သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံမဲ့ဦးရေ စာရင်း ထိုင်းကောက်ယူ


ထိုင်း နိုင်ငံသားရရှိသော ကလေးငယ်များ
ထိုင်း နိုင်ငံသားရရှိသော ကလေးငယ်များ

ထိုင်းနိုင်ငံမှာရှိနေတဲ့ နိုင်ငံမဲ့သူ အရေအတွက် စာရင်း သေသေချာချာ သိရအောင် ထိုင်းအစိုးရက စစ်တမ်းကောက်ယူနေပြီး အဲဒီလူတွေဟာ ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တယ်ဆိုတဲ့ အထောက်အထား တချို့ကို ပြသနိုင်မယ်ဆိုရင် နိုင်ငံသားအဖြစ် လျောက်ထားနိုင်ကြောင်း မေလ ၆ ရက် တနင်္လာနေ့ မဲဆောက်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်းဥပဒေပြုအဖွဲ့ဝင် တဦးက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ဆေးရုံ ဆေးခန်းက မွေးသူတွေမဟုတ်ရင်တောင်မှ ထိုင်းနိုင်ငံမှာ မွေးဖွားကြတဲ့နိုင်ငံမဲ့တွေနဲ့ ပတ်သက်လို့ ဒီရက်ပိုင်းမှာပဲ ဥပဒေတခု ထွက်လာခဲ့ကြောင်း ထိုင်းနိုင်ငံ ဥပဒေပြုရေးအဖွဲ့ဝင်တဦး ဖြစ်တဲ့ Surapong Kongchantuk က ပြောသွားပါတယ်။

သူပြောသွားတဲ့အထဲမှာတော့ နိုင်ငံမဲ့တွေနဲ့ ပတ်သက်လို့ ဆာဗေးကောက်ယူမူတွေ စတင်လုပ်ဆောင် နေပြီ ဖြစ်ကြောင်းနဲ့ နိုင်ငံသား ပေးဖို့ ကတော့ ဥပဒေထွက်လာပြီဆိုတဲ့ အကြောင်းပြောဆိုသွားတာပါ။ အခုအခါမှာ ဥပဒေပြုရေး ဆိုင်ရာကိစ္စတွေ ကွန်ပြူတာတွေနဲ့ အချက်အလက်တွေ သွင်းမယ့် အစီစဉ်တွေ လုပ်နေတယ်လို့ ဆိုပါတယ်။ အရေအတွက် ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ထိုင်းအစိုးရ ထုတ်ဖော်မပြောဆိုသေးဘူး လို့ ဆိုပါတယ်။

နိုင်ငံသား ပေးမယ့် အထဲမှာ ထိုင်းနိုင်ငံမှာမွေးဖွားတဲ့ အထောက်အထားရှိသူတွေ လူမျိုးစုတွေ သူတို့ကိုယ်တိုင်ဘယ်မှာ မွေးဖွားမှန်း မသိတဲ့သူတွေ ပါဝင်မှာ ဖြစ်ပြီး သူတို့ကို သိတဲ့ ရပ်ကွက်လူကြီးတွေ ၊ကျေးရွာလူကြီးတွေက ထောက်ခံပေးတာမျိုးတွေ လုပ်ရပါမယ် နိုင်ငံမဲ့များ အရေး ဆာဗေးကောက်ယူ နေတဲ့ ကော်မတီကိုလည်း ဖွဲ့စည်းထားတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ တုန်းကတော့ ထိုင်း-မြန်မာနယ်စပ် ၊ မဲဆောက်မြို့မှာရှိတဲ့ မိဘမဲ့လည်းဖြစ် နိုင်ငံမဲ့ ကလေး ၄၀ကျော်ကတော့ ပထမဦးဆုံး အနေနဲ့ နိုင်ငံသားရရှိခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာတော့ ကလေးကော လူကြီးပါ နိုင်ငံမဲ့ပေါင်း ၉သောင်းကျော် ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက စာရင်းတွေမှာ ဖော်ပြကြပြီး နောက်ထပ်လည်း ကောက်ယူမူတွေ ဆက်လုပ်နေပါတယ်။

ထိုင်းနိုင်ငံမှာ ဒုက္ခသည်တသိန်း ကျော်ခိုလုံနေထိုင်နေပြီး ဒီထဲက ကလေးတွေ ကလည်း ထိုင်းနယ်စပ်မှာ မွေးဖွားကြတာမို့ နိုင်ငံမဲ့စာရင်းတွေထဲမှာ ပါဝင်ပါတယ်။ဒါအပြင် သန်းနဲ့ ချီရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေဟာ ဆယ်စုနှစ် ၂ ခုကျော်ထိ ထိုင်းနိုင်ငံထဲမှာ နေထိုင်နေကြတာမို့ သူတို့ကနေ မွေးဖွားတဲ့သားသမီးတွေ ဟာလည်း ထိုင်းနိုင်ငံမှာ မွေးဖွားတာမို့ထိုင်းနိုင်ငံသားတွေ လျောက်ထားခွင့် ရှိကြပါတယ်။

အရင်တုန်းကတော့ ဆေးရုံ ၊ ဆေးခန်းကနေ မွေးဖွားကြောင်း မွေးစာရင်းပါမှသာ နိုင်ငံသား လျောက်လို့ရပေမဲ့ နောက်ထပ်ထွက်တဲ့ ဥပဒေအရ ထိုင်းနိုင်ငံမှာ အထောက်အထားတွေ ရထားတယ်ဆိုရင် နိုင်ငံသားလျောက်လို့ရတဲ့ဥပဒေဟာ ဒီရက်ပိုင်းမှာပဲ ထွက်ပေါ် လာပြီ ဖြစ်တဲ့အကြောင်း လူအခွင့်ရေး ရှေ့နေလည်းဖြစ်၊ ကလေးနဲ့ အမျိုးသမီးများအတွက် လူမူစောင့်ရှောက်ရေး ဖောင်ဒေရှင်းရဲ့ ဥက္ကဌ လည်းဖြစ် လက်ရှိ မှာထိုင်းနိုင်ငံ ရဲဥပဒေပြုရေးဆိုင်ရာ အဖွဲ့ဝင်တဦးဖြစ်တဲ့ Surapong Kongchantuk က မေလ ၆ ရက်နေ့က မဲဆောက်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG