ထိုင်းနဲ့ မြန်မာအတွက် နယ်စပ်ကုန်သွယ်ရေးမှာ ပိုပြီးလွယ်ကူချောမွေ့စေဖို့ အမှတ်(၂)တံတားကို ဖွင့်လှစ်ရေးကို လာမဲ့ ဧပြီလဆန်းမှာ ဖွင့်လှစ်ဖို့အတွက် နှစ်ဖက်တာဝန်ရှိသူတွေက ဖေဖော်ဝါရီလ ၂၁ရက်နေ့မှာ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီခဲ့ကြတယ်။ မြန်မာဘက်က လိုအပ်နေတဲ့
ကွန်ပြူတာနဲ့ နည်းပညာဆိုင်ရာကိစ္စများကိုလည်း ထိုင်းဘက်က ဂျပန်အဖွဲ့အစည်းကို အကူညီတောင်းပြီးရှာဖွေပေးသွားမယ်လို့ ဆိုပါတယ်။
မအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းမြန်မာနယ်စပ်မှာ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိုမိုပြီးအထောက်အကူဖြစ်စေဖို့ မဲဆောက်မြ၀တီချစ်ကြည်ရေးအမှတ် (၂) တံတားကို ထိုင်းနိုင်ငံဘက်က ၂၀၁၅ ခုနှစ် သြဂုတ်လကစပြီး စတင်တည်ဆောက်ပေးခဲ့တာပါ။ ထိုင်းဘတ်ငွေသန်းနဲ့ချီပြီး ကုန်သွယ်မှုလုပ်နေတဲ့ တန်အလေးချိန်များတဲ့ ကုန်ပစ္စည်းတွေကို အဲဒီ တံတားအသစ်ကနေ ဖြတ်သန်းသွားလာတော့မှာဖြစ်ပါတယ်။ ၂နိုင်ငံ တာဝန်ရှိသူတွေက ဧပြီလ ၃ရက်ကနေ ၅ ရက်နေ့အတွင်းဖွင့်လှစ်နိုင်ဖို့ လျာထားတဲ့အကြောင်း ထိုင်းမြူနီစပယ်ဌာနက အကြံပေးအဖွဲ့ဝင်တဦးက အခုလိုပြောပြပါတယ်။
“သုံး၊ လေး၊ ငါးရက် ဧပြီလမှာဖွင့်မယ်။ ၃ ရက်နေ့၊ ၄ရက်နေ့၊ ၅ရက်နေ့၊ တရက်ရက်ပေါ့။ ထိုင်းမလိုတော့ဘူး။ မြန်မာဘက်ကို စောင့်နေတာပေါ့။ နောက်ဘယ်ရက်ဖြစ်နိုင်မလဲပေါ့။ မြန်မာဘက်မှာ ပိုက်ဆံနည်းနည်းလိုမယ်။ မီးမရှိ၊ ကွန်ပြူတာမရှိ၊ ဘာမမရှိ ဖြစ်နေတယ်လေ။ ထိုင်းဘက်က ဂျိုက်ကာဆိုတဲ့ ဂျပန်အဖွဲ့ အစည်းကို အဆက်အသွယ်လုပ်ပေးမယ်ပေါ့။ ထိုင်းက ကူညီပေးမှာပေါ့။”
ထိုင်းနိုင်ငံ အဝေးပြေးလမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့ဝင်တွေနဲ့ မြန်မာဘက်ကလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းတံတားဦးစီးဌာရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ခေါင်းဆောင်တဲ့ အဖွဲ့ဝင်များတက်ရောက်ဆွေးနွေးခဲ့တာပါ။ ဒီနှစ်ဖက် ဆွေးနွေးပွဲအပြီးမှာတော့ ထိုင်းအာဏာပိုင်တွေက ဒီတံတားကို ဧပြီလဆန်းမှာ ဖွင့်မှာဖြစ်တဲ့အကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။
ထိုင်းမြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားကို ထိုင်းဘက်က ဘတ်ငွေသန်းပေါင်း ၃၉၀၀နီးပါး အကုန်ကျခံပြီး ဆောက်လုပ်ပေးခဲ့တာဖြစ်ပါတယ်။ မဲဆောက်-မြ၀တီ အမှတ် (၂) ချစ်ကြည်ရေးတံတားအရှည်ကတော့ မြန်မာဘက်ခြမ်းမှာ ၄ကီလိုသာရှည်ပြီး ထိုင်းဘက်ခြမ်းမှာတော့ ၁၇ကီလိုမီတာ ရှည်ပါတယ်။
ဒီတံတားပြီးရင်တော့ ထိုင်းဘက်က ကုန်စည်စီးဆင်းမှုတွေက ကြန့်ကြာမှုတွေမရှိတော့ ပိုမိုလွယ်ကူသွားမှာဖြစ်လို့ ထိုင်းဘက်ကတော့ အမြန်ဖွင့်လှစ်နိုင်ရေး ကြိုးစားနေတာဖြစ်ပါတယ်ရှင်။