သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရသစ် မြန်မာအပေါ် ရိုက်ခတ်နိုင်ခြေ


ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ အိမ်ခြံမြေသူဌေးကြီး Srettha Thavisin (သြဂုတ် ၂၂၊ ၂၀၂၃)
ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ အိမ်ခြံမြေသူဌေးကြီး Srettha Thavisin (သြဂုတ် ၂၂၊ ၂၀၂၃)

အိမ်ခြံမြေ လုပ်ငန်းရှင်သူဌေးကြီး Srettha Thavisin ကို ထိုင်းဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ရွေးကောက်လိုက်ပြီးနောက်မှာတော့ နိုင်ငံနဲ့လူထု တိုးတက် ကြွယ်ဝရေးဆောင်ရွက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ Pheu Thai ပါတီ ထောက်ခံသူတွေက ကြိုဆိုလိုက်ကြပါတယ်။ စီးပွါရေးတိုးတက်ရေးကို ဦးစားပေးမယ့် အလားအလာကြောင့် ရွှေ့ပြောင်းလုပ်သားတွေအရေး ဆောင်ရွက်လာနိုင်တယ်ဆိုပေမဲ့ မြန်မာ့အရေးအပေါ် သဘောထားကတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့လည်း သုံးသပ်ကြပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

"ကျနော်က Srettha Thavisin ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရတဲ့အတွက် ဒီကနေ့ ဝမ်းသာဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ ထိုင်းပြည်သူအားလုံး၊ ညွန့်ပေါင်းပါတီတွေနဲ့ နောက် ဒီကနေ့မဲခွဲမှုမှာ ပါဝင်ခဲ့ကြတဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အမတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။"

ပြီးခဲ့တဲ့ မေလရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရတဲ့ Pheu Thai ပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ်အဆိုပြုခံခဲ့ရတဲ့ Srettha Thavisin ကို လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ထက်ဝက်ကျော်ထောက်ခံမှုနဲ့ အင်္ဂါနေ့မှာ ဝန်ကြီးချုပ် အဖြစ် ရွေးချယ်လိုက်တာပါ။ ထိုင်း ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရတဲ့ Srettha Thavisin က လူထုရဲ့ခေါင်းဆောင် ဖြစ်စေရပါမယ်လို့ သြဂုတ်လ ၂၂ ရက်နေ့ အင်္ဂါနေ့မှာ ကတိပြုလိုက်ပါတယ်။

"ထိုင်းပြည်သူတွေရဲ့ဘ၀ တိုးတက်သာယာရေးအတွက် မနားမနေ အကောင်းဆုံး ကြိုးစားသွားပါမယ်။"

အသက် ၆၀ အရွယ် Srettha ရဲ့ အောင်မြင်မှုဟာဆိုရင် ရွေးကောက်ပွဲအပြီး လွှတ်တော်တွင်း ဝန်ကြီးချုပ်ရွေးချယ်ရေးမှာ မသေချာ မရေရာမှုတွေ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေတွေကို အဆုံးသတ်သွားစေပြီး ညွှန့်ပေါင်းအစိုးရသစ်တရပ် ဖွဲ့စည်းရေးအတွက် လမ်းပွင့်သွားစေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့တဲ့ Move Forward Party အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းမှုတွေကို စစ်တပ်လိုလားတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ ဟန့်တားမှုတွေကြုံခဲ့ရပြီးနောက် ဒုတိယမဲအများဆုံးရခဲ့တဲ့ Pheu Thai ပါတီကဦးဆောင်ပြီး အစိုးရသစ်ဖွဲ့ဖို့ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ထိုင်းနဲ့မြန်မာ့အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းကတော့

“ Pheu Thai ပါတီ ဆိုတာက ဒုတိယအနိုင်ရတဲ့ပါတီပေါ့နော်။ အဲလိုဖြစ်တော့ တကယ့်တကယ် အစိုးရဖွဲ့တဲ့အခါမှာ အရင် အာဏာလက်ဟောင်းက နိုင်ငံရေး ပါတီတွေနဲ့ပဲတွဲပြီးတော့ ဖွဲ့ရတာ ဖြစ်ပါတယ်။ အဲတော့ တချို့တွေကလည်း ဒါဟာ အစိုးရအသစ်မဟုတ်ဘူးဆိုတဲ့ ပြောဆိုချက်တွေ ရှိတာပေါ့နော်။”

ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရတဲ့ Srettha Thavisin ဟာ နိုင်ငံနဲ့လူထု ကြီးပွား တိုးတက်ရေးဆောင်ရွက်နိုင်မယ်လို့လည်း Pheu Thai ပါတီထောက်ခံသူတွေက မျှော်လင့်ကြပါတယ်။

"တကယ် ပျော်ပါတယ်။ တိုးတက်မှုတွေ မြင်နေရပါပြီ။ မနက်ဖြန် စတော့တွေ ဈေးတက်ပါမယ်။"

"နိုင်ငံကို တိုးတက်စေပြီး လူထုရဲ့ဘ၀လမ်းကြောင်း ဖြောင့်တန်းအောင် ဆောင်ရွက်ပေးမယ့် အစိုးရတရပ်နဲ့ဝန်ကြီးချုပ် မကြာခင်မှာ ရရှိလာတော့မှာကြောင့် စိတ်သက်သာရာ ရပါတယ်။"

Pheu Thai ပါတီက တင်သွင်းခဲ့တဲ့ ရွေးကောက်ခံဝန်ကြီးချုပ် Srettha လက်ထက်မှာ မြန်မာ့အရေးအပေါ် သဘောထားကိုလည်း ထိုင်းနဲ့ မြန်မာ့ အရေး သုံးသပ်သူ ဦးအောင်သူငြိမ်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ အဓိကတော့ ဒီ Pheu Thai ပါတီက လူက ဘာကိုပဲ ဦးတည်တာလဲ ဆိုတော့ တိုင်းပြည် စီးပါွးရေး ကျနေတယ်။ ဒါကို ဘယ်လို မြှင့်တင်မလဲ ဆိုတဲ့ ကိစ္စတွေ ပြောတယ်။ နောက်တခုက သူ့တိုင်းပြည် ကိစ္စတွေ အဓိကထားပြီး ပြောတာကြောင့် မြန်မာပြည်ကိစ္စက သိပ်တော့ စဉ်းစားနိုင်ဦးမယ်လို့မထင်ဘူး။”

လွှတ်တော်က ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခဲ့တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်သူဌေးကြီး Srettha ကတော့ ထိုင်းဘုရင်ရဲ့ အသိအမှတ်ပြုမှုရရှိပြီးနောက်မှာ သတင်းစာ ရှင်းလင်းပွဲကျင်းပမယ့်အကြောင်းပြောပေမဲ့ ရက် အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။

ထိုင်းအစိုးရသစ် မြန်မာအပေါ် ရိုက်ခတ်နိုင်ခြေ
please wait

No media source currently available

0:00 0:03:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG