သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေယာဉ်ပစ်ခတ်ခံရမှု နားလည်မှုလွဲမှားခြင်းလို့ ထိုင်းဘက်ပြောဆို


သံလွင်မြစ်ထဲ သွားလာနေတဲ့ ထိုင်းအလံလွှင့် ရေယာဉ်တစီး။ (မတ် ၃၁၊ ၂၀၂၁)
သံလွင်မြစ်ထဲ သွားလာနေတဲ့ ထိုင်းအလံလွှင့် ရေယာဉ်တစီး။ (မတ် ၃၁၊ ၂၀၂၁)

(Zawgyi / Unicode)

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ် သံလွင်မြစ်ထဲမှာ ထိုင်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ပါလာတဲ့ ရေယာဉ်တစင်းကို မြန်မာစစ်တပ်က ပစ်ခတ်ခဲ့တာဟာ နားလည်မှု လွဲမှားတာကြောင့် ဖြစ်တယ်လို့ ထိုင်းနိုင်ငံဘက်က ဒီကနေ့ ပြောပါတယ်။

ကြာသပတေးနေ့ကဖြစ်ခဲ့တဲ့ အဲဒီပစ်ခတ်မှုဟာ နှစ်ဖက်ကြားမှာ တရားဝင် ညှိနှိုင်းဆောင်ရွက်မှု အားနည်းတာကြောင့်ဖြစ်ပြီး စစ်ဆေးဖို့ အချက်ပြတဲ့အနေနဲ့ သတိပေး ပစ်ခတ်တာသာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ Tanee Sangrat က ပြောပါတယ်။

"ဒါက နားလည်မှုလွဲသွားတာပါ။ ထိုင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က ပစ္စည်းတွေသယ်ဖို့အတွက် ရွာသားတယောက်ရဲ့ ရေယာဉ်ကို ငှားရမ်းခဲ့တာဖြစ်ပြီး ရဲဝတ်စုံတွေကိုလည်း ဝတ်မထားကြပါဘူး" လို့ ပြောခွင့်ရ Tanee က ပြောပါတယ်။

"ရေယာဉ်ဟာ စစ်ဆေးမှုမခံဘဲ ဖြတ်မောင်းသွားတာကို မြန်မာစစ်ဆေးရေးဂိတ်က တွေ့ပြီး အစစ်ဆေးခံဖို့ အချက်ပြတဲ့အနေနဲ့ သေနတ်ကို မိုးပေါ်ထောင်ဖောက်ပြီး သတိပေးခဲ့တာပါ။ အခုတော့ နှစ်ဖက်ပြောဆိုပြီး နားလည်မှု ရသွားပါပြီ" လို့လည်း ပြောခွင့်ရ Tanee က ပြောပါတယ်။

မြန်မာဘက်ခြမ်းက တောတွေထဲမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာ ပုန်းခိုနေကြပြီး အဲဒီလူတွေဆီကို အကူအညီတွေပို့ဖို့ သွားတဲ့ ရေယာဉ်တွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း စစ်ကောင်စီတပ်တွေက ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ စစ်ကောင်စီပြောခွင့်ရကို ရိုက်တာသတင်းဌာနက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ထိုင်းကာကွယ်ရေးဌာန လက်အောက်ခံ တပ်ဖွဲ့တွေအားလုံးအနေနဲ့ "အကြမ်းဖက်ဖြစ်ရပ်တွေနဲ့ နယ်စပ်ဒေသတွေမှာ တိုက်ခိုက်မှုတွေကနေ ဖြစ်လာနိုင်ခြေ ပြဿနာတွေနဲ့ ရိုက်ခတ်မှုကို ကိုင်တွယ်ဖြေရှင်းရေး အဆင်သင့်ရှိကြဖို့" ညွှန်ကြားထားတယ်လို့ ထိုင်းကာကွယ်ရေးဌာနက ပြောပါတယ်။

ထိုင်းအလံလွှင့်ထူထားတဲ့ ရေယာဉ်ကို ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ထိုင်းလုံခြုံရေး သတင်းရင်းမြစ်နှစ်ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

"သူတို့ကို အတိုက်အခံ လုပ်နေသူတွေဆီ အကူအညီသွားပို့တဲ့ ရေယာဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က စိုးရိမ်တာကြောင့် ရေယာဉ်ကို အစစ်ဆေးခံဖို့ အချက်ပြခဲ့တာပါ" လို့ သတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောပြီး မြန်မာစစ်တပ်က ရေယာဉ်ကို ရှာဖွေစစ်ဆေးခဲ့တယ်လို့လည်း ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံခြားရေးရာ အကြီးအကဲ ပဒိုစောတော်နီးကတော့ မြန်မာစစ်တပ်ဟာ "သိပ်ကို ရန်လိုပြီး မောက်မာလွန်းတယ်" ဆိုတာ အခုပစ်ခတ်မှုက ပြနေတယ်လို့ ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ မက်ဆေ့ချ်တခုထဲမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)












XS
SM
MD
LG