သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် မြဝတီဂိတ် အဝင်အထွက် ပိတ်တော့မယ်


နေရပ်ပြန်လာသူများကို ထိုင်း-မြန်မာနယ်စပ် မြဝတီဂိတ်တွင် တွေ့ရ (သတင်းဓာတ်ပုံ - မတ် ၂၃၊ ၂၀၂၀)
နေရပ်ပြန်လာသူများကို ထိုင်း-မြန်မာနယ်စပ် မြဝတီဂိတ်တွင် တွေ့ရ (သတင်းဓာတ်ပုံ - မတ် ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းက မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဝင်ရောက်တဲ့အခြေအနေကို တင်ဆက်ပေးပါမယ်။

ထိုင်းနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်ကူးစက်မှုနှုန်း နေ့စဉ်လိုလိုမြင့်တက်လာတာကြောင့် ထိုင်း-မြန်မာနယ်စပ် မြဝတီဂိတ်ဘက်မှာတော့ မြန်မာအလုပ်သမားတွေ ဝင်ရောက်မှုကို မနက်ဖြန်ကစပြီး ပိတ်ပင်မယ်လို့ သိရပါတယ်။ ဒီနေ့ နောက်ဆုံးရက်မှာတော့ နေရပ်ပြန်သူ မြန်မာလူမျိုး ၂,၀၀၀ကျော် မြဝတီဘက်ခြမ်းကို ရောက်ရှိတယ်လို့ သိရပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာသတင်းပေးပို့ထားတာပါ။

ထိုင်းနိုင်ငံကနေ နေရပ်ပြန်နေကြတဲ့ မြန်မာအလုပ်သမားတွေဟာ နယ်စပ်အမှတ် (၁) တံတားပိတ်လိုက်ပြီးကတည်းက နေ့စဉ် မြန်မာနိုင်ငံကိုပြန်နေတာဟာ လူဦးရေ ၁၆,၀၀၀ ကျော်ရှိနေပါပြီ။ မတ်လ၂၅ ရက်နေ့မှာ မြန်မာလူမျိုး ၂,၀၀၀ ကျော် နေရပ်ပြန်ခဲ့ကြတာပါ။ မတ်လ၂၆ ရက်နေ့မှာ မြန်မာဘက်ကလည်း ဝင်ခွင့်ပိတ်လိုက်တော့မှာဖြစ်သလို ထိုင်းဘက်ကလည်း ညမထွက်ရ နယ်မြေဖြတ်သန်းမပြုတာတွေ ထုတ်ပြန်တော့မှာမို့နှစ်ဘက်လုံးက ပိတ်ပစ်တော့မှာဖြစ်တဲ့အကြောင်း ကရင်ပြည်နယ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပြပါတယ်။

"နောက်နေ့ ကျနော်တို့ဘက်က ပိတ်ပြီ၊ ရပ်ပြီ။ ဒီနေ့ နောက်ဆုံးပဲ။ သူတို့ဘက်ကလည်း ရပ်ပြီ။ သူတို့ ထိုင်းဘက်ကလည်း ပိတ်ပြီ။ မာရှယ်လောတောင် ထုတ်ထားပြီ။ ဧရီယာအလိုက် ဖြတ်သန်းခွင့် မလုပ်ရတော့ဘူးလို့ ပြောထားတာ အရင်ကတော့ ဗီဇာသက်တမ်းကုန်မှာစိုးရိမ်လို့ ထပ်မံတိုးဖို့ လာကြတာ အခုတော့ အဲဒီလိုမဟုတ်တော့ဘူး။ ဗီဇာသက်တမ်းကင်းလွှတ်ခွင့် ၃ လ ထပ်တိုးရအောင် မြန်မာသံရုံးက ချိတ်ဆက်စီစဉ်နေပါတယ်။"

ကရင်ပြည်နယ်အစိုးရနဲ့ သက်ဆိုင်ရာမြဝတီခရိုင်က တာဝန်ရှိသူတွေဟာ နေရပ်ပြန်တွေအတွက်ကားတွေကို တိုင်းနဲပြည်နယ်အလိုက် စီစဉ်ဆောင်ရွက်ထားတာတွေ လုပ်ပေးပေမဲ့ နေရပ်ပြန်တွေအနေနဲ့ သူတို့မှာထားတဲ့ကားတွေကိုသာ စီးပြီးသွားကြတာမျိုးတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ နေရပ်ပြန်လို့သူတွေမှာလည်း နယ်စပ်ဂိတ်မှာ စောင့်ရတာတွေကို စိတ်မရှည်တာမျိုးတွေဖြစ်တာကြောင့် မနေ့ကတော့ ရုန်းရင်းဆန်ခတ်မှုတွေ အနည်းငယ်ရှိပမဲ့ မတ်လ ၂၅ ရက်နေမှာတော့ နေ့လည် ၁ နာရီကျော်ကတည်းက လူတွေအဝင်အထွက်သိပ် မရှိတော့ဘူးလို့ ဆိုပါတယ်။

"စီစဉ်ပေးရတဲ့ ရည်ရွယ်ချက်က စီစဉ်ပေးတာ တခုတည်း မဟုတ်ဘူး။ ခရီးသွားဖို့ပဲ မဟုတ်ဘူး။ တွဲသွားလို့မရဘူး။ သီးသန့်၊ သီးသန့်ဖြစ်အောင်စီစဉ်နေတာပါ။ စနစ်တကျမှ ရတယ်။ ကျန်းမာရေးလမ်းညွှန်ချက်တွေ ဖတ်ပြရတယ်။ ဘယ်လို နေထိုင်ရမယ်၊ ဘယ်လို သွားရမယ်။ တိုင်းဒေသကြီး ပြည်နယ်မှာ ချိတ်ဆက်ပြီး လိုအပ်တဲ့ Home Quarantine ပဲဖြစ်ဖြစ်၊ Facilities Quarantine ဖြစ်ဖြစ် စီစဉ်နိုင်အောင်စေလွှတ်ရတာပေါ့။"

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြန်ဆန်နေတာကြောင့် ထိုင်းနို်င်ငံက ခရိုင်အာဏာပိုင်တွေ အမိန့်နဲ့ နယ်မြေဖြတ်သန်းခွင့်တွေကို ပိတ်ပစ်လိုက်ပြီး မတ်လ ၂၆ ရက်နေ့မှာတော့ ထိုင်းတနိုင်ငံလုံးမှာ ညမထွက်ရ အမိန့် နယ်မြေဖြတ်သန်းခွင့်မရှိတဲ့ မာရှယ်လောအမိန့်ဟာ အတည်ဖြစ်တော့မယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG