သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စွမ်းအင်မှီခိုမှုကြောင့် ထိုင်းအပေါ် မြန်မာ ချယ်လှယ်နိုင်


တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြား အခု ဖောက်လုပ်နေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဟာ မြန်မာစစ်အစိုးရအတွက် ထိုင်းနိုင်ငံရေးကို ချယ်လှယ်နိုင်တဲ့ ကျားကွက်တခု ဖြစ်လာနိုင်တယ်လို့ မြန်မာ့တပ်မတော် အရာရှိဟောင်းတဦးက သုံးသပ် ဝေဖန်လိုက်ပါတယ်။ ဒါ့အပြင် အခု ထိုင်း၊ မြန်မာ နယ်စပ်ဂိတ်တွေ ပိတ်ထားတာလည်း နိုင်ငံရေး ကစားကွက် တမျိုးလို့ ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နှစ်နိုင်ငံကြားက နယ်စပ်ဂိတ်တွေထဲက မြဝတီ-မဲဆောက်ဂိတ်ကို မြန်မာဘက်က ဇူလိုင်လ ၁၇ ရက်နေ့ကစပြီး ပိတ်ထားလိုက်တာဟာ နယ်စပ်ပြဿနာထက် နိုင်ငံရေး ပြဿနာကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာနေတာမို့ ထိုင်း၊ မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးမှာ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သဘောထားကို သိရဖို့ တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို မေးကြည့်ပါတယ်။

“ထိုင်းနဲ့ပတ်သက်ပြီး လူကြီးတွေ၊ အထူးသဖြင့် လက်ရှိခေါင်းဆောင်ကြီးပေါ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့က ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး တစိတ်တပိုင်း၊ အထူးသဖြင့် ထိုင်း၊ မြန်မာ Border ဧရိယာပေါ့၊ ဂိတ်တွေရှိမယ် ကုန်းလမ်းကဆိုရင်၊ အောက်လမ်းကဆိုရင် ပင်လယ်ပြင်တွေ ရှိပါတယ်၊ ဒီဂိတ်တွေ၊ ပင်လယ်ပြင်တွေဟာ မြန်မာဘက်က ပိတ်လိုက်တယ်ဆိုရင် ထိုင်းပြည်သူပြည်သားတွေက အကုန်လုံး အသံထွက်လာကြတာပဲ။

“ထိုင်းပြည်သူပြည်သား အသံထွက်လာတဲ့အခါမှာ ထိုင်းနိုင်ငံရေးပါတီ၊ ထိုင်းအစိုးရပါ ထိတယ်ဆိုတဲ့ အနေအထားမျိုးကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က ကိုင်ထားပြီးသားပါ။ ဒါ ထိုင်းနဲ့ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး တစိတ်တပိုင်းကို ထိန်းလို့ရတယ်ဆိုတဲ့ အတွေးအခေါ်မျိုး ရှိခဲ့ပါတယ်။”

ဒီလို အတွေးအခေါ်မျိုး ရှိခဲ့တာကို ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) မြန်မာနိုင်ငံကို လာခဲ့ချိန်က မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးအပြီး ပြောဆိုချက်တွေအရ သိရတယ်လို့ ဆိုပါတယ်။

“၁၉၉၅-၉၆ လောက်က သက်ဆင် နိုင်ငံခြားရေးဝန်ကြီး ဘဝမှာ မြန်မာပြည်ကို လာလည်တာ ရှိပါတယ်။ နိုင်ငံခြားသားနဲ့ မြန်မာ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါဖြစ်စေ၊ ပြည်တွင်းက အရေးကြီးတဲ့ နိုင်ငံရေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါဖြစ်စေ၊ အဲဒီအချိန် အဲဒီအခါက ကျနော်တို့ ထောက်လှမ်းရေး၊ ကက(လှမ်း) ကနေ အသံခိုးဖမ်းရပါတယ်။ ခိုးဖမ်းတဲ့ အသံသွင်း တိပ်ခွေကို မှတ်တမ်းထားရပါတယ်။

“အဲဒီလို အသံဖမ်းတဲ့ အခါမှာလည်း၊ ဥပမာ ကျနော်ဆိုရင် နယ်စပ်နဲ့ဆိုင်တဲ့ ဌာနမှာ နေတဲ့အတွက် အဲဒီလိုနေ့မျိုးရဲ့ Meeting တွေမှာ အသံခိုးဖမ်းတဲ့ အခန်းကနေပြီး နားထောင်ခွင့် ရှိပါတယ်။ သက်ဆင်နဲ့တုန်းကတော့ စီးပွားရေးကိစ္စပဲ ပြောပါတယ်။ အဓိက နယ်စပ်ကိစ္စမှာ Border တွေ ဖွင့်ပေးဖို့၊ ပင်လယ်ပြင် ငါးဖမ်းခွင့်တွေရဖို့၊ သက်ဆင် ဝန်ကြီးချုပ် မဖြစ်ခင်မှာ ဝန်ကြီးချုပ် ချွမ်လိပိုင် (Chuan Leekpai) လက်ထက်တုန်းက ပိတ်ထားခဲ့တဲ့ ထိုင်း Border မှာရှိတဲ့ ကုန်းပိုင်း၊ ပင်လယ်ပိုင်းက ငါးဖမ်းခွင့်တွေကို ဖွင့်ပေးဖို့ မေတ္တာရပ်ခံခဲ့တာတွေ ရှိပါတယ်။

