သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း- မြန်မာ ချစ်ကြည်ရေးအမှတ် ၂ တံတား ဖွင့်တော့မည်


မဲဆောက်-မြဝတီ မြေပုံ
မဲဆောက်-မြဝတီ မြေပုံ

မတ်လ (၁၉)ရက် အင်္ဂါနေ့မှာ စတင် ဖွင့်လှစ်မယ့် မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၂) တံတားဖွင့်ပွဲ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha တို့ တက်ရောက်မှာဖြစ်ကြောင်း တနင်္ဂနွေနေ့ ထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖေါ်ပြထားပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပိုမိုလွယ်ကူ ချောမွေ့စေဖို့ ထပ်မံ တည်ဆောက် ထားတဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၂)တံတား ကို မနက်ဖြန်မှာ စတင်ဖွင့်လှစ်ဖို့ အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ထိုင်း တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို ဘန်ကောက်ပို့စ်မှာ ဖေါ်ပြထားပါတယ်။

မဲဆောက်-မြဝတီ ချစ်ကြည်ရေးအမှတ် (၂)တံတားဟာ ထိုင်းနိုင်ငံ Tak ခရိုင်က မဲဆောက်မြို့နဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီ မြို့ ကြားက သောင်ရင်းမြစ်ကို ဖြတ်သန်းတည်ဆောက်ထားတာဖြစ်ပြီး မဲဆောက်မြို့တော်ဝန် Therdkiat Chinsoranand ကိုယ်တိုင်လည်း တံတားဖွင့်လှစ်ဖို့ ပြင်ဆင်မှုတွေကို တနင်္ဂနွေနေ့က ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီတံတားမှာရှိတဲ့ နယ်စပ်ဂိတ်ကိုလည်း အင်္ဂါနေ့မှာ ဖွင့်လှစ်မှာဖြစ်ပါတယ်။

နှစ်နိုင်ငံ ထိပ်ပိုင်းခေါင်းဆောင်တွေကိုယ်တိုင် တက်ရောက်မယ့် အင်္ဂါနေ့ တံတားဖွင့်ပွဲ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုကို ဒီကနေ့ တနင်္လာနေ့မှာ အပြီးသတ်မှာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေ အဆင်ပြေစေဖို့ ယာယီတဲတွေနဲ့ သန့်စင်ခန်းတွေကို ထိုင်းဘက်က စီစဉ်ထားပါတယ်။ ထိုင်းမြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ထိုင်းဘက်က ၂၀၁၅ ခုနှစ် သြဂုတ်လမှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ထိုင်းဘတ်ငွေသန်းပေါင်း ၃၉၀၀ နီးပါးကုန်ကျခဲ့တဲ့ တံတားဟာ မြန်မာဘက်ခြမ်းမှာ ၄ ကီလိုမီတာရှည်ပြီး ထိုင်းဘက်ခြမ်းမှာတော့ ၁၇ ကီလိုမီတာ ရှည်ပါတယ်။ ပထမဦးဆုံး ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားကို စစ်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG