ထိုင်းမြန်မာနယ်စပ်မှာ မြန်မာနိုင်ငံ တာချီလိတ်ကပို့လာတဲ့ ကာလတန်ဖိုးဘတ်ငွေ သန်း ၁,၀၀၀ ကျော် တန်ဖိုးရှိတဲ့စိတ်ကြွဆေး ပြား (၆) သန်းကို ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၃ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း ချင်းရိုင်ရဲတပ်ဖွဲ့က စက်တင်ဘာလ ၄ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံ တာချီလိတ်မြို့က မူးယစ်ဂိုဏ်းဝင်တွေက ဘတ်ငွေသန်း ၁,၀၀၀ ကျော် တန်ဘိုးရှိတဲ့ စိတ်ကြွဆေးပြားတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းအထိပို့ဆောင်ဖို့ အခကြေးငွေပေးပြီးစေခိုင်းခဲ့တာြဖစ်ကြောင်း ချင်းရိုင်ခရိုင် အမှတ် (၅) ဒေသ ရဲမှူး ဝိုရဖုန်း ခန်လေရာက Pol. Maj. Gen. Worapong Khamluea က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
“တဘက်နိုင်ငံကဝင်ရောက်လာတဲ့ စိတ်ကြွဆေးပြားတွေကို စက်တင်ဘာ ၃ ရက်နေ့က Chiang Saen District. (ချင်းစန် မြို့နယ်) အတွင်းမှာ ဖမ်းမိခဲ့ပါတယ်။ မောင်းပြေးတဲ့ကားနှစ်စီးနဲ့ ရှေ့ ပြေးဆိုင်ကယ်နှစ်စီးနောက်ကို ရဲတပ်ဖွဲ့ကလိုက်လံဖမ်းဆီးရာမှာ စိတ်ကြွဆေး ၆ သန်းကိုဖမ်းမိခဲ့တာ” လို့ဆိုပါတယ်။
ရဲတပ်ဖွဲ့တွေက ဆက်လက် လိုက်လံရှာဖွေဖမ်းဆီးခဲ့ရာမှာတော့ ထိုင်း တောင်ပေါ်တိုင်းရင်းသားကဒ် ကိုင်ဆောင်ထားတဲ့ မြန်မာနွယ်ဖွားအမျိုးသား ၆ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ကားပေါ်က ဆာလာအိတ်ပေါင်း ၃၀ အတွင်းမှာ စိတ်ကြွဆေးပြား ၆ သန်းကို တွေ့ရှိခဲ့ရပြီး ဒီစိတ်ကြွေဆးတွေဟာမြန်မာနိုင်ငံ တာချီလိတ် ဘက်ကနေ မူးယစ်ကုန်သည်တွေက အခကြေးငွေ ဘတ် ၃ သိန်းပေးပြီး သယ်ဆောင်ခိုင်းခဲ့တာလို့ ဖမ်းမိသူတွေက ထွက်ဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံအတွင်းပိုင်းကိုပို့ဆောင်ပေးခဲ့တာဟာ အခုတကြိမ်နဲ့ဆို လေးကြိမ်မြောက်ဖြစ်ကြောင်းလည်း စစ်ဆေးတွေ့ရှိရတယ်လို့ ပြောသွားပါတယ်။
Forum