သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပအလုပ်သမား အများအပြား ဂျပန်ခေါ်ယူမည်


တိုကျိုမြို့ဆိပ်ကမ်းတခုက လုပ်သားများ
တိုကျိုမြို့ဆိပ်ကမ်းတခုက လုပ်သားများ

ဂျပန်နိုင်ငံရဲ့အလုပ်သမား ရှားပါးမှုပြဿနာကိုဖြေရှင်းဖို့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား (၅)သိန်းကို လာမယ့် ၆ နှစ်အတွင်း ခေါ်ယူနိုင်မယ့် ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးရေး ဥပဒေကို ဂျပန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အတိုက်အခံတွေရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်ရပြီးနောက် အတည်ပြုလိုက်တဲ့ ဒီဥပဒေဟာ ၂၀၁၉ ဧပြီလကစလို့ အသက်ဝင်လာမှာဖြစ်ပြီး ဂျပန်နိုင်ငံမှာ အလုပ်သင် ဗီဇာနဲ့ ရောက်ရှိ လုပ်ကိုင်နေသူတွေကို ဦးစားပေးအနေနဲ့ အလုပ်လုပ်ခွင့် ဗီဇာတွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ အခြေအနေအကြောင်းစုံ ကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

အသက်အရွယ်ကြီးရင့်သူ လူဦးရေများပြီး အလုပ်ကြမ်းလုပ်နိုင်မယ့်သူ ရှားပါးလာတဲ့ ဂျပန်နိုင်ငံမှာ စီးပွားရေးကို အရှိန်မြှင့်ဖို့ဆိုရင် နိုင်ငံခြား အလုပ်သမားတွေကို ခေါ်ယူ အသုံးပြုဖို့လိုတယ်ဆိုပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ဂျပန်လွှတ်တော်မှာ စတင် ဆွေးနွေးလာခဲ့ကြ တာပါ။

အလုပ်သမားဗီဇာ ထုတ်ပေးနိုင်မယ့် လူဝင်မှုဥပဒေကြမ်းတရပ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ဂျပန်လွှတ်တော်မှာ တင်သွင်းခဲ့ပြီး၊ ဂျပန် အတိုက်အခံပါတီတွေနဲ့ အာဏာရ LDP (Liberal Democratic Party of Japan) ပါတီကိုယ်စားလှယ်တချို့ကပါ ကန့်ကွက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ နိုင်ငံခြားအလုပ်သမား ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးရေး ဥပဒေကို ဂျပန်လွှတ်တော်နှစ်ရပ်စလုံးက အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ဒီလူဝင်မှုဥပဒေသစ်ဟာ ၂၀၁၉ ဧပြီလကစလို့ အသက်ဝင်မှာဖြစ်ပြီး ပထမ အသုတ် အနေနဲ့ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား ၃သိန်း ၄သောင်းကို ခေါ်ယူမှာ ဖြစ်ပါတယ်။ အဲဒီထဲက ဂျပန်နိုင်ငံမှာ အလုပ်သင်ဗီဇာ (Training Visa)နဲ့ အလုပ် လုပ်နေသူတွေကို ဦးစားပေးသွားမှာဖြစ်တယ်လို့ တိုကျိုမြို့က စားသောက်ဆိုင် ပိုင်ရှင် တဦးဖြစ်တဲ့ ဦးကျော်ကျော်စိုးက ပြောပါတယ်။

“နောင်နှစ် ဧပြီလ ၁ရက်ကစမယ့် ဘတ်ဂျက်ကနေ နိုင်ငံခြားသားအလုပ်သမား ၃သိန်း ၄သောင်းလက်ခံမယ်၊ အဲဒီထဲကနေ သူတို့လုပ်ငန်းတွေ ထဲကနေပြီးတော့ ထောက်ခံချက် ပေးပြီးပြန်ခေါ်ချင်သူတွေ၊ ဂျပန်ဘာသာစကား အတိုင်းအတာတခုထိ ကျွမ်းကျင်ပြီးသား လူတွေထဲက .. ဂျပန်မှာ လောလောဆယ်ရှိနေတဲ့ Training နဲ့ လာတဲ့လူတွေထဲက ရလိမ့်မယ်။”

ဂျပန်အစိုးရက ခေါ်ယူမယ့် နိုင်ငံခြားသားအလုပ်သမားတွေအတွက် ဗီဇာအမျိုးအစား ၂ မျိုးသတ်မှတ်ထားပြီး၊ လုပ်ငန်းကျွမ်းကျင်မှုအဆင့် အနည်းငယ်သာရှိတဲ့ အလုပ် သမားတွေကို ဗီဇာသက်တမ်း ၅ နှစ်အထိပေးမှာဖြစ်ပြီး မိသားစုခေါ်ယူခွင့် မရှိပါဘူး။ နောက်တမျိုးကတော့သက်ဆိုင်ရာအလုပ်မှာ ကျွမ်းကျင်အဆင့်ရှိတဲ့ အလုပ်သမားတွေ အတွက်ပေးမယ့် ဗီဇာဖြစ်ပြီး မိသားစုကိုပါ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ပြည်ဝင်ခွင့်ဗီဇာ အသစ်အရ အစပိုင်းမှာ အလုပ်အမျိုးအစား ၅ ခုအတွက် ခေါ်ယူမှာဖြစ်ပေမယ့် နောက်ပိုင်းမှာ အလုပ်ကဏ္ဍ (၁၄)မျိုးအတွက် ခေါ်ယူဖို့ ဆုံးဖြတ်ထားတာပါ။ ဒါဟာ ဂျပန်နိုင်ငံရဲ့အလုပ်သမားလိုအပ်ချက် မြင့်မားမှုကို ပြနေတာဖြစ်တယ်လို့ မြန်မာ့အရေး လှုပ်ရှားသူ တိုကျိုမြို့နေ ဦးသောင်းမြင့်ဦးက သုံးသပ်ပါတယ်။

“ ဂျပန်ကတော့ မဖြစ်မနေ လူကတော့လိုနေပြီ၊ ဒီမှာ ဂျပန်တွေကလည်း အသက်တွေ ကြီးနေပြီ။ နောက် တကယ့်ကို ပင်ပင်ပန်းပန်း လုပ်ရမယ့်နေရာတွေမှာ ဂျပန်တွေက မလုပ်ချင်တော့ဘူး။ တချို့ဆိုင်တွေတောင် ပိတ်ရမလို ဖြစ်နေတာ။ အဲဒါ အစိုးရကို ဖိအားပေးတော့ အစိုးရက အလုပ်သမားခေါ်ဖို့ဟာကို သူတို့စဉ်းစားတယ်။ ဒါပေမဲ့ အတိုက်အခံတွေနဲ့ မီဒီယာတွေက ဘာလို့ ကန့်ကွက်ကြသလဲဆိုတော့ နိုင်ငံခြားသားကို မကြိုက်လို့ ကန့်ကွက်တဲ့ ပုံစကတမျိုးရှိတယ်၊ နောက်တမျိုးကျတော့ .. ဟုတ်ပြီ လိုရင်ခေါ် ဒါပေမယ်လို့ ခေါ်မယ့် နိုင်ငံခြားသားတွေကို ဘယ်လိုပုံစံနဲ့ အကာအကွယ်ပေးမှာလဲ။ ခေါ်ရင်တော့ တကယ့် ကျွမ်းကျင်တဲ့လူမျိုးကိုခေါ်ဖို့ အဲလိုပုံစံမျိုးတွေနဲ့ ပြောနေကြတာ။ ”

အထူးသဖြင့် လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ စက်ရုံတွေမှာ အလုပ် သမား လိုအပ်ချက် ပိုများနေတာကြောင့် ဘာသာစကား အနည်းငယ်နားလည်ရုံနဲ့ အလုပ်ရရှိကြမှာ ဖြစ်တယ်လို့ ဦးကျော်ကျော်စိုးက ပြောပါတယ်။

“ အဓိကအချက်ကတော့ လူက အရမ်းလိုအပ်နေပြီ၊ အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းမှာပေါ့။ ငါးလုပ်ငန်းဆိုရင် ဖမ်းနိုင်တဲ့ ငါးက ရှိပြီးတော့ ငါးဖမ်းမယ့်သူက မရှိဘူးဖြစ်နေတာ။ ဒါကြောင့်မို့လို လောလောဆယ် လုပ်ငန်းခွင်ထဲ သုံးလို့ရမယ့် ဂျပန်စကား ပြောတာမျိုး ရလို့ရှိရင်တော့ သူတို့ခေါ်မယ်ဆိုတဲ့အနေအထား ရှိနေတယ်။ ဘာသာစကား ကျွမ်းကျင်မှု အတိုင်းအတာတခုထိ လျှော့မှာတော့ သေချာတယ်။ ”

အခုလို နိုင်ငံခြားသားအလုပ်သမားတွေ ဂျပန်ကခေါ်ယူမယ့်အတွက် မြန်မာ နိုင်ငံသားတွေလည်း အခွင့်လမ်းပေါ်လာမှာဖြစ်မယ့် လူကုန်ကူး ခံရတာမျိုး မဖြစ်ဖို့တော့ သတိပြုသင့်တယ်လို့ ဦးကျော်ကျော်စိုးက တိုက်တွန်းပါတယ်။

“ နိုင်ငံခြားကနေ အလုပ်သမားတွေ ခေါ်တဲ့အခါမှာ အဲဒီလာမယ့် အလုပ်သမားတွေ ဆီကနေ အခကြေးငွေ ယူတာမျိုးကို ဂျပန်က လက်မခံဘူးဗျ။ ဒါပေမဲ့ လက်ရှိတကယ်တမ်း ဖြစ်ပျက်နေတာက မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတချို့မှာ အခကြေးငွေ ပေးနေရတယ်။ နောက်တချက်က ဘယ်လိုအကြောင်းကြောင့်ပဲ ဂျပန်ကိုလာလာ စာချုပ် ချုပ်တဲ့အခါ ကျရင်၊ စာချုပ်ထဲပါတဲ့ အကြောင်းအရာ အချက်အလက် တွေကို လာမယ့်သူတွေက သေသေချာချာ နားလည်သိရှိပြီးတော့ ဂျပန်ရောက်တဲ့အခါမှာ အဲဒီစာချုပ်ပါအတိုင်း ဖြစ်ဖို့က မြန်မာပြည်ကလာမယ့် အလုပ်သမားတွေ အဓိက နားလည်ဖို့လိုအပ်မယ်လို့ ထင်ပါတယ်။ ”

အသစ်ပြဌာန်းလိုက်တဲ့ ဂျပန်လူဝင်မှုဥပဒေသစ်အရ ၂၀၁၉ ဧပြီလကစပြီး ၂၀၂၅ ခုနှစ် အထိ ၆ နှစ်တာကာလအတွင်း နိုင်ငံခြားသားလုပ်သား (၅)သိန်း ခေါ်ယူသွားမှာပါ။ လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ စည်သွတ်ဗူး စက်ရုံ၊ ကားအပိုပစ္စည်းထုတ်စက်ရုံ၊ ဆောက်လုပ်ရေး၊ သင်္ဘော တည်ဆောက်ရေး၊ ကားပြင်လုပ်ငန်းနဲ့ အဆောက်အဦး သန့်ရေးရေး စတဲ့ လုပ်ငန်းတွေအတွက် အလုပ်သမား လိုအပ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG