သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရေလုပ်ငန်း အဆို ထိုင်းလွှတ်တော်သဘောတူမှု မြန်မာတွေကြိုဆို


မြန်မာလှေလုပ်သားတွေ အလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းလှေတစီးပုံ
မြန်မာလှေလုပ်သားတွေ အလုပ်လုပ်ကိုင်နေတဲ့ ငါးဖမ်းလှေတစီးပုံ

ထိုင်းနိုင်ငံတွင်းမှာ လှေလုပ်သားတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက ရေလုပ်ငန်းခွင် အခြေအနေ ဆိုင်ရာ သဘောတူချက် အပိုဒ် (စီ ၁၈၈)C188 ကို သဘောတူလက်မှတ်ရေးထိုးဖို့ အဆိုကို ထိုင်းအမျိုးသား ဥပဒေပြုလွှတ်တော်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က တညီတညွှတ်ထဲ ထောက်ခံသဘောတူလိုက်ပါပြီ။ ဒီသဘောတူညီချက်အတိုင်း လိုက်နာ ကျင့်သုံးတော့မယ် ဆိုရင်တော့ရေလုပ်သားတွေအတွက် လူမှုဖူ လုံရေးကျန်းမာရေး ခံစားခွင့်နစ်နာကြေးတွေ ရရှိတော့မှာပါ။ ဒီအတွက် အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ကြိုဆိုလိုက်ပါတယ်။ ထိုင်းအခြေစိုက် voa သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရေလုပ်ငန်းရှင်တွေ ကန့်ကွက်မှုတွေ၊ ဆန္ဒပြမှုတွေ ဖြစ်နေတဲ့ကြားကပဲထိုင်းအစိုးရက ရေလုပ်ငန်းခွင် အခြေအနေဆိုင်ရာ သဘောတူချက် အပိုဒ် (စီ ၁၈၈)C188 ကို သဘောတူလက်မှတ်ရေးထိုးဖို့ အဆိုကို ထိုင်းအမျိုးသားဥပဒေပြုလွှတ်တော်ထဲမှာ တညီတညွှတ်ထဲ သဘောတူခဲ့တာပါ။

ဒီလိုသဘောတူညီခဲ့ပေမဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေ အတိုင်းကတော့ရာနှုန်းပြည့်အမှီတော့ မရနိုင်သေးဘူးလို့လည်း ဆိုထားပါတယ်။ ဒီလို သဘောတူခဲ့တာဟာ မြန်မာရေလုပ်သားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေတရပ် ဖြစ်လာတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

“စီ ၁၈၈မှာကတော့ ချွင်းချက်တွေနဲ့ ပြောထားတယ်။ ဘယ်လောက်တန်နဲ့ အထက်ရှိတဲ့ လှေတွေ ကမ်းဝေးခရီးကို ၃ရက်ထက်ကျော်ပြီးသွားတဲ့ လှေမျိုးတွေဖြစ်ရမယ်။ စံချိန်စံညွှန်းကတော့ အင်တာနေရှင်နယ် စံနှုန်းရာနှုန်းပြည့်အမှီတော့ မရနိုင်သေးဘူးပေါ့။ သို့သော်လည်း လူမှုဖူလုံရေး အကျိုးခံစားခွင့် နစ်နာကြေးစသဖြင့် တကယ်လို့ မကျန်းမာဘူးဆိုရင် နားခွင့်သတ်မှတ်ထားတဲ့ အလုပ်ချိန် အချိန်ပို ဆင်းရတယ်ဆိုရင်လည်း အဲဒါမျိုးနဲ့ပတ်သက်ပြီး လိုက်လျောခွင့် ပြုထားတယ်ဆိုရင်တော့ မဆိုးပါဘူး။ လူမှုဖူလုံးရေးရခွင့် ရထားပြီဆိုရင်တော့ တော်တော်လေးကို အဆင်ပြေတယ်။ ရေလုပ်ငန်းတွေ ဆိုတာ တော်တော်လည်း အန္တရာယ်များတယ်။ပြီးတော့ တခုခုဖြစ်တယ်ဆိုရင် ထိခိုက်မှုတွေက အမြဲတမ်းဖြစ်နေတာ တခုခုဖြစ်ရင် အကျိုးခံစားခွင့်ကနည်းတယ်။ ဒါကဖြစ်သွားရင်တော့ အတော်လေးကောင်းတယ်။ဒါက ဘယ်အတိုင်းအတာက ရာခိုင်နှုန်းပြည့် ပံ့ပိုးနိုင်တယ်။ ဘယ်ဟာကတော့ နိုင်ငံတကာစံနှုန်းနဲ့ အညီမဖြစ်နိုင်သေးဘူးပေါ့။ ဒါမျိုးတွေတော့ထွက်လာပြီပေါ့။”

သဘောတူ လက်မှတ်ရေးထိုးဖို့အဆိုကို ထိုင်းအမျိုးသား ဥပဒေပြုလွှတ်တော်မှာ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က တညီတညွှတ်ထဲ ထောက်ခံမဲရရှိခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ထိုင်းအလုပ်သမားဝန်ကြီးဟာ မြန်မာနိုင်ငံနေပြည်တော်ကို သွားရောက်ပြီး ထိုင်းနိုင်ငံမှာရေလုပ်သား ၆သောင်းလောက် လိုအပ်တယ်ဆိုတဲ့ အကြောင်းအကူအညီ သွားတောင်းခဲ့ပြီးတဲ့နောက်မှာတော့ ထိုင်းမှာလက်ရှိလိုအပ်နေတဲ့ ရေလုပ်သားတွေ စေလွှတ်ဖို့ ကိုလည်း မြန်မာဘက်ကသဘောတူညီခဲ့ပါတယ်။

ရေလုပ်သားတွေ စေလွှတ်မယ်ဆိုရင်တော့ သူတို့ကို ရေလုပ်ငန်းခွင်မှာ အလုပ်လုပ်နိုင်အောင် ကြိုတင် အသိပညာပေးမှုတွေ လုပ်ပေးရမယ်လို့ ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားရေး ဆောင်ရွက် နေသူတွေ က ပြောဆိုခဲ့ပါတယ်။

ထိုင်းအစိုးရအနေနဲ့ သဘောတူလက်မှတ် ရေးထိုးပြီးပြီဆိုရင်တော့အလုပ်ရှင်တွေဘက်ကလည်း တကယ်လိုက်နာကျင့်သုံးဖို့ လိုအပ်တယ်လို့ လည်း ဦးမင်းဦးကဆိုပါတယ်။
“အလုပ်ရှင်တွေကလည်း လိုက်နာကျင့်သုံးရမယ်။ လှေသားတွေကလည်း ကိုယ့်အခွင့်ရေးကိုလည်း သိဖို့လိုတယ်။ အလုပ်ရှင်ကလည်း သူတို့ရဲ့တာဝန်ဝတ္တရားပေါ့။ သူတို့အနေနဲ့ အလုပ်သမားတွေကို ပံ့ပိုးပေးရမယ့် အပိုင်းတွေ သိဖို့လိုတယ်လေ။”

ဒီဆုံးဖြတ်ချက်အတွင်းလိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေဟာအလုပ်ရှင်တွေအဖို့ လိုက်လုပ်ဖို့ ခက်ခဲတယ်ဆိုပြီး၂၀၁၈ခုနှစ် သြဂုတ်လဆန်းပိုင်း ကစပြီး ငါးလုပ်ငန်းရှင်တွေက ကန့်ကွက်စာတွေ တင်ခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ ဒီစည်းမျဉ်းစည်းကမ်းတွေအတိုင်း အတည်ပြုမယ်ဆိုရင်တော့ ခရိုင် ၂၂ခုက ငါးဖမ်းလှေလုပ်ငန်းရှင်တွေက လှေတွေမထွက်ပဲ ဆန္ဒထုတ်ဖော်သွားမယ်လို့ ပြောဆိုထားတာပါ။ ဒီနောက်မှာတော့ ခရိုင်တချို့မှာ လှေတွေမထွက်ပဲ ကန့်ကွက် ဆန္ဒပြမှုတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG