သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း၊ မြန်မာ ဒုက္ခသည်စခန်း လူစာရင်းကောက်ခံမှု ကူညီရေးအဖွဲ့တွေ ကြိုဆို


ထိုင်း၊ မြန်မာ ဒုက္ခသည်စခန်း လူစာရင်းကောက်ခံမှု ကူညီရေးအဖွဲ့တွေ ကြိုဆို
ထိုင်း၊ မြန်မာ ဒုက္ခသည်စခန်း လူစာရင်းကောက်ခံမှု ကူညီရေးအဖွဲ့တွေ ကြိုဆို

ထိုင်းအစိုးရက မြန်မာဒုက္ခသည် လူဦးရေစာရင်း ကောက်ယူနေတာကို ဒုက္ခသည်အရေးတွေ အကူအညီပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGO တွေက ကြိုဆိုလိုက်ပါတယ်။ အဲဒီလို လူဦးရေစာရင်း ကောက်ယူတာကြောင့် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလဲ ဆိုတာကို မေးမြန်းစုံစမ်းထားတဲ့ ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ထိုင်းဘက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုထဲက ၃ ခုမှာ ဒုက္ခသည် လူဦးရေစာရင်း ကောက်ယူတာကို ထိုင်းအစိုးရက မေလကုန်ကတည်းက စလုပ်နေပါတယ်။ ထိုင်းနိုင်ငံ တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူးရဲ့ အမိန့်နဲ့ မယ်လ၊ အုန်းဖျန်နဲ့ နို့ဖိုးစခန်းတွေမှာ စလုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

အခုလို ဒုက္ခသည်စာရင်း ကောက်တာကို TBBC ခေါ် ထိုင်း၊ မြန်မာနယ်စပ် ကူညီရေး အဖွဲ့ကြီးက ဒုတိယ အလုပ်အမှုဆောင် ဒါရိုက်တာ ဆယ်လီ သော်မ်ဆင်က ကြိုဆိုလိုက်ပါတယ်။

“အခုလို သန်းခေါင်စာရင်းကောက်တာ ကောင်းပါတယ်။ ရှေ့သွားမယ့် လုပ်ငန်းစဉ် တခုပဲလို့ ကျမ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစခန်းတွေထဲမှာ ၂၀၀၅ ခုနှစ်ကတည်းက ပြည့်စုံတဲ့ ဒုက္ခသည် စာရင်းသွင်းတာမျိုး မရှိခဲ့သေးဘူးလေ။”

ဘာကြောင့် အခုလို ကြိုဆိုရပါလဲ ဆိုတာကိုတော့ ဆယ်လီ သော်မ်ဆင်ကပဲ ဒီ တပ်ခ်ခရိုင်မှာ သန်းခေါင်စာရင်း ကောက်ရာကနေ အခြားနယ်စပ်က စခန်းတွေအထိပါ ဆက်ဖြစ်သွားပြီး ဒုက္ခသည် တရားဝင် စာရင်းသွင်းတဲ့ လုပ်ငန်းစဉ် ပထမအဆင့်အဖြစ် ဆက်ဖြစ်သွားနိုင်မယ်လို့ မျှော်လင့်ထားလို့ပါလို့ ဆိုပါတယ်။

ဒီ နယ်စပ်တလျှောက် စခန်းတွေထဲမှာ ဒုက္ခသည်ပေါင်း ၁၄၀,၀၀၀ ကျော်ရှိတယ်လို့ အကူအညီပေးတဲ့ အဖွဲ့တွေက ယူဆထားကြပါတယ်။ အဲဒီအထဲမှာ တရားဝင် စာရင်းမသွင်းရသေးတဲ့ သူတွေလည်း အများအပြား ရှိနေတာမို့ သူတို့အတွက်လည်း ဒီလုပ်ငန်းစဉ်ကြောင့် လက်တွေ့မှာ အထောက်အကူ ပြုနိုင်တယ်လို့ မစ်စ် သော်မ်ဆင်က ဆက်ပြောပါတယ်။

“လောလောဆယ် မှတ်တမ်းတွေအရတော့ ဒီစခန်းတွေထဲမှာ စာရင်းမသွင်းရသေးတဲ့လူပေါင်း ၆၀,၀၀၀ ကျော် ရှိပါတယ်။ ဒါက အစိုးရက အသိအမှတ်ပြုထားတဲ့ တရားဝင် စာရင်းတော့ မဟုတ်ပါဘူး။ ကျမတို့ အစားအသောက် ထောက်ပံ့ပေးတဲ့ နေရာမှာ သုံးနေတဲ့ စာရင်းပါ။”

မစ်စ် သော်မ်ဆင်ကပဲ ဒီ စာရင်းမသွင်းရသူတွေ အနေနဲ့ အခြားသူတွေလို တတိယနိုင်ငံသွားဖို့ အခွင့်အရေးတွေ၊ ပညာသင်ဖို့နဲ့ အခြား လုပ်ငန်းဆောင်တာတွေမှာ ပါဝင်နိုင်ဖု့ိ အခွင့်အလမ်းတွေ မရကြဘူးလို့ ဆိုပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက ဆိုရင် ဒီဒုက္ခသည်ပေါင်း ၇၀,၀၀၀ ဟာ တတိယနိုင်ငံတွေမှာ အခြေချ နေထိုင်ကြရပြီး အများဆုံးကတော့ အမေရိကန်နိုင်ငံကို ရောက်သွားကြတာ ဖြစ်ပါတယ်။

အခုလို တရားဝင် စာရင်းမသွင်းရသေးတဲ့ ဒုက္ခသည် အများအပြား ရှိနေတာကို UNHCR ခေါ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အာရှဒေသရဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်တီ မက်ကင်ဆီကလည်း သဘောတူပါတယ်။

“ဒီ ထိုင်းနိုင်ငံမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ စာရင်းမသွင်းရသေးတဲ့ ဒုက္ခသည်တွေ ရှိနေတာကို ဘယ်သူမှ အံ့သြကြတော့မှာ မဟုတ်ပါဘူး။ ဒါကို သိလာခဲ့တာ ကြာပြီပဲ။ ဒါပေမဲ့ ဘာက အရေးကြီးတာလဲ ဆိုတော့ ထိုင်းအာဏာပိုင်တွေက ဒီဒုက္ခသည် ဘယ်လောက် အတိအကျရှိလဲ ဆိုတာ သိချင်တဲ့ ကိစ္စပါ။”

ဒါပေမဲ့ မစ်စ် မက်ကင်ဆီကပဲ ဒုက္ခသည်အဖြစ် သတ်မှတ်ပြီး တရားဝင် စာရင်းသွင်းတဲ့ အဆင့်နဲ့ လက်ရှိ ထိုင်းအစိုးရက လုပ်နေတဲ့ ဒုက္ခသည် လူဦးရေ အရေအတွက် ကောက်ယူတာနဲ့ဟာ လုပ်ငန်းစဉ် သတ်သတ်စီ ဖြစ်တာမို့ အခုလို ဒုက္ခသည်အဖြစ် တရားဝင် သတ်မှတ်ရေး တိုက်ရိုက် ဖြစ်လာမယ်လို့ ယူဆလို့ မရကြောင်း ဆိုပါတယ်။

“အခုလိုမျိုး ဒီနေရာမှာ ဒုက္ခသည်ပေါင်း ဘယ်လောက်ရှိသလဲ ဆိုတာ ရေတွက်တာနဲ့ ဘယ်သူက ဒုက္ခသည်ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကို ဆုံးဖြတ်တာက သတ်သတ်စီပါ။ ဒီလို ဒုက္ခသည်အဖြစ် သတ်မှတ်လိုက်တာကို ကြိုတင် ဝင်ခွင့်ပြုတယ်လို့ တရားဝင် ခေါ်ပါတယ်။”

ဒါပေမဲ့ လောလောဆယ်မှာတော့ အခုလို ထိုင်းအစိုးရက ဒုက္ခသည်စာရင်း ကောက်နေတာကြောင့် ဒုက္ခသည်တွေ အနေနဲ့ မြန်မာနိုင်ငံ ပြန်ပို့ခံရမှာကို စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ TBBC က မစ်စ် သော်မ်ဆင်ကပဲ အခုလို ဒုက္ခသည်တွေ အနေနဲ့ စိုးရိမ်တာကို တွေ့ခဲ့ရပေမဲ့ ထိုင်းအစိုးရဘက်ကတော့ လောလောဆယ် ပြန်ပို့ဖို့ အစီအစဉ် မရှိသေးဘူး၊ ကတိရထားပြီးပြီလို့ ဆိုပါတယ်။

“ကျမတို့ကို ထိုင်းအရာရှိတွေကနေ အာမခံ ကတိပေးထားတာ ရှိပါတယ်။ ဒီဒုက္ခသည်တွေကို အတင်းအဓမ္မ ပြန်မပို့ဘူးလို့ သူတို့က ပြောပါတယ်။”

ဒီအချက်ကို ကုလသမဂ္ဂ ဒုက္ခသည်ရုံး ပြောခွင့်ရှိသူ မစ်စ် မက်ကင်ဆီကလည်း သဘောတူပါတယ်။ သူမကပဲ ထိုင်းအစိုးရ အနေနဲ့ ဒုက္ခသည်တွေကို လုံခြုံမှု ရှိမှသာ ကိုယ့်သဘောနဲ့ကိုယ် ပြန်တာမျိုးသာ ဖြစ်စေချင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG