သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်အပြန် လုပ်ငန်းခွင်ဝင်သူတွေ အဆင်ပြေစေဖို့ ထိုင်းမြန်မာ အာဏာပိုင်တွေ ကြိုးပမ်း 


လုပ်ငန်းခွင်ကိုပြန်လာတဲ့ မြန်မာအလုပ်သမားတွေကို မြဝတီခရိုင်ဥက္ကဋ္ဌ ဦးတေဇာအောင် နှင့် တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေး (ပုံ ခရက်ဒစ်-ဦးတေဇာအောင်)
လုပ်ငန်းခွင်ကိုပြန်လာတဲ့ မြန်မာအလုပ်သမားတွေကို မြဝတီခရိုင်ဥက္ကဋ္ဌ ဦးတေဇာအောင် နှင့် တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေး (ပုံ ခရက်ဒစ်-ဦးတေဇာအောင်)

သင်္ကြန်ကာလ နေရပ်ပြန်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံကိုပြန်ဝင်တဲ့အခါ အဆင်ပြေစေဖို့ ထိုင်း - မြန်မာ အာဏာပိုင်တွေ ပူးပေါင်းဆောင်ရွက် ပေးနေပါတယ်။ သင်္ကြန်အပြီး ၅ ရက်အတွင်း လုပ်ငန်းခွင်ပြန်ဝင်တဲ့ ရွှေ့ပြောင်းအလုပ်သမား က ၆ သောင်းလောက် ရှိနေပြီး သူတို့အဆင်ပြေစေဖို့ ဧပြီလ ၂၁ ရက်နေ့ကစပြီး မဲဆောက်-မြဝတီ တံတားပေါ်မှာ တန်းစီစရာမလိုပဲ လဝက အဆောက်အဦး အသစ်မှာ အမြန်ဆောင်ရွက်ပေးနေတယ်လို့ မြဝတီခရိုင် ဥက္ကဌက ပြောပါတယ်။ အပြည့်အစုံကို ထိုင်းနယ်စပ် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မဟာသင်္ကြန်ကာလအတွင်းမှာ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရက ဧပြီလ ၅ရက်နေ့က ဧပြီလ ၃၀ရက်နေ့အထိ Re entry ပြည်ဝင်ခွင့် ဗီဇာတုံးကြေးကို အခမဲ့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက လုပ်ငန်းခွင်ကို ပြန်ဝင်လာကြတဲ့ မြန်မာတွေ ဟာ ၅ရက်အတွင်း ၆သောင်းရှိနေပြီ ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေကို မေတ္တာရပ်ခံတာကြောင့် နေရပ်ပြန်တွေအတွက် ထိုင်းဘက်က မဖွင့်ရသေးတဲ့ လဝက အဆောက်အဦး အသစ်ကိုပါသုံးပြီး ကူညီဆောင်ရွက် ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီခရိုင်ဥက္ကဋ္ဌ ဦးတေဇာအောင်က VOA ကို ပြောပြပါတယ်။

“ မနေ့က တော့ တသောင်း ကိုးထောင်လောက်ရှိတယ်။ ဒီနေ့ကတော့ ၂သောင်းခွဲလောက်ရှိတယ်။ ကျနော်တို့ ဆီက လုပ်သားတွေ လုပ်ငန်းခွင်ပြန်ဝင်ဖို့ ပြန်ကြတာ ငါးရက်တာ ပေါင်းရင်တော့ ၆သောင်း လောက် ရှိပါတယ်။ကျနော်တို့ လူကများတော့ နည်းနည်းလေး မြန်ချင်တယ်ပြောတော့ သူတို့လည်း ကြိုတင်မျှော်လင့်ထားတော့ သူတို့က Terminal အသစ် ဆောက်ထားတာရှိတယ်။ အဲဒီ အဆောက်အဦးကြီး မသုံးရသေးဘူး။ မဖွင့်ရသေးဘူး။ သို့သော်လည်းပဲ ကျနော်တို့ အဖွဲ့တွေက များနေတော့ လူအင်အား ၂၀ တိုး ပေး တယ်။ အပေါ်ထပ်၊အောက်ထပ်ရယ် ကွန်ပြူတာနဲ့ လုပ်ပေးတယ် 1 Floor နဲ့ 2 Floor ကောင်တာ ၂၀လောက် ထပ်တိုးပေးတယ်။ ဒီနေ့ လူအရမ်းများတော့၊ ကျနော်ကိုယ်တိုင်လည်း သွားလိုက်တော့ သူတို့3 Floor ထိ ထပ်တိုးပေးတယ်။ ဖောင်ဖြည့်တာတွေ ဘာတွေလုပ်ပေးလို့ ရတာပေါ့။ တံတားပေါ်မှာ စောင့်တော့ နေပူတာပေါ့။ တံတားပေါ်မှာ စောင်ရမဲ့အစား အဆောက်အဦးကြီးရဲ့ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်နဲ့ တတိယထပ် တွေမှာ တချို့ဆို တဲတွေ ဘာတွေမှာ စောင့်လို့ရအောင် စီစဉ်ပေးပါတယ်”

ဧပြီလ ၂၀ရက်ကစလို့ လုပ်ငန်းခွင်ဝင်ဖို့ ပြန်ဝင်လာတဲ့ မြန်မာအလုပ်သမားတွေ များလာတဲ့ အတွက် တံတားပေါ်မှာပဲ မူးမေ့လဲသွား သူတွေ ရှိခဲ့တယ်လို့ မြန်မာပြည်သားများ အရေး ပူးတွဲ လှုပ်ရှားမူ ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုး ကလည်းပြောပါတယ်။

“ တချို့က မူးမေ့လဲတာရှိတယ် ရင်ခွင်ပိုက်ကလေးတွေပါတဲ့သူတွေပါတယ် မူးလဲတာ ၈ဦး လောက်ရှိတယ် ၂၀ရက်နေ့ကတော့ ကျနော်တို့ မြန်မာပြည် ကိုယ်စားပြုပြီးလာတဲ့ ဦးတေဇာအောင်ရဲ့ ဆောင်ရွက်ချက်ကလည်း ခေါင်းဆောင်ကောင်းပီသပါပေတယ်”

ထိုင်းမြန်မာနယ်စပ် မဲဆောက် - မြဝတီ ချစ်ကြည်ရေး တံတားကကော လှေဂိတ်တွေကပါ နေရပ်ပြန်သူ တသိန်းခွဲကျော်လောက်ရှိပြီး အခုအခါမှာတော့ လူဦးရေ ၆သောင်းလောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်ပြန်ဝင်ဖို့အတွက် ပြန်လာနေကြပြီ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG