သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထိုင်းရောက် မြန်မာတွေ စိုးရိမ်


ရှေ့သီတင်းပတ်ထဲမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရလုပ်ငန်းတွေ လုံးဝ ရပ်တန့်သွားအောင် အဓိကလမ်းမကြီးတွေကို ပိတ်ဆို့ပြီး အစိုးရဖြုတ်ချရေး အထွေထွေ ဆန္ဒပြပွဲကြီးတရပ် ပြုလုပ်မှာဖြစ်တယ်လို့ အတိုက်အခံဘက်က ကြေညာထားတဲ့အတွက် လုံခြုံရေးအခြေအနေ စိုးရိမ်စရာ အနေအထားမှာရှိနေလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အထူးသတိထားကြဖို့ကို အရေးတကြီး နှိုးဆော်နေကြပါတယ်။

အခုလို ထိုင်းနိုင်ငံရေး ရေချိန်မြင့်တက်လာနေချိန် လက်ရှိဝန်ကြီးချုပ် ပြုတ်ကျရေး ဆန့်ကျင်ဆန္ဒပြမှုတွေကလည်း အရှိန်မြင့်လာနေတဲ့အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရော၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးဟာ သတိထား သွားလာရမယ့် အနေအထားဖြစ်နေတာပါ။ အပြည့်အစုံကို မဆုမွန်က တင်ပြထားပါတယ်။

လာမယ့် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်ရဲ့ အထင်ကရ အဓိကနေရာ ၇ နေရာမှာ ထိုင်းအတိုက်အခံ ခေါင်းဆောင်တွေဘက်က အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို အရှိန်မြင့် လုပ်ဆောင်မယ်လို့ ကြေညာထားတာဖြစ်ပါတယ်။

ဘန်ကောက်မြို့ တမြို့လုံးကို ပိတ်ဆို့ထားပြီး အဓိက ကုန်းလမ်းပို့ဆောင်ရေး လမ်းကြောင်းတွေကို ဖြတ်တောက်ပစ်ဖို့ ရည်ရွယ်ပြီး အစိုးရလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသွားအောင် လုပ်ဆောင်မှာဖြစ်ပြီး လက်ရှိ ဝန်ကြီးချုပ် ယင်းလတ်ရှင်နာဝပ် ရာထူးက နှုတ်ထွက်ပေးဖို့ ဖိအားပေး တောင်းဆိုကြမှာဖြစ်တယ်လို့ အတိုက်အခံခေါင်းဆောင်တွေက ကြွေးကြော်ထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ မြန်မာ့အရေးလှုပ်ရှားသူ ဦးဇော်မင်းက အဲဒီရက်ကျရင် ဘန်ကောက်နေ မြန်မာနိုင်ငံသားတွေအနေနဲ့ အထူးသတိထား သွားလာဖို့လိုအပ်ပြီး အပြင်မထွက်တာက အန္တရာယ်အကင်းဆုံး ဖြစ်မယ်လို့ ပြောပါတယ်။

“၁၃ ရက်နေ့မှာခေါ်မယ့် စုရပ်က ဘန်ကောက်မြို့ပေါ်မှာ ၇ ခုရှိတယ်။ အဲ့ဒီ ၇ ခုမှာ ကျနော်တို့ရပ်ကွက်က အဲ့ဒီ ၂ ခုကြားထဲမှာဖြစ်နေတယ်။ အခုရက်ပိုင်းတော့ ထွက်တာပေ့ါလေ။ အဲ့ဒီရက်တွေကျရင်တော့ ထွက်မှာမဟုတ်ဘူး။ နောက် အဲ့ဒီ ၁၃ ရက်နေ့ကျရင် ဘာဖြစ်မလဲဆိုတာ အတတ်တော့ မပြောနိုင်သေးဘူး။ အခု ကျောင်းတွေကတော့ အခြေအနေကို ကြည့်ပြီးတော့ အဲ့ဒီ ၁၃ ရက်နေ့ကို ပိတ်မယ်။ တကယ်လို့ အခြေအနေကောင်းတယ်ဆိုရင် ၁၄ ရက်နေ့ ပြန်ဖွင့်မယ်ပေါ့။ အကောင်းဆုံးကတော့ အဲ့ဒီဆန္ဒပြဖို့ စုဝေးမယ့် ၇ နေရာပေါ့။ အဲ့ဒီ ၇ နေရာကို မြန်မာတွေ မသွားရင် အကောင်းဆုံးပဲလို့ ကျနော်ကတော့ ပြောချင်တယ်ခင်ဗျ။ အခု ဒီ အစိုးရဆန့်ကျင်ရေးအုပ်စုတွေက အတော်လေး အားကောင်းပုံပေါ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထိုင်းစစ်တပ်ကလည်း နည်းနည်း သတိပေးထားတာရှိတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ ယင်းလတ် အစိုးရကနေပြီးတော့ တဘက်လှည့်နဲ့ ဒီရှပ်နီတွေကို ထုတ်သုံးပြီးတော့ ဒီဘက်က အစိုးရဆန့်ကျင်ရေးအုပ်စုနဲ့ ထိပ်တိုက်ဖြစ်အောင်လုပ်လို့ သွေးထွက်သံယိုဖြစ်ရင် အစိုးရတာဝန်သာဖြစ်တယ်ဆိုပြီး သွယ်ဝိုက်သတိပေးထားတာ ဖြစ်တယ် စစ်တပ်ကနေ။ ဘာတွေဖြစ်လာဦးမလဲဆိုတာတော့ ကျနော်တို့လည်း မပြောတတ်သေးဘူး။ ကျနော်တို့လည်း အခု စောင့်ကြည့်နေရတာပေါ့ဗျာ။”

ထိုင်းနိုင်ငံတွင်း အခုလို အစိုးရထောက်ခံသူတွေနဲ့ အတိုက်အခံကြား ထိပ်တိုက် ရင်ဆိုင်မှုတွေနဲ့ ဆန္ဒပြပွဲတွေနဲ့ တင်းမာမှုတွေ အရှိန်မြင့်လာနေတဲ့အချိန် လုံခြုံရေးစိုးရိမ်ရတဲ့ အနေအထားဖြစ်နေလို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဆန္ဒပြပွဲတွေမှာ မပါဝင် မပတ်သက်ဖို့နဲ့ ဆန္ဒပြပွဲရှိတဲ့ နေရာတွေကို မသွားဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကရော မြန်မာအလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေသူတွေဘက်က မြန်မာအလုပ်သမားတွေကို အထူးသတိပေး နှိုးဆော်နေကြပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေရဲ့ အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးတဲ့ အချိန်လည်းဖြစ်နေတာကြောင့် ဖြစ်နိုင်ရင် ဥပဒေနဲ့ ငြိစွန်းနိုင်တဲ့ ပြဿနာဖြစ်နိုင်တဲ့ နေရာတွေကို မသွားတာအကောင်းဆုံးပဲလို့ ထိုင်းနိုင်ငံတွင်း အရေးပေါ် ခေါ်ဆိုနိုင်တဲ့ ဖုန်းလိုင်းကနေတဆင့် မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ ဦးမောရစ် က ပြောပါတယ်။

“သံရုံးကတော့လေ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်နိုင်လို့ရှိရင် ဒီနေရာတွေကို မသွားလာဖို့ပေါ့လေ သူတို့ လူစုလူဝေး အထူးသဖြင့် ဒီထိုင်းနိုင်ငံရေးသမားတွေ လူစုလူဝေးရှိတဲ့ နေရာမှာ မသွားလာဖို့ ကျနော်တို့လည်းပဲ နီးစပ်ရာ အဖွဲ့အစည်းတွေကသော်လည်းကောင်း၊ ကျနော်တို့ဆီကို ခေါ်လာတဲ့ ဖုန်းတွေကိုလည်းပဲ ဒီနိုင်ငံရေး အခြေအနေနဲ့ပတ်သက်လို့ သူတို့ကိုလည်း ပြောပြပါတယ်။ ဒီထိုင်းနိုင်ငံရေးကလည်းပဲ နည်းနည်းရှုပ်ထွေးနေတဲ့ အချိန်ကလည်း ဖြစ်နေတယ်ဆိုတော့ မြန်မာနိုင်ငံသားတွေအတွက်က အကောင်းဆုံးက ဒီအချိန်မှာ သူတို့နဲ့ Clash မဖြစ်ရင်တော့ အကောင်းဆုံးပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ၁ အချက်က ကျနော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ၄ နှစ် ပတ်စ်ပို့ သက်တမ်းက ကုန်နေတဲ့အချိန်ဖြစ်နေတယ်။ ပြီးတော့ သူတို့ နိုင်ငံရေးကလည်း မတည်မငြိမ်ဖြစ်နေတဲ့အချိန် ဒီထိုင်းနိုင်ငံရဲ့ လုံခြုံရေးစနစ်ကလည်း သိပ်ပြီးတော့ မသေချာမရေရာဖြစ်နေတဲ့အချိန်မှာ အခုန မြန်မာနိုင်ငံသားတွေအတွက် ပတ်စ်ပို့ သက်တမ်းကုန်နေတာကလည်းတကြောင်း၊ နိုင်ငံရေးကလည်း မငြိမ်မသက်ဖြစ်နေတာကတကြောင်း၊ သူတို့ အာဏာပိုင်အဖွဲ့အစည်းတွေအနေနဲ့ အတတ်နိုင်ဆုံး မဖြစ်ရင်တော့ အကောင်းဆုံးပဲလို့ ကျနော် မြင်တယ်လေ။”

ရှုပ်ထွေးနေတဲ့ ထိုင်းနိုင်ငံရေးထဲမှာ ဝင်မပါကြဖို့နဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေဖြစ်နေတဲ့ ဆန္ဒပြပွဲတွေ ရှိတဲ့နေရာတွေကို ရှောင်ရှားကြဖို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ဆုံရပ်ဖြစ်တဲ့ ဘုရားရှိခိုးကျောင်းတွေ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ သင်တန်းကျောင်းတွေမှာလည်း အလုပ်သမားရေး လှုပ်ရှားသူတွေဘက်က မြန်မာအလုပ်သမားတွေအတွက် သတိပေး နှိုးဆော်စာတွေ ကပ်ပြီး နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံသားအချင်းချင်းလည်း ထိုင်းနိုင်ငံတွင်း ထူးခြားတဲ့ သတင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်နားစွင့်ထားကြဖို့ ပြောဆိုနေကြတာတွေ ရှိတယ်လို့ ဦးမောရစ် က ဆက်ပြောပါတယ်။

“အဲ့ဒီ ၁၃ ရက်နေ့က ကုန်းလမ်းပို့ဆောင်ရေးတွေလည်း အကုန်လုံး ပိတ်မှာလေ။ တက္ကဆီတွေရော၊ လိုင်းကားတွေရော အကုန်လုံး ပိတ်မယ်ဆိုတော့ ရထားလမ်းကလွဲလို့ အဲ့ဒီတခုတည်းဖွင့်မယ်ဆိုတော့ အဲ့ဒီနေရာတွေမှာ တကယ်လို့ ဆန္ဒပြတဲ့နေရာတွေမှာ ဖြစ်နေလို့ရှိရင်တော့ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။”

လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်းလတ် က ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့၊ နိုင်ငံရေး ပြန်လည် ပြုပြင်ရေးကောင်စီတရပ် ဖွဲ့စည်းဖို့ အဆိုပြုထားချိန်မှာပဲ အတိုက်အခံဘက်က ဒုဝန်ကြီးချုပ်ဟောင်း ဆူထက် သောင်ဆူဘန် ဦးဆောင်တဲ့ ဝန်ကြီးချုပ် ပြုတ်ကျရေး ဆန္ဒပြသမားတွေက ဘန်ကောက်မြို့တော်ရဲ့ လမ်းမကြီးတွေနဲ့ ပင်မ အဝေးပြေးလမ်းတွေကို လူအင်အားနဲ့ ပိတ်ဆို့ပြီး အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားစေဖို့ ရည်ရွယ်နေကြတာဖြစ်လို့ တင်းမာမှုတွေ အရှိန်မြင့်လာနေချိန်လည်း ဖြစ်ပါတယ်။
XS
SM
MD
LG