သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ပိတ်ရက်ပြည်တော်ပြန် မြန်မာအလုပ်သမားတွေ ထိုင်းအလုပ်ခွင်ဝင်ဖို့ ပြန်ကြပြီ


ထိုင်းနိုင်ငံကိုပြန်ကြတဲ့ မြန်မာအလုပ်သမားများ
ထိုင်းနိုင်ငံကိုပြန်ကြတဲ့ မြန်မာအလုပ်သမားများ

သင်္ကြန်ကာလ အလုပ်နားရက်ပြီးဆုံးပြီ ဖြစ်တာနဲ့အမျှ သင်္ကြန်တွင်း အိမ်ပြန်ခဲ့ကြတဲ့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ.. အခုတော့ အလုပ်ခွင်ပြန်ဝင်ဖို့အတွက် ထိုင်းနိုင်ငံကို ပြန်သွားနေကြပါပြီ။ ဒီလ ၃၀ ရက်နေ့မတိုင်ခင် ထိုင်းနိုင်ငံထဲကို ပြန်လာပါမှ အခမဲ့ ပြန်လည်ဝင်ရောက်ခွင့် re-entry တုံး ရမှာမို့လည်း ဒီသတ်မှတ်ရက် မတိုင်ခင် အလုံးအရင်းနဲ့ ပြန်နေကြတာပါ။ နေ့စဉ် ပြန်နေကြသူ တနေ့ကို ပျမ်းမျှ ၆၀၀၀ လောက် ရှိနေပြီး သွားလာရေး အခက်အခဲတချို့လည်း ကြုံနေရတဲ့အကြောင်း အလုပ်သမားရေး ကူညီပေးနေသူတွေက ပြောပါတယ်။ သင်္ကြန်အပြီး လုပ်ငန်းခွင် ပြန်လာနေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

နေရပ်ပြန် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်း ဘတ်ငွေ (၁၀၀၀) ကုန်ကျပြီး ဆောင်ရွက်ရတဲ့ အိမ်ပြန်တုံးကြီး (Re-entry) အစား အခမဲ့အိမ်ပြန်တုံး (Re-entry) စနစ်ဖြစ် ဧပြီလ( ၅) ရက်နေ့မှ ဧပြီလ( ၃၀) ရက်နေ့အတွင်းမှာ ဝင်/ထွက်ခွင့်ပြုကြောင်း ထိုင်း အစိုးရမှ ထုတ်ပြန် ကြေညာထားတာကြောင့် ဧပြီလ ၅ရက်နေ့စလို့နေရပ်ပြန်ကြတဲ့ ရွှေ့ပြောင်းမြန်မာတွေဟာ လူဦးရေ ၁ သိန်းခွဲလောက်ရှိတာပါ။ အခုအခါမှာတော့ တနေ့ကိုလူဦးရေ ၆ထောင်ခန့် ပြန်လာနေကြတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီက ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုပါတယ်။

"မဲဆောက်မြဝတီ တရားဝင်ချစ်ကြည်ရေးဂိတ်ကနေ တရားဝင်ပြန်လာတာ ၄၀၀၀ လောက် ဘောဂိတ်ဇီးတောဂိတ်၊ သရက်ပင်ဂိတ်၊ ချောင်းကြီးဂိတ်တို့၊ ရေလည်ကျွန်း စစ်တပ်ဂိတ်၊ ရဲဂိတ်တို့၊ မိုးကုတ်ဂိတ်၊ အမှတ် ၁ ဂိတ်တို့၊ အမှတ် ၁၇ ဂိတ်၊ အမှတ် ၁၉ ဂိတ် သောင်းရင်းမြစ်ကိုဖြတ်ရတဲ့ ဂိတ်တွေကပြန်လာကြတာလည်း တနေ့ ၂၀၀၀ ဝန်းကျင်ရှိတယ်။ တရားဝင်ဂိတ်က ၄၀၀၀ လောက်ဆိုတော့ တနေ့ကို လူ ၆၀၀၀ လောက်တော့ အနည်းဆုံးပြန်လာကြတယ်လို့ အကြမ်းဖျင်းမှန်းလို့ရတယ်။"

အခုဆိုရင် မြန်မာပြည်ဘက်ကလည်း မြဝတီကို ပြန်နေကြတဲ့ ကားတွေက လူတွေများကြီး လက်မှတ်မရတာတွေ ဖြစ်နေသလို မဲဆောက်ကနေ ဘန်ကောက်တက်တဲ့ ကားတွေမှာလည်း ပြန်လာသူတွေ အများအပြားရှိတာကြောင့် ကားလက်မှတ်တွေကို ပွဲစားတွေက အမြတ်တင်ပြီး ပြန်ရောင်းနေကြတာကို တွေ့ရတယ်လို့လည်း ဦးမိုးကြိုးက ဆိုပါတယ်။

"ပြောမယ်ဆို ကားလက်မှတ်တွေက ၂၀၀ ဘတ်ကနေ ရိုးရိုးတန်းတွေဆို ၂၀၀ဘတ် ပထမတန်း ၃၀၀၊ ၄၀၀ ရိုးရိုးတန်း VIP ၆၀၀ ကနေ ၁၀၀၀ လောက်ထိ လေယာဉ်လက်မှတ်တွေဆို အမြတ် ၁၀၀၀ ကနေ ၁၅၀၀ ထောက်ထိ ယူနေကြတာတွေ့ရတယ်။"

အခုနေရပ်ပြန်တွေထဲက ပြန်လာကြသူတွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က အများစုဖြစ်ပြီး တချို့ကတော့ ကားလက်မှတ် အခက်အခဲကို သိတာကြောင့် စောစောပြန်လာကြ တာတွေ အလုပ်ကို နှစ်ဆန်းတရက်ပြီးတာနဲ့ ချက်ချင်းပြန်ဝင်ရမယ့် သူတွေများတယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရက ၃နှစ်ဆက်တိုက် နေရပ်ပြန်မြန်မာတွေအတွက် re-entry ဗီဇာတုံးအခမဲ့ အစီစဉ်ကို လုပ်ပေးခဲ့ပြီး တချို့ကတော့ ဒီအစီစဉ်ကို သိပ်နားမလည်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေက ပြန်သူနည်းပေမဲ့ ဒီနှစ်မှာတေ့ာ ထိုင်းအာဏာပိုင်တွေက လူဝင်မူကြီးကြပ်ရေးရုံးကနေ စာရွက်စာတမ်းများ ပြုလုပ်ပေးပြီး နေရပ်ပြန်အတွက် မြန်ဆန်တဲ့ အစီစဉ်များကြောင့် ပြန်တဲ့သူ အများအပြားရှိခဲ့ပြီး ဒီနှစ်မှာတော့ တရားဝင်ဂိတ်ပေါက် လေးပေါက်ကနေရော၊ တရားမဝင် ဂိတ်တွေကပါ နေရပ်ပြန်မြန်မာတွေ ၁ သိန်းခွဲလောက် ရှိတယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ပြောပြခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG