ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) ဟာ သူ့ရဲ့ တရက်တာ မြန်မာခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို မြန်မာစစ်ခေါင်းဆောင်တွေထံ တဆင့်စကား ပါးခဲ့တယ်လို့ ပြောပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အရပ်ရပ်ကို မြန်မာလူထုကပဲ ဆုံးဖြတ်ရမယ်ဆိုတာ မှန်ပေမဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ဟာ အားလုံး ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ လိုမယ်လို့ မြန်မာစစ်ခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ထိုင်းဝန်ကြီးချုပ်ရဲ့ တရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ဟာ အဓိကကတော့ နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေ ပိုပြီး ခိုင်မာ အားကောင်းလာဖို့ ရည်ရွယ်တယ်လို့ ယူဆပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်းမှာတော့ ထိုင်းဝန်ကြီးချုပ်က သူ့ရဲ့ တရက်တာ မြန်မာခရီးစဉ်အပေါ် အလွန်အားရမိတယ်လို့ ပြောသွားပါတယ်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ဆက်စပ်နေတဲ့ အကြောင်းအရာ အတော်များများကို ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်ရဲ့ ပြောခွင့်ရသူ မစ္စတာ ပန်နိတန် ၀က်တနာယာဂွန်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
“၀န်ကြီးချုပ် အဘီဆစ် အနေနဲ့ အခုခရီးစဉ်နဲ့ ပတ်သက်ပြီး အလွန်တရာ ကျေနပ်အားရမိတယ်လို့ ပြောပါတယ်။ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ နယ်စပ်ကိစ္စ၊ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ ရွှေ့ပြောင်း အလုပ်သမားတွေ အရေးကိစ္စ၊ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာနိုင်မယ့် အခြေအနေ အလားအလာတွေ ဆွေးနွေးခဲ့ပါတယ်။
“နောက် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်နေတဲ့ အကြောင်းအရာတွေကိုလည်း မြန်မာခေါင်းဆောင်တွေကို တဆင့်စကား ပါးခဲ့ပါတယ်။ အချုပ်အားဖြင့်တော့ ၀န်ကြီးချုပ်အနေနဲ့ အခု ခရီးစဉ်အပေါ်မှာ အင်မတန် ၀မ်းမြောက်ရပါတယ်။”
မြန်မာနိုင်ငံမှာ လုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်မိတဲ့အကြောင်း ပြောခဲ့ပေမဲ့ ရွေးကောက်ပွဲအလွန် မြန်မာနဲ့ ဆက်ဆံရေးမှာ ပိုပြီး ပွင့်လင်းတဲ့ အခြေအနေ ဖြစ်လာလိမ့်မယ်လို့ ထိုင်းနိုင်ငံဘက်က မျှော်လင့်ထားပါတယ်။
“အာရှ၊ ဥရောပ ထိပ်သီးဆွေးနွေးပွဲ အပါအ၀င် နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ နိုင်ငံတကာ ခေါင်းဆောင်တွေကနေ အာဆီယံကို တိုက်တွန်း ပြောစေချင်တဲ့ သူတို့စိုးရိမ်မှုတွေကို မြန်မာခေါင်းဆောင်တွေကို အဓိက ပြန်လည်ပြောပြခဲ့ပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို မြန်မာပြည်သူတွေကပဲ ဆုံးဖြတ် ရွေးချယ် လုပ်ကိုင်ရမယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့အနေနဲ့ ဒီနိုင်ငံရေး လုပ်ငန်းစဉ်မှာ အားလုံး ပါဝင်နိုင်အောင် လမ်းဖွင့်ပေးဖို့ ပြောပါတယ်။
“ဒါပေမဲ့ ကျနော်တို့ဟာ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း မြန်မာအစိုးရနဲ့ အတူတကွ အလုပ်တွေ ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ စောင့်မျှော်နေပါတယ်။ ရွေးကောက်ပွဲ နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ ကိစ္စအတော်များများမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ပွင့်လင်းတဲ့ အခြေအနေ ၀န်းကျင် ရှိလာလိမ့်မယ်လို့လည်း ကျနော်တို့ဘက်က မျှော်လင့်ထားပါတယ်။”
မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လို ကူညီနိုင်မလဲ၊ ထိုင်းဘက်က မြန်မာအစိုးရကို ကမ်းလှမ်းခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ဒီကနေ့ ပြောပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံတကာ စိုးရိမ်မှုတွေကို သတိပြုမိပေမဲ့လို့ နိုင်ငံတကာ အကူအညီတွေ၊ ပြည်ပ အထောက်အပံ့တွေ မလိုအပ်ဘူးလို့ မြန်မာအစိုးရဘက်က တုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ စာရင်းပြုစု၊ မှတ်ပုံတင်ရေး ကိစ္စကိုတော့ ထိုင်းနဲ့မြန်မာကြားမှာ သဘောတူညီပြီးသား ဖြစ်ပေမဲ့ အခုခရီးစဉ် အတွင်းမှာ ပိုပြီး သေချာအောင်၊ ပိုပြီး နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်အောင် ဆွေးနွေးဖြစ်ခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ် ပြောခွင့်ရသူ မစ္စတာ ပန်နိတန်က ပြောပါတယ်။
“ထိုင်းနိုင်ငံတွင်းက တရားမ၀င် မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်ရေး ကိစ္စနဲ့ ပတ်သက်လို့လည်း ဆွေးနွေးပြောဆို ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်းက မြန်မာလူမျိုးတွေရဲ့ အခွင့်အရေးကို ဘယ်လို အကာအကွယ် ပေးနိုင်မလဲ ဆိုတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံအကြား အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ နှစ်ဘက် အပြန်အလှန် သဘောတူခဲ့ပါတယ်။
“မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ နေထိုင်နေစဉ် အတွင်းမှာ လူမှုရေး ၀န်ဆောင်မှုတွေ သင့်တော်သလို ခံစားခွင့်ရမယ်၊ သူတို့ရဲ့ အခွင့်အရေးတွေကိုလည်း အကာအကွယ် ပေးသွားမယ်ဆိုတဲ့ ထိုင်းအစိုးရရဲ့ ပိုင်းဖြတ်ချက်ကို ထိုင်းဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။”
နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နယ်စပ်ဂိတ်တွေ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ လအတန်ကြာ ကတည်းက ပိတ်ထားရတဲ့ မဲဆောက်၊ မြ၀တီဂိတ်ကို ပြန်ဖွင့်နိုင်ဖို့ ဆွေးနွေးသလို ထိုင်းတောင်ပိုင်းမှာ နောက်ထပ် အမြဲတမ်း ကုန်သွယ်ရေးဂိတ်တခု ဖွင့်နိုင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။
ဝန်ကြီးချုပ် အဘီဆစ် အနေနဲ့ မြန်မာနိုင်ငံကို သွားဖို့ အစီအစဉ် မူလက ရှိထားပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ရွှေ့ဆိုင်းခဲ့ရပြီး အခုမှ တကယ် သွားဖြစ်ခဲ့တာပါ။ ထိုင်း ဒီမိုကရက်တစ် ပါတီရဲ့ ၀န်ကြီးချုပ်တဦး အနေနဲ့ မြန်မာနိုင်ငံကို သွားရောက်တာ စစ်အစိုးရ လက်ထက်မှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။
ထိုင်း ဒီမိုကရက်တစ် ပါတီရဲ့ ၀န်ကြီးချုပ် အနေနဲ့ မြန်မာအစိုးရနဲ့ နိုင်ငံရေးအရ ဆက်ဆံရမှာ တွန့်ဆုတ်ပေမဲ့လို့ ဒီခရီးစဉ် ဖြစ်လာဖို့အတွက် ထိုင်း စီးပွားရေးသမားတွေက ထိုင်းဝန်ကြီးချုပ်ကို ဖိအားပေးခဲ့ကြတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ ဒါကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ထိုင်းဘက်က အခုခရီးစဉ်မှာ ပိုပြီး အလေးထားလိမ့်မယ်လို့ တွက်ဆရပါတယ်။
ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကတော့ မြန်မာနိုင်ငံကို သွားရောက်ဖူးပြီး မြန်မာအစိုးရနဲ့ အတော်လေး နီးနီးစပ်စပ် ရှိခဲ့ပေမဲ့ ထိုင်း ဒီမိုကရက်တစ် ပါတီဘက်ကတော့ မြန်မာအစိုးရနဲ့ အရင်က ခပ်ခွာခွာ ဆက်ဆံခဲ့ပါတယ်။