သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနီဝတ်တွေထောက်ခံတဲ့ ထိုင်းဗိုလ်ချုပ် သေနတ်ပစ်ခံရ


ဘန်ကောက်မြို့က အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေ စတည်းချနေတဲ့နေရာမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ထိုင်းဗိုလ်ချုပ်တယောက် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သလို တခြား အတော်များများလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ရက်သီတင်းပတ်များစွာနဲ့ချီ ဆန္ဒပြနေကြသူတွေကို သူတို့ဆန္ဒပြနေတဲ့ နေရာတွေကနေ ထွက်ခွာဖို့ ထိုင်းအစိုးရက ဖိအားပေး ခြိမ်းခြောက်မှုတွေလုပ်ခဲ့ပြီးတဲ့နောက် အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီ အကြမ်းဖက်မှု ဖြစ်ရပ်တွေကို ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ဘန်ကောက်မြို့က ဗွီအိုအေ သတင်းထောက် Daniel Schearf က သတင်းပေးပို့ထားပါတယ်။

ဒဏ်ရာရသွားတဲ့ ထိုင်းဗိုလ်ချုပ် Khattiya Sawasdipol ကို ကားပေါ်တင်ပြီး ဆေးရုံကို အမြန်ခေါ်သွားဖို့ ကြိုးစားရင်း သတင်းထောက်တွေ နဲ့ ဘေးကကြည့်နေသူတွေကိုလည်း နောက်ဆုတ်နေကြဖို့ ဆန္ဒပြသူတွေဘက်က လုံခြုံရေးတာဝန်ခံတွေက အော်ဟစ်နေကြပါတယ်။ အဲဒီမတိုင်ခင် မိနစ်ပိုင်းအလိုလေးကပဲ တနေရာကနေ ချောင်းပစ်လိုက်တဲ့ လက်ဖြောင့်သေနတ်သမားရဲ့ လက်ချက်နဲ့ ဗိုလ်ချုပ် Khattiya ခေါင်းကို ထိမှန်သွားခဲ့တာပါ။ နယူးယောက်တိုင်းမ်စ် သတင်းစာ သတင်းထောက်တဦးနဲ့ စကားပြောနေချိန်မှာပဲ သူ ခုလို အပစ်ခံလိုက်ရတာပါ။

သူ့ကို နေရာကနေ ဆွဲထုတ်သွားပြီးလို့ မိနစ်အနည်းငယ်ကြာမှာ ပေါက်ကွဲမှုတချို့ ဖြစ်ပွားခဲ့သလို အင်္ကျီနီဝတ် ဆန္ဒပြသူတွေလည်း နေရာကနေ လူစုကွဲသွားခဲ့ပါတယ်။ လူတွေ နေရာကနေ အမြန်ဆုံးထွက်ခွာသွားကြဖို့အရေး ကူညီပေးနေတဲ့ ဆန္ဒပြသူတဦးကတော့ - အစိုးရ စစ်သားတွေက လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သုံးပြီး ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“စစ်သားတယောက်၊ ထိုင်းစစ်သား။ သူက အမ်-၁၆၊ အမ်-၇၉ (M16၊ M79) လက်နက်တွေနဲ့ အင်္ကျီအနီဝတ် ထိုင်းပြည်သူတွေကို ပစ်ပါတယ်။”

ခုလို ရှုပ်ထွေးနေတဲ့ လူအုပ်ကြားမှာ သူ ပြောတာ မှန်တယ်လို့ အတည်ပြုပြောဖို့ကတော့ မလွယ်ပါဘူး။
ထိုင်းအာဏာပိုင်တွေဘက်ကလည်း ဆန္ဒပြသူတွေမှာ သေနတ်တွေနဲ့ လက်ပစ်ဗုံးတွေ ရှိတယ်လို့ စွပ်စွဲထားတာပါ။ ပစ်ခတ်မှု ဖြစ်ခဲ့ပြီးပြီးချင်းမှာပဲ ပိုပြီးတော့ ရှုတ်ထွေးမှုတွေ ဖြစ်အောင် ဆန္ဒပြသူတွေဘက်က မီးရှူးမီးပန်းတွေကိုလည်း ပစ်လွှတ်ခဲ့ကြပါသေးတယ်။
လက်ဖြောင့်တပ်သားတွေရဲ့ ချောင်းမြောင်းပစ်ခတ်မှာကို စိုးရိမ်ခဲ့တဲ့အတွက် ဆန္ဒပြသူ တချို့က ဝါးရင်းတုတ်တွေနဲ့ လမ်းဘေး မီးတိုင်တွေကို ဖျက်ဆီးခဲ့ကြပါတယ်။

အာဏာပိုင်တွေကလည်း ဆန္ဒပြသူတွေ အဓိက စတည်းချနေတဲ့ နေရာကို ကျည်ကာ ကားတွေသုံးပြီး ပိတ်ဆို့ဖြိုခွင်းမယ်လို့ ပြောခဲ့တာပါ။ အဲဒီနေရာမှာ ဖုန်းလိုင်းတွေနဲ့ ရေနဲ့ လျှပ်စစ်မီးတွေကိုပါ ဖြတ်တောက်ပြီး ဆန္ဒပြသူတွေ နေရာကနေ ထွက်ခွာအောင်လည်း အာဏာပိုင်တွေက ဖိအားပေးခဲ့ပါတယ်။ စစ်တပ် ပြောရေးဆိုခွင့်ရှိသူတဦးက သူ့အဆို လက်နက်ကိုင် အကြမ်းဖက်သမားတွေကို ရှာဖွေဖို့အတွက် စစ်တပ်က လက်ဖြောင့်တပ်သားတွေကို နေရာချထားမယ်လို့လည်း ဆိုပါတယ်။

ဆေထန် ဆိုတဲ့ နံမည်နဲ့ ပိုပြီးလူသိများတဲ့ သေနတ်နဲ့ခေါင်းကို အပစ်ခံလိုက်ရတဲ့ ဗိုလ်ချုပ် Khattiya ဟာ အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက်တဲ့နည်းသုံးဖို့ အဓိက နောက်ကနေ အားပေးထောက်ခံပေးနေတဲ့သူတွေထဲက တယောက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဆန္ဒပြသူတွေအကြား လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းဖို့ ကြိုးစားခဲ့သူအဖြစ်နဲ့ သူ့ကို စွပ်စွဲထားတာပါ။ ဆန္ဒပြသူတွေကို ထောက်ခံခဲ့တဲ့အတွက် စစ်တပ်က သူ့ကို ရာထူးကနေ ခေတ္တရပ်ဆိုင်းခဲ့သလို သူ့ကို ဖမ်းဖို့အတွက်လည်း ဝရမ်း ထုတ်ထားတာပါ။

လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေအကြား ဧပြီလက တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက်ပိုင်း ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင် အတော်များများကို အကြမ်းဖက်သူများ စာရင်းသွင်းပြီး သူတို့ကို ဖမ်းဆီးဖို့ အာဏာပိုင်တွေက ဝရမ်းထုတ်ထားတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ရဲ့ စီးပွားရေး အချက်အချာကျတဲ့ နေရာတွေကို ဆန္ဒပြသူတွေ သိမ်းထားတာ နှစ်လလောက် ရှိနေပါပြီ။ လက်ရှိအစိုးရဟာ တရားမဝင်တဲ့အတွက် အာဏာကနေ ဆင်းပေးဖို့နဲ့ ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးဖို့ သူတို့က တောင်းဆိုနေကြတာပါ။
လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ ကတော့ -
“တွေ့ဆုံဆွေးနွေးမှု အစီအစဉ်နဲ့ပတ်သက်လို့ အစိုးရဘက်က တုံ့ပြန်တဲ့နေရာမှာ ဆန္ဒပြသူတွေဘက်က လက်ရှိ ဆန္ဒပြမှုတွေကို အဆုံးသတ်ပေးတာမျိုး တိကျခိုင်မာတဲ့ လုပ်ဆောင်မှုမျိုး ရှိရမယ်ဆိုတာကို သူ အားလုံးကို အသိပေးပြောခဲ့ပြီးသား ဖြစ်တဲ့အကြောင်းနဲ့ ဆန္ဒပြပွဲတွေ မရုပ်သိမ်းပေးတဲ့အတွက် သူ့ဘက်ကလည်း အချက်ငါးချက်ပါ အစီအစဉ်အတိုင်း ဆက်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း” - ဝန်ကြီးချုပ် အဘီဆစ် ဝိဂျာဂျီ၀ က ထိုင်းဘာသာစကား ပြောသွားတာပါ။

ရွေးကောက်ပွဲ ကျင်းပဖို့ရက်ကို သူ အချိန်မရွေး ဆုံးဖြတ်နိုင်တဲ့အကြောင်းနဲ့ ပဋိပက္ခတွေ တာရှည်ပြီး တိုင်းပြည် မငြိမ်မသက်ဖြစ်အောင် လုပ်နေတဲ့ အင်္ကျီနီဝတ်တွေဘက်က ခုထိ ဘာမှ တုံ့ပြန်လာတာမရှိသေးတဲ့အတွက် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ကျင်းပပေးတော့မှာ မဟုတ်ဘူးလို့လည်း ဝန်ကြီးချုပ် အဘီဆစ် ပြောခဲ့ပါတယ်။

ဆန္ဒပြသူတွေ သေဆုံးခဲ့ရတဲ့ကိစ္စအတွက် အစိုးရအရာရှိတွေ တရားရင်ဆိုင် ဖြေရှင်းရလိမ့်မယ်လို့ ဆန္ဒပြခေါင်းဆောင်တွေက တောင်းဆိုခဲ့ပြီးတဲ့နောက်ပိုင်း နိုဝင်ဘာလတွင်း ရွေးကောက်ပွဲတွေကို စောပြီးကျင်းပပေးဖို့ ကမ်းလှမ်းချက်ကို အစိုးရက ပြန်ပြီး ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG