သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကို အကာကွယ်ပေးဖို့ 


ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ

ထိုင်းနိုင်ငံမှာ အလုပ်သမားတွေကို အဓမ္မခိုင်းစေရင် ဒဏ်ငွေနဲ့ ထောင်ဒဏ် ပူးတွဲအပြစ်ပေးနိုင်တဲ့ ဥပဒေကို ပြင်ဆင်ရေးဆွဲလိုက်တာဟာ မြန်မာ ရွေ့ပြောင်းအလုပ်သမားတွေအတွက် အကျိုးရှိနိုင်ကြောင်း ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။ မြန်မာနိုင်ငံက ရွေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီ ရှိနေပြီး အများစုက အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေကြရတာကြောင့် မြန်မာအစိုးရအနေနဲ့ ဒီလူတွေအတွက် ကာကွယ် ဆောင်ရွက်ပေးသင့်တယ်လို့ ဆိုပါတယ်။ ထိုင်းအစိုးရက တနင်္ဂနွေနေ့မှာ ထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်နဲ့ပတ်သက်လို့ ဗွီအိုအေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ ဦးထူးချစ်က အခုလို စပြောပါတယ်။

ဦးထူးချစ်။ ။ အခုလိုမျိုး ထိုင်းအစိုးရက အမိန့်ကြေညာထုတ်ပြန်တာက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင် နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အများကြီး အကျိုးရှိနိုင်တယ်လို့ ကျနော်တွေ့ရပါတယ်။ အဓိကတော့ ပြဿနာဖြစ်ရင် ထိုင်းအစိုးရကို ထိထိရောက်ရောက်တိုင်ကြားနိုင်ဖို့က ပိုအရေးကြီးတယ်။ ဥပဒေဘယ်လောက်ပဲရှိရှိ ထိထိရောက်ရောက် မတိုင်ကြားနိုင်ဘူးဆိုရင် ဘယ်လိုမှ သူတို့အနေနဲ့ အရေးယူဆောင်ရွက်နိုင်မှာမဟုတ်ဘူး။ ကျနော်တို့ထိုင်းနိုင်ငံမှာ ရှိတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေရော ဒေသအတွင်းမှာရှိတဲ့ အဖွဲ့အစည်းတွေရော ပေါင်းပြီးတော့ ထိုင်းအစိုးရကို တစိတ်မတ်မတ် ပြင်ဆင်ဖို့ ၊ ဥပဒေတွေကို ဒီထက်ပိုပြီးတော့ အလုပ်သမားတွေကို စနစ်တကျ ကာကွယ်နိုင်အောင် ပြင်ဆင်ဖို့ တောက်လျောက်ကျနော်တို့ တောင်းဆိုခဲ့ပါတယ်။ ဆိုတော့ ဘာပဲပြောပြော ဒီဘက်က ထိုင်းနိုင်ငံမှာ အခြေချနေတဲ့ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုမှုရဲ့ တစုံတရာ ရလဒ်လည်းဖြစ်တယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဒီလိုမျိုးဖြစ်နေတာတွေဟာ အလုပ်သမားတွေကိုယ်က သူတို့အခွင့်အရေးတွေ ရပိုင်ခွင့်တွေ မသိလို့လား ၊ ဒါမှမဟုတ် သူတို့နောက်ကနေပြီးတော့ မြန်မာအစိုးရက မားမားမတ်မတ် သူတို့ကိုယ်စားရပ်တည်ပြီးတော့ သူတို့အခွင့်အရေးတွေမှာ လုပ်ဆောင်ပေးတာမှာ အားနည်းမှုရှိနေလို့လား ဘာကြောင့်ပါလဲ။

ဦးထူးချစ်။ ။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အချိန်ကတည်းက လူကုန်ကူးခံရတယ်၊ ဥပဒေမဲ့ သတ်ဖြတ်ခံရတယ်။ ဒီခေတ်သစ်ကျေးကျွန်တွေသဖွယ် ခိုင်းစေခံရတယ်။ ဒါတွေက အဓိကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ ကိုယ်တိုင်က သူတို့အလုပ်သမား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ဗဟုသုတနည်းတာက တပိုင်းပေါ့နော် ။ နောက်တခုက သူတို့ ဗဟုသုတနည်းပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက အားကောင်းတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေရော အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရော ပေါင်းပြီးတော့ ဒီအလုပ်သမားတွေအခြေအနေကို တစိတ်မတ်မတ်တင်ပြနိုင်ခဲ့တယ်။ ထိရောက်သင့်သလောက် မထိရောက်ဘူး။ အဲဒီကိစ္စတွေကို ထိထိရောက်ရောက်နဲ့ အကောင်အထည်ဖော်နိုင်ဖို့ဆိုရင် သက်ဆိုင်ရာ အစိုးရတွေရဲ့ အခန်းကဏ္ဍက လုံးဝအရေးကြီးပါတယ်။ ဥပမာအားဖြင့် - မြန်မာအစိုးရဆိုရင် ကျနော်တို့ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို စနစ်တကျ ကာကွယ်ပေးရာမှာ အင်မတန်မှ အားနည်းခဲ့တယ်ခင်ဗျ။ ကျနော်တို့လောက် လူဦးရေမရှိတဲ့ Cambodia အစိုးရလောက်တောင်မှ ထိုင်းအစိုးရကို ထဲထဲဝင်ဝင် ပြင်းပြင်းထန်ထန် ကန့်ကွက်တာတို့ စောင့်ကြည့်လေ့လာတာတို့ အဲဒါမျိုးတွေ မလုပ်နိုင်ဘူး။ အခုဆိုရင် ရေလုပ်ငန်းမှာ မြန်မာအစိုးရအနေနဲ့ MOU ထိုးထားတယ် လေးသောင်းနှစ်ထောင်ကျော်သူတို့ပို့မယ်။ ဒါဟာ ကျနော်တို့အတွက် အင်မတန်မှကြီးမားတဲ့ အခွင့်အရေးပဲ။ တကယ်လို့များ မြန်မာအစိုးရအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာနိုင်ငံသားတွေကို စိတ်ကောင်းစေတနာမှန်ရှိတယ် တကယ်အကာအကွယ်ပေးချင်တယ်ဆိုရင် ယနေ့အချိန်မှာ အင်မတန်မှ ထိထိရောက်ရောက်လုပ်နိုင်တဲ့အခြေအနေကို ပြောလို့ရတယ်။

ကိုဇော်ဝင်းလှိုင်။ ။ အလုပ်သမားတွေအပေါ် မြန်မာအစိုးရဘက်က လုပ်ဆောင်ပေးမှု အားနည်းတာ ၊ စိတ်ဝင်စားမှုမရှိတာမျိုးဖြစ်နေတယ်ဆိုတာ တကယ့်တကယ်ပြောရမယ်ဆိုရင် ဒီအလုပ်သမားတွေက နိုင်ငံတော်အတွက် အခွန်ငွေအများကြီးလည်း ရှာပေးနေတာပဲလေ။ ဒီလိုမျိုး လျော့ရိလျော့ရဲ ဖြစ်နေတာက ဗဟိုအစိုးရ နိုင်ငံတော်အကြီးအကဲတွေဘက်က အားနည်းချက်ရှိတာလား ဒါမှမဟုတ် အောက်ခြေ၀န်ထမ်းတွေ ၊ ထိုင်းဆိုရင်လည်း အဲဒီမှာရှိတဲ့ မြန်မာသံရုံးဝန်ထမ်းတွေဘက်က စိတ်ဝင်တစား လုပ်ဆောင်ပေးမှု အားနည်းတာလား ဘယ်အဆင့်မှာ ကျနော်တို့ အဆက်အသွယ်ပြတ်နေတာလဲ ခင်ဗျ။

ဦးထူးချစ်။ ။ အဓိကပြောမယ်ဆိုရင် အရင်က ကျနော်တို့ စစ်အုပ်ချုပ်ရေး စစ်အာဏာရှင် စစ်အစိုးရကနေပြီးတော့ ဒါက အသွင်ကူးပြောင်းလာတဲ့ အခြေအနေရှိတာကို တဖြေးဖြေးနဲ့ နည်းနည်းတော့ တိုးတက်လာတာတွေရှိပေမယ့် လက်ရှိအနေအထားမှာတော့ အဓိက တာဝန်အရှိဆုံးကတော့ ပြည်ထောင်စုအစိုးရပေါ့ ။ ပြည်ထောင်စုအစိုးရက စနစ်ကျတဲ့ မူဝါဒတွေ ချမှတ်မယ် တခါတည်းမှာ အဲဒီမူဝါဒတွေကို အကောင်အထည်ဖော်တဲ့လူတွေကို ပြန်ကြီးကြပ်မယ်ဆိုရင် ကျနော်အစောကပြောတဲ့ ပြဿနာတွေ မရှိနိုင်ဘူး။ ၂ ပိုင်းပေါ့ ကိုယ်တိုင်က မလုပ်တတ်ဘူးဆိုတဲ့နေရာမှာ လုပ်တတ်တဲ့ လူပု​ဂ္ဂိုလ် တွေ ၊ အဖွဲ့အစည်းတွေ မြန်မာပြည်မှာရော ပြည်ပမှာရော အများကြီးရှိတယ်။ အဲဒီလူတွေ အကူအညီနဲ့ လူပေါင်း သန်းပေါင်းများစွာ သူများနိုင်ငံမှာ လာလုပ်ပြီးတော့ ကျွန်ခံနေတဲ့လူတွေကို သူတို့တွေအနေနဲ့ ထိထိရောက်ရောက် အကာအကွယ် ပေးသင့်တယ်။ အစောကပြောသလိုပေါ့ အလုပ်သမားတွေက ငွေကြေးပဲရှာပေးနေတာမဟုတ်ဘူး နည်းပညာနဲ့ ဒီမှာရတာတွေကို အတွေ့အကြုံ တွေက သူတို့ ဘ၀တွေ ၊ အသက်တွေနဲ့ ရင်းပြီးတော့ လေ့လာပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ကို အများကြီး သူတို့အထောက်အကူ ပြုဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် အဲဒီလူတန်းစားကို စနစ်တကျ အကာအကွယ်မပေးတာ ကျနော်တို့ လည်း လုံးဝစဉ်းစားလို့မရဘူး ။ အစိုးရအနေနဲ့ ထိထိရောက်ရောက် အကာအကွယ်ပေးသင့်တဲ့ အချိန်ရောက်ပြီလို့ ပြောချင်ပါတယ်။

ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG