သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦး သောင်ရင်းမြစ်မှာ ရေကစားရင်းပျောက်ဆုံး


သင်္ကြန်ကာလ အိမ်ပြန်ကြတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းမြန်မာနယ်စပ် မိုးရေးမြစ် ကို လှေနဲ့ ကူးနေ (ဓါတ်ပုံ- Dice Thanie Jornjhun)
သင်္ကြန်ကာလ အိမ်ပြန်ကြတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းမြန်မာနယ်စပ် မိုးရေးမြစ် ကို လှေနဲ့ ကူးနေ (ဓါတ်ပုံ- Dice Thanie Jornjhun)

မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀၀ထက်မနည်းဟာ ထိုင်း-မြန်မာနယ်စပ်ကို ဖြတ်တဲ့ မိုးရေးမြစ်လို့ ခေါ်တဲ့ သောင်ရင်းမြစ်ရဲ့ ရေတိမ်တဲ့နေရာမှာ ရေကစားနေကြပေမဲ့ ရေနက်တဲ့ နေရာတွေကို မသွားလာဖို့ သတိပေးနေတဲ့ကြားက ရေကစားနေကြတဲ့ မြန်မာအလုပ်သမား ၂ဦးဟာ ဧပြီလ ၁၄ရက်နေ့ ကတည်းကနေ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ သူတို့ ရဲ့အလောင်းတွေလည်း ရှာဖွေလို့မတွေ့သေးပါဘူး။ ထိုင်း- မြန်မာနယ်စပ် တရားဝင် ဝင်ပေါက် ၊ ထွက်ပေါက် ၄ခု အပါအဝင် တရားမဝင် လှေဂိတ်တွေကပါ နေရပ်ပြန်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကတော့ တသိန်း ခွဲလောက်ရှိတယ်လို့ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မဟာသင်္ကြန်ကာလမှာ နေရပ်မပြန်ကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀၀ ထက် မနည်းဟာ ဧပြီလ ၁၃ရက်ကနေ ၁၅ရက်နေ့အထိ သောင်ရင်းမြစ်က ရေတိမ်တဲ့ နေရာတွေမှာ ရေကစားနေကြတာပါ။ ဒီထဲမှာ တားမြစ်နယ်မြေတွေရှိနေတဲ့ကြားကပဲမြန်မာ ၂ဦးဟာရေနစ်ပျောက်ဆုံးနေတယ်လို့ မြန်မာပြည်သားများ အရေး ပူးတွဲလှုပ်ရှားမူကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုး က အခုလိုပြောပါတယ်။

“မြစ်ရေတိမ်တဲ့အပိုင်း ပေါ့။မြစ်ရေ ထဲမှာ ဝဲ အသေးအမွားလေး ရှိတဲ့နေရာဘက်မှာတော့
ထိုင်းနယ်ခြားစောင့် တပ်ကော မြန်မာဘက်ကရော အစောင့်ချထားတယ်။ ဆိုင်းဘုတ်လည်းထောင်ထားတယ်။ အခုအထိတော့ ပျောက်နေတာပေါ့နော်။ မြစ်ကြောင်း အတိုင်း
ပျောက်နေတယ် ၂ယောက် ပျောက်နေတယ် မြန်မာတွေပဲ။”

ပျောက်ဆုံး မြန်မာတွေနဲ့ ပတ်သက်လို့ ဧပြီလ ၁၅ရက်နေထိ ရှာဖွေလို့မတွေ့သေးပါဘူး။ ဒီနှစ်မှာတော့ ထိုင်းအစိုးရက နေရပ်ပြန်မြန်မာတွေအတွက် Re- entry တုံး လို့ခေါ်တဲ့ အဝင်အထွက်တုံး ကို အခမဲ့ခွင့်ပြုပေးတဲ့အတွက် နေရပ်ပြန်သူ မြန်မာတသိန်းခွဲထက်မနည်း ပြန်ကြတယ်လို့ ဆိုပါတယ်။

“ထိုင်း သင်္ကြန်အကြို ၁၂ရက်နေ့ထိ တရားဝင်လမ်းပေါက် ၄ပေါက်ကနေ မဲဆောက်၊ မြဝတီ၊ ကော့သောင်း၊ ရနောင်း၊ ထီးခီး၊ ထားဝယ်၊ မဲဆိုင်၊တာချီလိတ် လမ်းကြောင်းကနေ
တရားဝင်ပြန်တာ တသိန်းကျော်တယ်။ မဲဆောက်၊ မြဝတီ သောင်းရင်းမြစ်ကိုဖြတ်တဲ့
စစ်လှေဂိတ် ကနေပြန်တာ ၆သောင်း ထက်မနည်းဘူး။ ဒီအတွက် တသိန်းခွဲလောက်ပြန်ကြတယ် ပြောလို့ရတယ်။ ဒါပေမဲ့ ဧပြီလ ၁၃ရက်နေ့ ကနေ ၁၅ ရက်အထိ ကတော့ ပြန်သူ တနေ့ကို ၅၀၀လောက်ပဲရှိတယ်။ အောက်လှေဂိတ်တွေကလည်း သိပ်မပြန်ကြတော့ဘူး။”

မဟာသင်္ကြန်ကာလဟာမြန်မာလူမျိုးအတွက် နှစ်သစ်အခါသမယဖြစ်တာကြောင့် မြန်မာပြည်တွင်း က မိသားစုတွေနဲ့ ပြန်ဆုံကြတာ ဘာသာရေးအရ ရဟန်းခံ ရှင်ပြု တာတွေလုပ်ကြတာ အလှူဒါနတွေလုပ်ကြတာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ် နေကြတဲ့ မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေဟာ နေရပ်ပြန်ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG