သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု အပါအဝင် နယ်စပ်ပြဿနာများ ထိုင်းမြန်မာ စည်းဝေး


ထိုင်းမြန်မာနယ်စပ် မြန်မာဒုက္ခသည်များ။
ထိုင်းမြန်မာနယ်စပ် မြန်မာဒုက္ခသည်များ။

ထိုင်း- မြန်မာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ စစ်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ အတွက် နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။လူကုန်ကူးမှု အဆိုးဆုံး အဆင့်သတ်မှတ်ခံထားရတဲ့ ထိုင်းနိုင်ငံနဲ့ လူကုန်ကူးမှု စောင့်ကြည့်စာရင်း သတ်မှတ်ခံထားရတဲ့ မြန်မာတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဒေသတွင်း လူကုန်ကူးမှု လျော့ကျ လာသလား ဆိုတာနဲ့ နယ်စပ်ဒေသ မူးယစ်ကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေ အလားအလာတွေကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ ဒေသတွင်း နယ်စပ်ရေးရာ ကော်မတီ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံ စစ်ရေး ဆက်ဆံရေး၊ လူကုန်ကူးမှုနဲ့ မူးယစ်ကုန်ကူးမှု၊ နယ်စပ်ဒေသ တည်ငြိမ်ရေးတို့ အပါအဝင် သဘောတူညီချက် ၁၂ ချက် ရခဲ့ပါတယ်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် တက်ရောက်ခဲ့သူ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်က သဘောတူညီချက် တချို့ကို အခုလို ပြောပါတယ်။

"ကျနော်တို့ နယ်စပ်မှာ ရှိတဲ့ ပြည်သူလူထု နှစ်ဖက်ပေါ့နော် အေးအေး ချမ်းချမ်း နေနိုင်ဖို့ အတွက် လုံခြုံရေး ကိစ္စတွေ ဆောင်ရွက်မယ့် အစီအမံပေါ့၊ နောက် တခုက မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးပေါ့နော် အဲဒီအချက်တွေ သဘောတူညီမှုရတယ်။ ကျန်တာတွေကတော့ စစ်တပ်က အပိုင်းတွေ ဖြစ် ပါတယ်နော်။"

ထိုင်းတော်ဝင် တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး Sathit Pattharat ဦးဆောင်တဲ့ ထိုင်းကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာ့တပ်မတော်က ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ ခေါင်းဆောင်ကြတဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့တို့ ချင်းမိုင်မြို့ Imperial Mae Ping ဟိုတယ်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ရေးရာ ကိစ္စတွေကို ၂ ရက်ကြာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၄ အမေရိကန် နိုင်ငံခြားရေး ဌာနက ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာမှာ အဆိုးဆုံး Tier 3 အဆင့် သတ်မှတ်ခံခဲ့ရသလို လတ်တလောမှာလည်း ဒေသတွင်း လူကုန်ကူးမှု ကိစ္စရပ်တွေ ထပ်မံ ပေါ်ပေါက်လာပြီးနောက်မှာ နိုင်ငံတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကိုအင်တိုက်အားတိုက် လုပ်ဆောင်လာခဲ့တာပါ။ မြန်မာနိုင်ငံကိုတော့ Tier 2 အဆင့် သတ်မှတ်ပြီး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်ကလည်း လတ်တလော ဖြစ်ပေါ်နေတဲ့ လှေစီးပြေး ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာတွေ ထွက်ပြေးကြတာ မဟုတ်ဘဲ လူကုန်ကူးမှု ပြဿနာ ဖြစ်တယ်လို့ ဒီရက်ပိုင်း အတွင်းမှာဘဲ ဦးတည် ပြောဆိုနေတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အစိုးရတို့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုကို ပူးပေါင်းတိုက်ဖျက်နေတဲ့ လုပ်ငန်းစဉ်အပေါ်မှာတော့ ထိုင်းနိုင်ငံတွင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးကျော်သောင်းကတော့ အခုလို ရှုမြင်ပါတယ်။

"လူတွေရာ၊ ထောင်ချီပြီး လာနေတာ ဒီနှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်တဲ့ နေရာတွေမှာ တာဝန်ကျတဲ့ နှစ်နိုင်ငံ အရာရှိတွေနဲ့ လုံး၀ ပါဝင် ပတ်သက်တယ်။ ထိုင်းနိုင်ငံမှာ ဆိုလို့ ရှိရင်လည်း ရဲတပ်ဖွဲ့ရော၊ ရပ်ကျေး အုပ်ချုပ်တဲ့ လူတွေ အထိကို လူပေါင်း ၅၀ ကျော်ကို ဝရမ်းထုတ်ထားတယ်။ နောက် အဓိက အကြောင်းအရာ တခုက ကျနော်တို့ မြန်မာနိုင်ငံထဲမှာ အလုပ်လုပ်ပြီးတော့ ၀၀လင်လင် ထမင်းနဲ့ တူတဲ့ ထမင်း စားစရာ အလုပ်မရှိသေးဘူး။ အဲဒါကြောင့်မို့လို့ အရွယ်ရောက်ပြီးတဲ့လူတိုင်း၊ အလုပ်လုပ်နေတဲ့ လူတိုင်း ဒီထိုင်းနိုင်ငံကို နိစ္စဒူ၀ ထွက်နေကြတာဘဲ။"

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေမှာ နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေကြား ပုဂ္ဂိုလ်ရေး ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိဖို့ကလည်း အရေးကြီးတယ်လို့ မူးယစ်ရဲမှူးကြီးဟောင်း ဦးခမ်းအောင် ကလည်း ထောက်ပြပါတယ်။

"ကျနော်တို့ တာဝန်ထမ်းဆောင်ခဲ့တုန်းကလည်း Cooperation (ပူးပေါင်းဆောင်ရွက်မှု) က အတော်ကောင်းပါတယ်။ နောက်ပြီးတော့ တခုရှိတာက Personal Attachment ပေါ့ ၊ ကျနော်တို့ Relationship က အရမ်းကောင်းပါတယ်။ တခုခု ဖြစ်ပြီဆိုရင် တယ်လီဖုန်းလေး ကောက်ဆက်ရင် တောင်မှ ကျနော်တို့ အလုပ်လုပ်လို့ ရတဲ့ အဆင့်ထိကို ကျနော်တို့က Establish (တည်ဆောက်) ထားတာပါ။ ဆိုတော့ အခုနောက်ပိုင်းကျတော့ ကျနော်ထင်တယ် အဲဒီအပိုင်းမှာ နည်းနည်းလေး အားနည်းမလားလို့။ ကျနော် အဲလိုတော့ မြင်တယ်။ ဘာလို့လည်း ဆိုတော့ လူတွေက အပြောင်းအလဲတွေ ဖြစ်တာများတယ်။ သူတို့ဘက်လည်း အပြောင်းအလဲတွေ များတယ်။ ကျနော်တို့ ဘက်လည်း အပြောင်းအလဲတွေ များတယ်။ လူသစ်တွေက အဲဒီအဆင့်ထိကို ပြန်ပြီးတော့ Cooperation (ပူးပေါင်းဆောင်ရွက်မှု) မရနိုင်ဘူးထင်တယ်။"

ချင်းမိုင်မြို့က နှစ်နိုင်ငံ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးပွဲမှာတော့ နယ်စပ်ဒေသ လုံခြုံရေး၊ နှစ်နိုင်ငံ နယ်စပ်တလျှောက် စစ်ရေးဆက်ဆံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်တွေ၊ နောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ လက်နက်ကုန်ကူးမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ထိုင်း မြန်မာ နယ်စပ်မှာ နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ညီအမ ကျေးရွာ တခု တည်ဆောက်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။

XS
SM
MD
LG