သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံနဲ့ ပတ်သတ်တဲ့ ဂျပန်ဗျူဟာ


 မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တရုတ်နဲ့ပူးပေါင်းဆောင်ရွက်ဖို့အလားအလာ၊ မြန်မာကိစ္စ တရုတ်နဲ့ ပြိုင်နေရလား၊ မြန်မာနိုင်ငံအပေါ် ဂျပန်အနေနဲ့ မဟာဗျူဟာမြောက် ဘာတွေ စိတ်ဝင်စားတာလဲဆိုတာကို VOA ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ကို တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး ။ ။ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံ အိမ်နီးချင်းနိုင်ငံတွေ၊ တရုတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်၊ ပူးပေါင်းဆောင်ရွက်ရင် ကောင်းမယ်ဆိုတဲ့ စကားကို နားလည်ပါတယ်။ နောက်တခုက ကျနော် ဒီရက်အပိုင်းတွင် သိထားတာက မြန်မာနိုင်ငံမှာ လုပ်ငန်းအသီးသီး၊ စီမံကိန်းအသီးသီး အကောင်အထည်ဖော်ဖို့အတွက် ဂျပန်နဲ့ တရုတ် ပူးပေါင်းဆောင်ရွက်ပြီးတော့ အကောင်အထည်ဖော်ဖို့ ပြောဆိုဆွေးနွေးတာတချို့၊ တွန်းတာတချို့ ရှိတယ်လို့ ကျနော် အဲဒီလို နားလည်ထားပါတယ်။ အတိအကျ မှန်မမှနန်တော့ ကျနော် မသိပါဘူး။ အဲဒီလို တရုတ်နဲ့ ဂျပန် ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားအလာ ဗမာပြည်မှာ ဘယ်လောက်အထိ ရှိပါလဲ။

ဖြေ ။ ။ ကျနော်တို့က မြန်မာနိုင်ငံအတွက် အင်မတန်မှ အရေးကြီးတာ ဘာလဲဆိုရင် မြန်မာနိုင်ငံက နိုင်ငံရေးတည်ငြိမ်မှု၊ ဒီမိုကရေစီ ရှိဖို့။ နောက်တချက်က စီးပွားရေးဖွံ့ဖြိုးဖို့။ စီးပွားရေးဖွံ့ဖြိုးမယ်ဆိုပေမယ့် အဲဒါက တည်ငြိမ်ဖွံ့ဖြိုးတယ်။ ပြီးတော့ မြန်မာပြည်သူလူထုတ အဲဒါ စီးပွားရေးတိုးတက်မှုအကျိုးကို ခံစားနိုင်တယ်။ အဲဒါကို ကျနော်တို့က အကောင်အထည်ဖော်စေချင်တယ်။ အဲဒါကို အကောင်အထည်ဖော်မယ်ဆိုရင် မြန်မာနိုင်ငံက နိုင်ငံတကာအကုန်လုံးနဲ့ ဆက်ဆံမှု ကောင်းဖို့လိုတယ်။ အခုက ရခိုင်ပြည်နယ်မှာ ဖြစ်တာကြောင့် တချို့အနောက်နိုင်ငံများနဲ့ ဆက်ဆံမှု က တမျိုးဖြစ်နေပါတယ်။ အဲဒါကို ကျနော်တို့ မဖြစ်စေချင်ပါဘူး။ တကယ့်မြန်မာနိုင်ငံ အနာဂတ်ကို စဉ်းစားမယ်ဆိုရင် တရုတ်နိုင်ငံ၊ အနောက်နိုင်ငံတေပါ. အနောက်နိုင်ငံလို့ ပြောတဲ့အခါ အမေရိကန်နဲ့ အီးယူနိုင်ငံတွေပါပါတယ်။ ပြီးတော့ အာဆီယံနိင်ငံတွေက အရေးကြီးပါတယ်။ ဂျပန်လည်းပါပါမယ်။ အဲဒီလို တကမ္ဘာလုံးနိုင်ငံတိုင်းက မြန်မာနိုင်ငံနဲ့ အဆင်ပြေတဲ့ ဆက်ဆံမှု ရှိဖို့လိုတယ်။ အဲဒီလိုရှိမှာပဲ မြန်မာနိုင်ငံ အခုနပြောတဲ့ နိုင်ငံတည်ငြိမ်မှု၊ စီးပွားရေးတိုးတက်မှု အကောင်အထည်ဖော်နိုင်ပါမယ်။ ဒါကြောင့် အဲဒီသဘောထားနဲ့ ကျနော်တို့ တရုတ်တင်မကဘူး၊ အနောက်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့နဲ့ မြန်မာနိုင်ငံ ပူးပေါင်းပြီး ဆောင်ရွက်ချင်ပါတယ်။

မေး ။ ။ သံအမတ်ကြီးကို ကျနော် မေးခွန်းတခု ပွင့်ပွင့်လင်းလင်း မေးချင်ပါတယ်။ ကျနော်တို့ ပရိသတ်ကလည်း သိချင်တဲ့မေးခွန်းလို့ ယုံကြညပ်ပါတယ်။ တရုတ်နဲ့ ဂျပန်ကြားမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အပြင်းအထန် ပြိုင်ဆိုင်လုပ်ဆောင်နေရတဲ့ အနေအထားမျိုး ရှိပါသလား။

ဖြေ ။ ။ အဲဒါက အပြင်ကလူတိုင်းက အဲဒီလိုမျိုးပြောကြပါတယ်။ ဆိုတော့ အဲဒါက မမှန်ပါဘူး။ ကျနော်တို့က ဘာလုပ်နေသလဲဆိုရင် မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ဖို့အတွက် တကယ်မြန်မာနိုင်ငံ စီးပွားရေးတိုးတက်ပြီး ပြည်သူလူထုက အဲဒီအကျိုးကို ခံစားနိုင်ဖို့အတွက် ဘာအကူအညီတွေများ လိုအပ်သလဲဆိုတာကို စဉ်းစားပြီးတော့ လုပ်နေပါတယ်။ အဲဒါကို ကျနော်တို့ တရုတ်နဲ့ပြိုင်ပြီးတော့ ဒီ စီမံကိန်းလုပ်မယ်၊ ဟို စီမံကိန်းလုပ်မယ် စဉ်းစားတာမျိုး တခါမှ မရှိပါဘူး။ ဒါကြောင့် ကျနော်တို့က အခုနပြောထားတဲ့အတိုင်း မြန်မာနိုင်ငံစီးပွားရေး တကယ်စစ်မှန်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး - စစ်မှန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ပြည်သူလူထုက အဲဒီအကျိုးကို ခံစားနိုင်တယ်။ အဲဒါကို ဖြစ်အောင်လုပ်မယ်ဆိုရင် နိင်ငံတကာနဲ့ တကမ္ဘာလုံးနဲ့ ဆက်ဆံမှုက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့က ပြိုင်ဆိုင်တယ်ဆိုတာ မဟုတ်ပါဘူး။

မေး ။ ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ စိတ်ဝင်စားတယ်ဆိုတာ ဘာတွေဆိုတာကို မြန်မာလူထုက တော်တော်များများ သိကြပါတယ်။ တခြားနိုင်ငံတွေနဲ့ ပတ်သက်လို့ အဲလောက်ကြီးတိတိကျကျ မသိကြပါဘူး။ ဆိုတော့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် အဓိက မဟာဗျူဟာမြောက် စိတ်ဝင်စားမှု ဘာဆိုတာများ ကျနော်တို့ ပရိသတ်ကို ပြောပေးနိုင်မလား။

ဖြေ ။ ။ ကျနော်တို့က မြန်မာနိုင်ငံမှာဆိုရင် အကြောင်းအရာ နှစ်ခု ရှိပါတယ်။ ပထမအကြောင်းက မြန်မာနိုင်ငံက ကျနော်တို့ ဂျပန်နိုင်ငံအတွက် ကျေးဇူးရှင်နိုင်ငံ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေရာတိုင်းမှာ ကျနော်ပြောပါတယ် ဒုတိယကမ္ဘာစစ်ပွဲကြီးမှာ မြန်မာနိုင်ငံ အထူးသဖြင့် ဗမာလူမျိုးများကို သိပ်ကြီးမားတဲ့ ဒုက္ခကို ပေးခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက စစ်ပွဲကြီး ပြီတဲ့အခါမှာ ဂျပန်နိုင်ငံကို အင်မတန်မှ အားပေးအကူအညီပေးတယ်။ ဥပမာပြောမယ်ဆိုရင် စားနပ်ရိက္ခာသိပ်ရှားနေတဲ့အချိန်မှာ ဗမာဆန်ကို ဂျပန်ပြည်ကို ပို့လိုက်တာတွေ ရှိပါတယ်။ ဒါကြောင့် ကျနေ်ာတို့ ဂျပန်လူမျိုးတိုင်းက ဘာကြောင့်လဲမသိပါဘူး မြန်မာနိုင်ငံကို လာလည်သူတိုင်း ဂျပန်လူမျိုးတိုင်းက မြန်မာနိုင်ငံကို အင်မတန်မှချစ်တယ်၊ ကြိုက်တယ်၊ သဘောကျတယ်။ ဒါကြောင့် ကျနော်တို့က ဒီလောက် ဂျပန်နိုင်ငံအတွက်၊ ဒီလောက် သမိုင်းအရ ပြည်သူလူထုအချင်းချင်းမှာ ဒီလောက် ရင်းနှီးတယ်ဆိုတာ ဂျပန်နိုင်ငံအတွက် မြန်မာနိုင်ငံမပါဘဲ တခြားနိုင်ငံတွေ လုံးဝမရှိတော့ဘူး။ ဒါကြောင့် အဲဒီလိုနိုင်ငံဖြစ်တဲ့အတွက် ကျနော်တို့က အဲဒီနိုင်ငံကို နိုင်ငံရေးအရ၊ စီးပွားရေးအရ အင်မတန်မှ တိုးတက်စေချင်တဲ့သဘော ရှိပါတယ်။ အဲဒါ ပထမတခု ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒါ မဟာဗျူဟာ မဟုတ်ပါဘူး။ ဒုတိယအချက်က မြန်မာနိုင်ငံကို မဟာဗျူဟာအရပြောမယ်ဆိုရင် မြန်မာနိုင်ငံက အာဆီယံနိုင်ငံအဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်။ အရှေ့တောင်အာရှနိုင်ငံထဲက နိုင်ငံဖြစ်တယ်။ အဲဒီမှာ မြန်မာနိုင်ငံက လူဦးရေးအရ၊ စီးပွားရေးအရ အကုန်ကြည့်လိုက်တဲ့အခါ အင်မတန်မှ အင်အားကြီးတဲ့နိုင်ငံ ဖြစ်ပါတယ်။ အဲဒီအင်အားကြီးတဲ့ နိုင်ငံတွေကို ဂျပန်နိုင်ငံက နိုင်ငံရေး၊ စီးပွားရေး တိုးတက်တည်ငြိမ်မှု၊ လုံခြုံရေး အဲဒါတွေကို စဉ်းစားတဲ့အခါမှာ အရှေ့တောင်အာရှနိုင်ငံများရဲ့ တည်ငြိမ်မှု၊ စီးပွားရေး တိုးတက်မှုတွေက အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီလို ကြီးတဲ့အခါမှာ မြန်မာနိုင်ငံက အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က မြန်မာနိုင်ငံကို ပိုပြီးတော့ စီးပွားရေး တိုးတက်စေချင်တယ်။ နိုင်ငံတည်ငြိမ်မှု ရစေချင်တယ်။ အဲဒါ ကျနော်တို့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါကြောင့် အခုနပြောတဲ့ ကျေးဇူးတင်တဲ့သဘောနဲ့ မြန်မာနိုင်ငံက အရှေ့တောင်အာရှ နိုင်ငံများထဲမှာ အင်မတန်မှ အရေးကြီးတဲ့ နိုင်ငံတနိုင်ငံဖြစ်တဲ့အတွက် အဲဒီအကြောင်းနှစ်ခုကြောင့် ကျနော်တို့ ဆက်သွယ်နေပါတယ်။

မေး ။ ။ သံအမတ်ကြီး ရှင်းပြတာကို ကျနော် အင်မတန်စိတ်ဝင်စားပါတယ်။ အဲဒါနဲ့ တဆက်ထဲပဲ ကျနော့်ခေါင်းထဲ အတွေးဝင်လာတာက အခု တရုတ်-ဂျပန် အခြေအနေကို မြန်မာနိုင်ငံနဲ့ ဆက်စပ်ပြီးတော့ ပြောနေကြတယ်ဆိုတော့ မြန်မာလူထုအများစုကြားထဲမှာ တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့ အဆိုးမဟုတ်ဘူးဆိုရင်တောင်မှ နည်းနည်းမကောင်းတဲ့အမြင်လေးတွေ ရှိတယ်လို့ ကြားပါတယ်။ ဒါလဲ သမိုင်းနဲ့ချီလာတဲ့ကိစ္စပါ။ ဒါပေမဲ့ ဂျပန်နိုင်ငံနဲ့ ပတ်သက်ရင်တော့ မြန်မာလူထုကြားထဲမှာ အဲဒီလိုမျိုးတွေ မရှိဘူးလို့ ယေဘုယျအားဖြင့် နားလည်ပါတယ်။ အဲဒီအပေါ် သံအမတ်ကြီးအနေနဲ့ သဘောတူပါလား။

ဖြေ ။ ။ နိုင်ငံ-နိုင်ငံဆိုရင် ဥပမာ အိမ်နီးနားချင်းနိုင်ငံ ဆက်ဆံမှုက အင်မတန်မှ ခက်ပါတယ်။ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံဆိုရင် နယ်စပ်ဆက်နေပါတယ်။ ဆိုတော့ ဆက်ဆံမှုက အများဆုံး ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ဂျပန်နဲ့ မြန်မာနိုင်ငံဆိုရင် နည်းနည်းဝေးပါတယ်။ အိမ်နီးနားချင်း နိုင်ငံဖြစ်ပေမယ့် နည်းနည်းဝေးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ ဂျပန်နိုင်ငံအခြေအနေနဲ့ တရုတ်နိုင်ငံ အခြေအနေက မတူပါဘူး။ ဒါပေမဲ့ နိုင်ငံဆိုတော့ တခြားတနေရာကို ရွှေ့လို့မရပါဘူး။ ဒါကြောင့် ကျနော်တို့ မျှော်လင့်တာကလဲ တရုတ်နိုင်ငံနဲ့ ဆက်ဆံမှု အဆင်ပြေမှုက မြန်မာနိုင်ငံအတွက် အရေးကြီးတယ်ဆိုတာ လုံးဝနားလည်ပါတယ်။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ ဆက်ဆံမှုကို အဆင်ပြေစေချင်တယ်။ ပြီးတော့ အခုန ကျနော်ပြောတဲ့အတိုင်း မြန်မာနိုင်ငံ တကယ်ကို စီးပွားရေး၊ နိုင်ငံရေး တိုးတက်ဖို့ စဉ်းစားမယ်ဆိုရင် နိုင်ငံတကာဆက်ဆံမှု၊ အဲဒါက တရုတ်နိုင်ငံပါတယ်။ အနောက်နိုင်ငံတွေလည်းပါတယ်။ အာဆီယံနိုင်ငံတွေလည်း ပါတယ်။ အာရှနိုင်ငံတွေလည်းပါတယ်။ အဲဒီဆက်ဆံမှုတွေ အကုန်လုံး အဆင်ပြေဖို့ လိုပါတယ်။ အဲဒီလိုဖြစ်ဖို့ ကျနော်တို့ အင်မတန်မှ မျှော်လင့်ပါတယ်။

မေး ။ ။ ကျနော်လည်း ဆက်ပြီးတော့ နည်းနည်းလေးကွဲတဲ့ မေးခွန်းကို မေးချင်ပါတယ်။ အဲဒါကတော့ ကျနော် သိထားသလောက်၊ ကျနော် မှားရင်လဲ ပြင်ပေးပါ။ ကျနော် သိထားသလောက် ဂျပန်နဲ့ မြန်မာစစ်ဘက်နှစ်ခုကြားမှာလည်း တချို့ဆက်ဆံရေးတွေ ရှိထားတယ်လို့ သိထားပါတယ်။ အဲဒီဆက်ဆံရေး အခြေအနေလဲ ရှင်းပြပေးပါ။ စစ်ဘက်အချင်းချင်း ဆက်ဆံရေး၊ ကျနော်က စစ်တပ်အချင်းချင်းဆိုတာထက် စစ်ဘက်လို ပြောချင်ပါတယ်။ စစ်ဘက်အချင်းချင်း ဆက်ဆံရေးအခြေအနေလည်း နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ ကျနော်တို့က သမ္မတဦးသိန်းစိန်အစိုးရ တက်လာတဲ့အချိန်မှာ ကျနော်တို့ တပ်မတော် - ဂျပန် ကာကွယ်ရေးတပ်မတော်နဲ့ မြန်မာနိုင်ငံ တပ်မတော်နဲ့ အချင်းချင်းဆက်ဆံဖို့ အဲဒါကို ကျနော်တို့ စလုပ်နေပါတယ်။ ဥပမာပြောမယ်ဆိုရင် ကျနော်တို့က မြန်မာနိုင်ငံ တပ်မတော်အရာရှိများ ကျနော်တို့ ဂျပန်နိုင်ငံမှာရှိတဲ့ ကာကွယ်ရေးတက္ကသိုလ်မှာ ပညာသင်တော်အဖြစ် လက်ခံလာတာ ရှိပါတယ်။ ပြီးတော့ နောက်တခုကတော့ သဘာဝဘေးအန္တရာယ် ကာကွယ်ဖို့အတွက် ဂျပန်ပြည်မှာ တပ်မတော်က အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် ကျနော်တို့ ဂျပန်ပြည်ရဲ့ အတွေ့အကြုံနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ဖို့အတွက် တပ်မတော်ရဲ့ကဏ္ဍက ဘယ်လိုရှိလာတယ်ဆိုတာကို လေ့ကျင့်မှုပေးနေတာ ရှိပါတယ်။ ဒါကြောင့် အဲဒီလိုအချင်းချင်း ဆက်ဆံမှုတွေ ရှိပါတယ်။

မေး ။ ။ တဆက်တည်းမှာပဲ ဂျပန်စစ်ဘက်ကနေ မြန်မာစစ်ဘက်ကို တခြားအကူအညီ ထောက်ပံ့မှုတွေ ပေးတာကော ရှိပါသလား။ စစ်လက်နက်ပစ္စည်းပါ။

ဖြေ ။ ။ အဲဒါတော့ မရှိပါဘူး။ ကျနော်တို့က တကယ်ပြောမယ်ဆိုရင် အခု မြန်မာနိုင်ငံက တပ်မတော်ဆိုရင် မြန်မာနိုင်ငံ နိုင်ငံရေးအကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရေးမှာ အဓိကတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခုက ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ အရပ်သားအစိုးရ ပေါ်ပေါက်လာပါတယ်။ NLD အစိုးရ ပေါ်ပေါက်လာတယ်။ ဒါပေမဲ့ တပ်မတော်က အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အထူးသဖြင့် ငြိမ်းချမ်းရေးအတွက် သိပ်အရေးကြီးပါတယ်။ ဒါပေမဲ့ တပ်မတော်အစိုးရ၊ ဒီမိုကရေစီအစိုးရ၊ အရပ်သားအစိုးရ ဖြစ်လာတဲ့အချိန်မှာ တပ်မတော်အရ ဘယ်လိုပုံစံမျိုးနဲ့ တာဝန်ထမ်းဆောင်ရမှာက ကျနော်တို့ ဂျပန်အစိုးရနဲ့ ဂျပန်နိုင်ငံရဲ့ အတွေ့အကြုံကို ရှင်းပြပြီးတော့ နားလည်မှုရနိုင်ဖို့အတွက် ကျနော်တို့ရဲ့ အကူအညီတခု ဖြစ်ပါတယ်။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ် သံအမတ်ကြီး။

XS
SM
MD
LG