“ဧည့်သည် သက်ဆင်တို့ ပြန်သွားပြီးရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့၊ ဗိုလ်ချုပ်ကြီး မောင်အေးတို့က ဒီအစည်းအဝေးခန်းထဲမှာ ပြန်ထိုင်ပြီးတော့မှ သူတို့လုပ်ခဲ့တဲ့ အစည်းအဝေးကို ပြန်ပြီး Review လုပ်ကြပါတယ်။ အဲလိုပြောတဲ့အခါမှာလည်း ကျနော်တို့က အခန်းထဲက ကြားနေရပါတယ်။ အဲဒီအချိန်မှာ ကျနော်ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပြောတာပါ၊ ငါတို့ ထိုင်းနိုင်ငံနဲ့ ပတ်သက်တဲ့ တစိတ်တပိုင်း နိုင်ငံရေးကို ကိုင်လို့ရတယ်ဆိုတဲ့ အနေအထားမျိုး၊ Border ဧရိယာနဲ့ ပင်လယ် ငါးဖမ်းမှုတွေနဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးကို လှုပ်လို့ရတယ်ဆိုတဲ့ အနေအထားမျိုး သူတို့ အချင်းချင်း ပြောတဲ့ဟာကို ကျနော် အဲဒီအချိန်က ကြားခဲ့တာပါ။ အခုလည်း ဒီလမ်းစဉ်အတိုင်းပဲ သွားနေတဲ့ အနေအထားမျိုးပဲ ဖြစ်ပါတယ်။”

ဒီလို ချုပ်ထိန်းနိုင်တဲ့ အနေအထားမျိုးမှာ အခု တရုတ်၊ မြန်မာ နှစ်နိုင်ငံအကြား ရခိုင်ကမ်းလွန်ကနေ တရုတ်နိုင်ငံ ကူမင်းအထိ သွယ်တန်းမယ့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသာ ဖောက်လုပ် ပြီးစီးသွားမယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဟာ မြန်မာနိုင်ငံပေါ်မှာ အများကြီး မူတည်သွားဖို့ ရှိတယ်လို့လည်း သုံးသပ်ပါတယ်။

“အခုလက်ရှိ အခြေအနေမှာ ထိုင်းက မြန်မာနိုင်ငံက ဂက်စ်နဲ့ ပတ်သက်ပြီး မှီနေရတဲ့ အနေအထား ရှိပါတယ်။ မြန်မာပြည်ကလည်း ထိုင်းကနေ ဂက်စ်ပိုက်ဆံ ရတဲ့အတွက်ကြောင့် တော်တော်များများ နိုင်ငံရဲ့ စီးပွားရေးအရ လုပ်ချင်သလို လုပ်လာနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ နိုင်ငံရဲ့ စီးပွားရေးထက် အဏုမြူတို့၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံပြီးတော့မှ ဒုံးပျံဝယ်တဲ့ ကိစ္စတွေ၊ တရုတ်ဆီက စစ်လက်နက်ပစ္စည်းတွေ ဝယ်တဲ့ကိစ္စတွေ၊ ရုရှားနဲ့ ပေါင်းတဲ့သင်းတဲ့ ကိစ္စတွေဟာ ထိုင်းကရတဲ့ငွေပေါ် မူတည်ပြီးတော့မှ လှုပ်ရှားလာနိုင်တဲ့ အနေအထားမျိုး ဖြစ်ပါတယ်။

“သို့သော် အခုအချိန်မှာတော့ ထိုင်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနေနဲ့ အရှင်ပဲ ထားမှာပဲ။ တခါတလေကျရင်လည်း ပညာပေးမယ်၊ တခါတလေကျရင်လည်း ဖွင့်ပေးမယ်။ ဒီလိုပဲ ထိုင်း Politics ကို သူကစားလိမ့်မယ်။ တရုတ်နဲ့ ဂက်စ်ပိုက်လိုင်းကို စပြီး စာချုပ်ချုပ် လုပ်နေပြီ။ အကယ်၍သာ တရုတ်နဲ့လုပ်တဲ့ကိစ္စ ပြီးသွားရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးဟာ မြန်မာပြည်အပေါ်မှာ အများကြီး သွားတည်ပါလိမ့်မယ်။

“ထိုင်းရဲ့ စီးပွားရေးကလည်း ကျနော်တို့ မြန်မာနယ်စပ် Border မှာ ပိုပြီးတော့ စီးပွားရေး ပိုဖြစ်ပါတယ်။ ကမ္ဘောဒီးယားနယ်စပ်တို့၊ မလေးရှားနယ်စပ်တို့က ကျနော်တို့ မြန်မာပြည် နယ်စပ်လောက် အခြေအနေ မကောင်းပါဘူး။ ဒါကြောင့် မြန်မာအစိုးရကို ထိုင်းကနေ သွားပြီး ဘယ်တော့မှ ဒေါ်အောင်ဆန်းစုကြည် ကိစ္စနဲ့ သော်လည်းကောင်း၊ ကျန်တဲ့ ဒီမိုကရေစီ ကိစ္စနဲ့ သော်လည်းကောင်း ဘယ်တုန်း၊ ဘယ်အခါကမှ နားချခဲ့တဲ့ အနေအထား မရှိပါဘူး။”

မြန်မာနိုင်ငံဆီက စွမ်းအင်ကို မှီခိုနေရတဲ့ ထိုင်းနိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ နောက်ထပ် နှစ် ၃၀ ဝယ်ယူဖို့အတွက် စာချုပ် ချုပ်ဆိုနိုင်ခဲ့တာမို့ ထိုင်းနိုင်ငံရဲ့ စွမ်းအင် လိုအပ်ချက်အတွက် စိတ်ချရပြီလို့ ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာဘက်က ထိုင်း၊ မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား ပိတ်ထားတဲ့အတွက် ထိုင်းကုန်သည်တွေဘက်က တနေ့ကို ဘတ်သန်း ၁၀၀ လောက် နစ်နာနေတယ်လို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

XS
SM
MD
LG