သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်နိုင်ငံ နိုင်ငံခြားသားအလုပ်သမားခေါ်ယူမှု ဥပဒေ ပြင်ဆင်မည်


Tsukiji ငါးဈေးတွင် အလုပ်လုပ်နေသော အလုပ်သမားတဦး
Tsukiji ငါးဈေးတွင် အလုပ်လုပ်နေသော အလုပ်သမားတဦး

ဂျပန်နိုင်ငံမှာ ရှေ့လာမယ့်နှစ်ကစလို့ ၆ နှစ်တာကာလအတွင်း နိုင်ငံခြားသားအလုပ်သမား (၅)သိန်းကို တရားဝင်ခေါ်ယူဖို့ ဂျပန်အစိုးရက ဆုံးဖြတ်ထားပြီး၊ မြန်မာလူငယ်တွေအတွက် အခွင့်လမ်းကောင်းတွေ ပေါ်လာမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံမှာ နှစ်ရှည်ကြာနေလာတဲ့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ လက်ရှိစီးပွားရေး အခြေအနေကို ဆက်ပြီးထိန်းထားနိုင်ဖို့ဆိုရင် နိုင်ငံခြားသား အလုပ်သမားတွေ ငှားရမ်းဖို့လိုတယ်ဆိုပြီး ဂျပန်စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့အစိုးရကို ဖိအားပေးတိုက်တွန်းခဲ့ပြီးနောက် အခုလို အလုပ်သမားခေါ်ယူဖို့ ဖြစ်လာတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဂျပန်နိုင်ငံမှာ အသက်အရွယ်ကြီးရင့်သူ လူဦးရေက အများစုဖြစ်လာပြီး ကဏ္ဍအစုံမှာ အလုပ်လုပ်မယ့် လူအင်အားပိုပြီး လိုအပ်လာနေတာပါ။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းနဲ့ စက်ရုံတွေမှာ အလုပ်သမားလိုအပ်ချက် ပိုရှိလာနေတယ်လို့ ဂျပန်နိုင်ငံမှာ အနှစ် အစိတ်လောက်နေလာတဲ့ ဦးကျော်ကျော်စိုးက ပြောပါတယ်။

"ဂျပန်ရဲ့ စီးပွားရေးကို အားကောင်းကောင်းနဲ့ တည်ဆောက်နိုင်ဖို့ဆိုရင် နိုင်ငံခြားအလုပ်သမားတွေကို အားကိုးမှ ရမယ်ဆိုတဲ့ အနေအထားဖြစ်လာတယ်။ အဓိကအများဆုံးပြဿနာက စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းရယ်၊ စက်ရုံ ရယ် အဲဒါက အဓိကလူအင်အားလိုအပ်နေတယ်။"

နိုင်ငံခြားသားအလုပ်သမား ခေါ်ယူမယ့် ဒီအစီအစဉ်ကို လွန်ခဲ့တဲ့ ၂နှစ်က ဂျပန်လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့ကြတာဖြစ်ပြီး အရင်ဦးဆုံး အလုပ်အမျိုးအစား ၅ ခုအတွက်သာ နိုင်ငံခြားအလုပ်သမားခေါ်ယူဖို့ စဉ်းစားခဲ့ပေမဲ့ နောက်ပိုင်းမှာ အလုပ်ကဏ္ဍ(၁၄)မျိုးအတွက် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီအတွက် ဂျပန်လွှတ်တော်မှာ လူဝင်မှုဥပဒေကို ပြင်ဆင်ချက်လုပ်ခဲ့ပြီး နိုဝင်ဘာ(၂)ရက်နေ့ကျရင် လွှတ်တော်မှာ အတည်ပြုပြဌာန်းမှာ ဖြစ်ပါတယ်။

ဂျပန်အစိုးရက ခေါ်ယူမယ့် နိုင်ငံခြားသားအလုပ်သမားတွေအတွက် ဗီဇာအမျိုးအစား ၂ မျိုးသတ်မှတ်ထားပြီး၊ အနည်းငယ်ကျွမ်းကျင်အဆင့် ရှိတဲ့ အလုပ်သမားတွေအတွက် ဗီဇာသက်တမ်း ၅နှစ်အထိ ပေးမှာဖြစ်ပြီး မိသားစုကိုတော့ ခေါ်ယူခွင့် ရမှာမဟုတ်ပါဘူး။ နောက်ဗီဇာ အမျိုးအစားကတော့ လုပ်ငန်းကျွမ်းကျင်အဆင့်ရှိတဲ့ အလုပ်သမားအတွက် ဗီဇာဖြစ်ပြီး မိသားစုကိုပါခေါ်ယူနိုင်မှာဖြစ်သလို၊ ဗီဇာသက်တမ်း ကုန်သွားချိန်မှာ နောက်ထပ် သက်တမ်းကို အလွယ်တကူတိုးနိုင်မှာဖြစ်ပါတယ်။

အဲဒီလို ကဏ္ဍတွေအပြင် အသက်ရွယ်ကြီးရင့်ပြီဖြစ်တဲ့ ဂျပန်အဖိုးအဖွားတွေကို ပြုစုစောင့်ရှောက်ရေး (Nursing Care)အတွက်လည်း နိုင်ငံခြားသား အလုပ်သမားတွေ အတော်ကို လိုအပ်နေပြီး မြန်မာနိုင်ငံအတွင်းမှာလည်း အလုပ်သမားရှာဖွေရေး အေဂျင်စီတွေက စတင် လှုပ်ရှားနေတယ်လို့ တိုကျိုမြို့မှာ အနှစ်(၂၀)ကျော်နေလာ ဦးသန်းဆွေက ပြောပါတယ်။ ဂျပန်အနေနဲ့ နိုင်ငံခြားသားအလုပ်သမား လိုအပ်ချက် မြင့်မားလာရတဲ့အကြောင်းကိုလည်း သူက အခုလိုရှင်းပြပါတယ်။

"ကောျင်းသားဆိုရင်တပတ်မှာ ၂၈ နာရီပဲလုပ်ရမယ်၊ Training ဆိုရင်လည်း သတ်မှတ်ထားတဲ့အလုပ်မှာ သတ်မှတ်ထားတဲ့လခနဲ့ လုပ်ရမယ်ဆိုတော့ အဲဒါတွေက သူတို့နိုင်ငံအတွက်က အလုပ်သမားလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့အနေအထားမှာမရှိဘူး၊ ဒီလိုTraining နဲ့လာတဲ့လူတွေက လုပ်ငန်းကျွမ်းကျင်မှု ရှိလာတဲ့အခါမှာ contract ပြည့်သွားတော့ မူလနိုင်ငံကို ပြန်ရတယ်။ အဲဒါတွေက သူတို့နိုင်ငံမှာ တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အနေအထားမရှိတဲ့အခါကျတော့ ဒါကိုပြုပြင်ပြောင်းလဲဖို့ ကြိုးစားတာပေါ့။"

အခုလို ဂျပန်က အလုပ်သမားတွေ ခေါ်ယူမယ်ဆိုတာကြောင့် မြန်မာနိုင်ငံသားတွေအတွက်လည်း အကျိုးများစေမှာဖြစ်ပြီး သတိပြုသင့်တဲ့ အချက်တွေလည်းရှိကြောင်း ဦးကျော်ကျော်စိုးက ပြောပါတယ်။

"နိုင်ငံခြားသားအလုပ်သမား ၅ သိန်း ဆိုတဲ့နေရာမှာ Low Skill labor တွေကို အဓိကခေါ်တယ် ခေါ်ပြီးတော့ အဲဒီမှာ မြန်မာပြည်က လူတွေက ဂျပန်မှာ လာပြီးတော့ အလုပ်လုပ်နိုင်မယ့် အနေအထားတော့ဖြစ်လာနိုင်မှာပေါ့လေ။ ဂျပန်မှာ ၆ လလောက်အလုပ်လုပ်ပြီးရင် ကိုယ့်တိုင်းပြည်ပြန် ၊ အဲဒီမှာ ကိုယ့်လုပ်ငန်းကို ကျွမ်းကျင်လာတယ်ဆိုရင် ကိုယ်လုပ်တဲ့လုပ်ငန်းကနေပြီးတော့ အတည်ပြုချက် ထောက်ခံချက်နဲ့ ဂျပန်ကိုပြန်လာလို့ရတယ်ဆိုတဲ့ပုံစံကို First Step မှာ ဂျပန်အစိုးရက ဆုံးဖြတ်ထားတာပေါ့နော်။ အထူးသဖြင့် ဒီစိုက်ပျိုးရေးနဲ့ ငါးလုပ်ငန်းမှာ ဖြစ်နေတယ်။"

လာမယ့် ၂၀၁၉ ဧပြီလကစလို့ ၂၀၂၅ ခုနှစ်အထိ ၆ နှစ်တာကာလအတွင်း မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား (၅)သိန်းကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ကဏ္ဍ ၁၄ ခုအတွက် ခေါ်ယူမှာဖြစ်ပြီး လယ်ယာစိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး၊ စည်သွတ်ဗူးစက်ရုံ၊ ကားအပိုပစ္စည်းထုတ်စက်ရုံ၊ ဆောက်လုပ်ရေး၊ သင်္ဘောတည်ဆောက်ရေး၊ ကားပြင်လုပ်ငန်းနဲ့ အဆောက်အဦး သန့်ရေးရေး စတဲ့လုပ်ငန်းတွေအထိ ပါဝင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG