သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၀ ထိုင်းရဲ ဖမ်းဆီး


မဲဆိုင်က နေ ဘန်ကောက်တက်လာတဲ့ကားပေါ်က မြန်မာနိုင်ငံသားများ
မဲဆိုင်က နေ ဘန်ကောက်တက်လာတဲ့ကားပေါ်က မြန်မာနိုင်ငံသားများ

မဟာသင်္ကြန်ကာလ နေရပ်ပြန်ပြီး ထိုင်းကိုပြန်ဝင်လာကြတဲ့ အလုပ်သမာတွေ အများအပြား ရှိနေချိန်မှာ ဒီလူတွေနဲ့ ပုံမှားရိုက်ပြီး ထိုင်း မြန်မာ နယ်စပ် ချင်းရိုင်ခရိုင် မဲဆိုင်-ဘန်ကောက် သွားလာနေတဲ့ ကား၂ စီးပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသား ၄၀ ဦးဟာ ဧပြီလ ၃၀ ရက်နေ့ ညက ဖမ်းဆီးခံခဲ့ ရပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် ကနေလာတဲ့ မြန်မာနိုင်ငံသား (၁၉) ဦးဟာ နိုင်ငံကူးလက်မှတ်နဲ့ အလုပ်သမား ကဒ် တခြား သက်သေ အထောက်အထား ဘာမှ မပါလာဘဲ မယ်ဆိုင်ကနေ ညပိုင်းအချိန် ထွက်လာတဲ့ ခရီးသည်တင် ယာဉ်နဲ့ လိုက်ပါလာချိန် ဖယောင် ရဲစခန်းက ဖမ်းဆီးလိုက်တာပါ။

သူတို့ကို ကားပေါ် တင်ပေးလိုက်တဲ့ ပွဲစားကတော့ သင်္ကြန်အပြီးပြန်ဝင်လာတဲ့ အလုပ်သမားတွေ ပုံစံမျိုးနဲ့ ကားပေါ်ကို အထောက်အထားမဲ့တွေ တင်ပေးလိုက်တာပါ။ ဘန်ကောက်ကို သွားမယ့် ခရီးသည်တင် နှစ်ထပ်ကားကို အမှတ် (၅) ဒေသ ဖယောင် မြို့နယ် ရဲစခန်းဝင်း အတွင်း မောင်ဝင်ခိုင်းပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ထိုင်း မြန်မာ ခရီးသည်တွေ အားလုံး ရဲတွေက အသေးစိတ် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

တာချီလိတ် ကနေ မဲဆိုင်ကို ဝင်လာတဲ့ ယာယီ နေထိုင်ခွင့် လက်မှတ်ကို မြန်မာနိုင်ငံသား လူမှောင်ခိုပွဲစားက လုပ်ပေးပြီး တဦးကို ဘတ်ငွေ ၇၀၀၀ စီ ပွဲစားခယူခဲ့ပြီးတဲ့နောက် ခုလို ဘန်ကောက် တက်မယ့် ခရီးသည်တင် ကားပေါ် တင်ပေးလိုက်တာ ဖြစ်ပါတယ်။

ဒါတွေဟာ မြန်မာနိုင်ငံသားတွေ အနေနဲ့ တရားဝင် အထောက်အထား လုပ်ဖို့ မလွယ်ကူတာကြောင့် ဒီနည်းနဲ့ လူပွဲစားတွေ ခေါ်ဆောင်ရာကို အလုပ်လုပ်ဖို့ သွားနေကြတာ ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေး ဖောင်ဒေးရှင်းက အလုပ်သမားနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ဆိုပါတယ်။

“ တရားဝင်သွင်းတဲ့ မြန်မာ အလုပ်သမားတွေ ကိစ္စတွေ ရှိနေတာတွေ ရှိနေတာပဲ။ ပုံမှန်အတိုင်းပဲ သွားနေတာ ဖြစ်တယ်။ အဲဒါတွေဟာ အများကြီး ပြသနာတွေ ရှိနေသေးတယ်။ အဆင်ပြေ ချောမွေမှု လွယ်ကူမှု မရှိသ၍ ကုန်ကျစရိတ် နည်းတာတွေ တရားဝင်မှု မဖြစ်သ၍ခိုးထွက်မူတွေ လူကုန်ကူးမှုတွေက ရှိနေဦးမှာပဲ။ ”

တညတည်းမှာပဲ နောက်ထပ် ကားတစီးနဲ့ သယ်ဆောင်လာတဲ့ လူ ၂၁ ဦး ကိုလည်း ထပ်ပြီး ဖမ်းမိခဲ့ပါတယ်။မဲဆိုင်ဘက်ကို ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ဦးကို ဦးဆောင်ခေါ်လာသူ အသက် ၃၀ အရွယ် မချောစုလှိုင်နဲ့ လူ ၂၁ ဦး သယ်ဆောင်လာတဲ့ သူ့ရဲ ခင်ပွန်းကိုတော့ ဆက်လက် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

မဟာသင်္ကြန် အခါ ရက်ပိုင်းအပြီး ထိုင်းကို ပြန်လာတဲ့ အလုပ်သမားတွေ များနေတဲ့ အချိန် ရောပြီး လိုက်လာခဲ့ကြတဲ့ ခိုးဝင် မြန်မာနိုင်ငံသားတွေနဲ့ လူကုန်ကူးသူ တရားခံ လင်မယား ၂ ဦးကို တရားရုံးတင် စစ်ဆေးမှာ ဖြစ်တယ်လို့လည်း ထိုင်း အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG