သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြသူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုအတွင်း ထိုင်းရဲအရာရှိ ပစ်သတ်ခံရ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ သပိတ်စခန်းတွေကို ရှင်းပစ်ဖို့ ကြိုးစားတဲ့ အဓိကရုဏ်းထိန်း ရဲတွေနဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူ ၃ ဦးမက သေဆုံးသွားရပါတယ်။

ဝန်ကြီးချုပ်ရုံးနားမှာ ဖြစ်ပွားတဲ့ တိုက်ခိုက်မှုမှာ ဆန္ဒပြသူ ၂ ဦးနဲ့ ရဲအရာရှိ ၁ ဦး သေဆုံးသွားတယ်လို့ အရာရှိတွေက ပြောပါတယ်။ နေ့အချိန်မှာ ဖြစ်ပွားတဲ့ ဒီတိုက်ခိုက်မှုတွေအတွင်း မျက်ရည်ယိုဗုံးနဲ့ ပစ်တဲ့အသံတွေ ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေကို ကြားရပါတယ်။

၂ ဘက်လုံးက လက်နက်တွေ အသုံးပြုနေပုံ ရပါတယ်။ ဝန်ကြီးချုပ် ယင်းလတ် ရှင်နဝပ် (Yingluck Shinawatra) ကို ဖြုတ်ချဖို့ ကြိုးစားနေကြတဲ့ ဆန္ဒပြသူတွေရဲ့ သပိတ်စခန်းတွေကို ရှင်းပစ်ဖို့ ရဲတပ်ဖွဲ့က ကြိုးစားတဲ့အချိန်မှာပဲ ဒီလို အကြမ်းဖက်မှုတွေ ဖြစ်ပွားတာပါ။

တခြားနေရာတွေမှာတော့ ဆန္ဒပြသူတွေက ဘယ်လိုမှ မခုခံဘဲ အလျှော့ပေးသွားပါတယ်။ စွမ်းအင်ဝန်ကြီးဌာနမှာ ရဲက လူ ၁၀၀ လောက်ကို ထိန်းသိမ်းလိုက်ပါတယ်။

ကြေညာထားတဲ့ အရေးပေါ်အခြေအနေကို ဆန္ဒပြသူတွေက ချိုးဖောက်တယ်လို့ ရဲက ပြောပြီး၊ ဆန္ဒပြပွဲတွေကို လူစုခွဲတဲ့နေရာမှာ အကြမ်းမဖက်ဘူးလို့ ပြောထားပါတယ်။ ၂ ဘက်ကြား တိုက်ခိုက်မှုတွေ ပြီးသွားတဲ့နောက်မှာတော့ အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မတီက ဝန်ကြီးချုပ် ယင်းလတ်ကို တရားစွဲမယ်ဆိုပြီး ကြေညာသွားတာကြောင့် မစ္စစ် ယင်းလတ်အတွက် ထိခိုက်သွားရပါတယ်။

ဝန်ကြီးချုပ်ဟာ ထိုင်းနိုင်ငံရဲ့ စပါးဝယ်ယူမှု လုပ်ငန်းတွေမှာ အဂတိလိုက်စားမှုတွေ ဖြစ်နေတာသိပေမဲ့ အဲဒီအစီအစဉ်ကို ဆက်လုပ်နေတယ်လို့ ကော်မတီက ပြောပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ ကော်မတီက အမိန့်ထုတ်ပါတယ်။
XS
SM
MD
LG