ့အခွင့်အရေး အဖွဲ့တွေကပါ တရားမျှတစွာ စစ်ဆေးပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာခဲ့တဲ့ အမှုလည်း ဖြစ်ပါတယ်။

မြောက်ကယ်ရိုလိုင်းနားပြည်နယ်က လာရောက်ဆန္ဒပြသူ ကိုထက်အောင်က သူတို့ရဲ့ ဆန္ဒပြရခြင်း ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ တရားမျှတမှုကို တောင်းဆိုချင်တာပါ။ ထိုင်းနိုင်ငံမှာ ဝင်းနဲ့ ဇော် ကလေး ၂ ယောက်ကို မတရားမှုနဲ့ သေဒဏ်ချလိုက်တဲ့ဟာကို တကမ္ဘာလုံးကလည်း သိနေကြတယ်။ အဲဒီသိကြတဲ့အပေါ်မှာ ကျနော်တို့က လွတ်လပ်တဲ့ တရားစီရင်ရေး ရရှိဖို့အတွက် တရားမျှတမှုကို တောင်းဆိုဖို့ ထိုင်းသံရုံးရှေ့ကို ကျနော်တို့ ရောက်ရှိလာတာပေါ့။”

ထိုင်းနိုင်ငံသံရုံးဘက်က သူတို့ရဲ့ဆန္ဒပြမှုအပေါ်မှာ တစုံတရာ တုံ့ပြန်ပြောဆိုတာမျိုး မရှိခဲ့ကြောင်းနဲ့ ဆန္ဒပြသူတွေကပေးတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကိုလည်း ထိုင်းသံရုံးဘက်က အေးအေးဆေးဆေးနဲ့ လက်ခံရယူသွားခဲ့တယ်လို့ ကိုထက်အောင်က ဆက်ပြောပြခဲ့ပါတယ်။ တဆက်တည်းမှာပဲ သူတို့အနေနဲ့ မြန်မာသံရုံးကိုလည်း ဆန္ဒပြမယ်လို့ ဆိုပါတယ်။ ဘာကြောင့် မြန်မာသံရုံးကို ဆန္ဒပြသလဲ ဆိုတာကိုတော့ ကိုထက်အောင်က အခုလို ရှင်းပြပါတယ်။

“ထိုင်းသံရုံးပြီးတဲ့အခါမှာ မြန်မာသံရုံးရှေ့ကို သွားပါမယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရရဲ့ အရေးယူဆောင်ရွက်မှုတွေက အားနည်းနေတယ်လို့ ကျနော်တို့ ယူဆတယ်လေ။ မတရားမှုကို ကျနော်တို့က တရားမျှတမှုရှိအောင်၊ အစိုးရအနေနဲ့ အစိုးရ-အစိုးရချင်း ပိုမိုပြီးတော့မှ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် မြန်မာသံရုံးရှေ့မှာလည်း ကျနော်တို့ ထပ်မံပြီးတော့မှ တိုက်တွန်းနှိုးဆော် ဖိအားပေးတဲ့ ပုံစံမျိုး သွားမယ့်သဘော ရှိပါတယ်။”

ဆန္ဒပြသူတွေထဲမှာ ရခိုင်နဲ့ မွန်တိုင်းရင်းသားတွေလည်း အတူ ပါဝင်ခဲ့ကြပြီး မြောက်ကယ်ရိုလိုင်းနား၊ နယူးယောက်ပြည်နယ်၊ အိုင်အိုဝါ၊ အင်ဒီယားနား ပူးလိစ်၊ အနောက်ဗာဂျီးနီးယား၊ မေရီလန်း၊ အာရီဇိုးနား၊ ဂျော်ဂျီယာ ပြည်နယ်တွေကနေ ပြည်နယ်ပေါင်း (၈) ခုက အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်မှာရှိတဲ့ အမေရိကန်ဆိုင်ရာ ထိုင်းသံရုံးရှေ့ကို လာရောက်စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ လွတ်မြောက်ရေးကို နိုင်ငံတကာမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေက တောင်းဆို ဆန္ဒပြခဲ့ကြသလို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာလည်း ဗြိတိန်ရောက် မြန်မာအသိုင်းအဝိုင်းက လာမယ့် တနင်္လာနေ့မှာ ဆန္ဒပြကြဖို့ ရှိပါတယ်။

ထိုင်းဝန်ကြီးချုပ် ပယာရွတ်ချန်အိုချာ ကတော့ ဥပဒေကြောင်းအရ အယူခံဝင်ခွင့်ရှိကြောင်းနဲ့ ဆန္ဒပြမှုတွေနဲ့ဖိအားပေးပြီး ကွင်းလုံးကျွတ် လွတ်ဖို့ တောင်းဆိုမှုမျိုးကို လိုက်လျောလို့ မဖြစ်နိုင်ကြောင်း ဒီဇင်ဘာလ ၂၈ ရက်နေ့က သတင်းဌာနတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားသွား ခဲ့ပါတယ်။

XS
SM
MD
LG