သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းငါးလုပ်ငန်း နိုင်ငံတကာ ဥပဒေနဲ့ ညီဖို့ ကန် စောင့်ကြည့်မည်


Migrant workers from Myanmar stand on a fishing boat as it arrives at the port in the southern Thai city of Pattani on June 18, 2014.
Migrant workers from Myanmar stand on a fishing boat as it arrives at the port in the southern Thai city of Pattani on June 18, 2014.

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းမှာ မြန်မာအပါအဝင် အခြားရွှေ့ပြောင်းအလုပ်သမားတွေကို ကျွန်ပြုစေခိုင်းမှုမျိုး ဆက်ပြီး ရှိမရှိ၊ နိုင်ငံတကာ အလုပ်သမားဥပဒေတွေနဲ့ ကိုက်ညီမှုရှိမရှိ စောင့်ကြည့်နိုင်ဖို့ ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ အမေရိကန်က အနီးကပ် ပူးပေါင်းဆောင်ရွက်သွားဖို့ရှိကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဦးဆောင်နေသူတဦးက ဗွီအိုအေကိုပြောပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က Massachusetts ပြည်နယ် Boston မြို့မှာကျင်းပခဲ့တဲ့ အမေရိကန် ပင်လယ်စာကုန်စည်ပြပွဲ ၂၀၁၉ ကို တက်ရောက်လာတဲ့ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်ကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီး ပြောပြမှာပါ။

အဲဒီကုန်စည်ပြပွဲမှာ အမေရိကန် အလုပ်သမားဝန်ကြီးဌာနအပါအဝင် အလုပ်သမားသမဂ္ဂ တာဝန်ရှိသူတွေက ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ မြန်မာနဲ့ ထိုင်း အရပ်ဖက်အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီး ၂၀၁၄၊ ၁၅ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံတွင်း ရေလုပ်ငန်းမှာ ကျွန်ပြုစေခိုင်းမှုတွေဆက်ပြီး ရှိမရှိ၊ ငါးဖမ်းလုပ်သားတွေရဲ့ နောက်ဆုံးအခြေအနေ စတာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆောင်ရွက်နေသူ ထိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အမှုဆောင်ညွန်ကြားရေးမှူး ဦးထူးချစ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ အဓိကတော့ ၂၀၁၄-၂၀၁၅ လောက်ကနေစပြီးတော့ ထိုင်းနိုင်ငံက ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ လုပ်နေတဲ့ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကျေးကျွန်သဖွယ်ခိုင်းစေတာတို့ နောက်လူကုန်ကူးမှုတွေ အများကြီးဖြစ်ခဲ့တာတို့ နောက်တခုက ကလေးအလုပ်သမားတွေ သုံးတာပေါ့လေ။ အဲဒါတွေကြောင့် အမေရိကန်အစိုးရကနေ ထိုင်းနိုင်ငံကို သတိပေးတာတွေ လုပ်ခဲ့တယ်။ တချိန်တည်းမှာလည်း ဥရောပသမဂ္ဂကလည်း အဝါကဒ်ပြပြီးတော့ သူတို့ကို သတိပေးခဲ့တယ်။ သူတို့ပင်လယ်ထွက်ကုန်တွေကို မဝယ်ဘူးပေါ့နော် ။ စနစ်တကျ အလုပ်သမားအခွင့်အရေးတွေကို ဂရုမစိုက်ဘူးဆိုရင် မဝယ်ဘူးဆိုတော့ အဲဒါကြောင့်မို့လို့ ကျနော်တို့ ထိုင်းအစိုးရနေပြီးတော့ ILO ရဲ့C 188ပေါ့ ရွှေ့ပြောင်းအလုပ်သမား လှေလုပ်သားတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ အဲဒီသဘောတူညီချက် စာချုပ်တွေကိုလည်း လက်မှတ်ထိုးလိုက်တာဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲဒီလက်မှတ်ထိုးပြီးတဲ့အချိန်မှာရော တကယ်ရော သူတို့ သေသေချာချာနဲ့ အလုပ်သမားအခွင့်အရေးတွေကို လေးစားလိုက်နာရဲ့လားဆိုတာမျိုးပေါ့လေ။ ကျနော်တို့ရော ကျန်တဲ့ ထိုင်းအဖွဲ့အစည်းတွေလည်း ခေါ်ပြီးတော့ သူတို့လေ့လာတာပေါ့။ ဆိုတော့ ကျနော်တို့ကတော့ စောနပြောတဲ့ တကယ်အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရမယ်ဆိုရင် စနစ်တကျ မှတ်တမ်းတွေလုပ်ပြီးတော့ ဒီအမေရိကန်အလုပ်သမား သမဂ္ဂတွေနဲ့ အမေရိကန်အစိုးရ နောက်ပြီးတော့ ဥရောပသမဂ္ဂကို စနစ်တကျတင်ပြနိုင်အောင်ဆိုပြီးတော့ ဒီအစည်းအဝေးကို ကျနော်တို့ လာရခြင်းဖြစ်ပါတယ်။”

ဒါ့အပြင် ငါးဖမ်းလုပ်သားတွေနဲ့ တိုက်ရိုက်ထိတွေ့ နေရတဲ့ ရွှေ့ပြောင်းအလုပ်သမား အဖွဲ့အစည်းတွေအတွက် လိုအပ်တဲ့ နည်းပညာနဲ့ အကူအညီတွေကို အမေရိကန်က အပြည့်အ၀ ကူညီပေးသွားဖို့ ရှိပြီး ထိုင်းက ရေလုပ်ငန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိ အမေရိကန်က အမြဲတမ်းစောင့်ကြည်သွားမယ့် အခြေအနေရှိနေတယ်လို့လည်း ဦးထူးချစ်က ပြောပါတယ်။

“အမြဲတမ်းကြည့်ပါတယ် ပြောမယ်ဆိုရင် သူတို့ကနေ ထိုင်းအစိုးရကိုပေါ့ဗျာ Tier 3 နံပတ် ၃ အဆိုးဆုံး သတ်မှတ်ပြီးတော့ သူတို့အစောကပြောတဲ့ ဖိအားတွေပေးတာကြောင့် ကျနော်တို့ အဲလိုဖြစ်လာတာပေါ့။ ဆိုတော့ ဘာပဲပြောပြော သူတို့က စိတ်ဝင်တစားရှိတယ်။ သူတို့နည်းပညာတွေ ကျနော်တို့ ကို ငွေကြေးပါ ထောက်ပံ့ပြီးတော့ ဒီကိစ္စတွေကို စောင့်ကြည့်ပြီးတော့ အလုပ်သမားကာကွယ်ရေးလုပ်ငန်းတွေလုပ်ဖို့ သူတို့နဲ့ ကျနော်တို့ သဘောတူညီချက်တွေတော့ ရထားပါတယ်။”

၂၀၁၈ ခုနှစ်က ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရသဘောတူညီချက်နဲ့ ထိုင်းနိုင်ငံမှာ လိုအပ်နေတဲ့ ငါးဖမ်းလုပ်သား ၄၀,၀၀၀ ကျော်အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို စတင်ပေးပို့နေရာမှာ ပင်လယ်ပြင်ရောက်နေတဲ့ ထိုင်း ငါးဖမ်းလှေတွေပေါ်က မြန်မာငါးဖမ်းလုပ်သားတွေရဲ့ အခွင့်အရေးအကာအကွယ်ပေးနိုင်ဖို့ မြန်မာအစိုးရဘက်က စောင့်ကြည့်ဖို့ လိုအပ်ကြောင်းလည်း ဦးထူးချစ်က ပြောပါတယ်။

“ပြီးခဲ့တဲ့ နှစ်ကဆိုရင် အစိုးရပေါ့ဗျာ ၂ နိုင်ငံ နားလည်မှု စာချွန်လွှာအရ ထိုင်းနိုင်ငံမှာ ကျနော်တို့ လိုအပ်နေတဲ့ လှေလုပ်သား လေးသောင်းနှစ်ထောင်ကျော်သူတို့ ပို့မယ်ဆိုပြီးတော့ သဘောတူညီချက်ရှိထားတယ်။ ဒါပြီးခဲ့တဲ့လလည်း သူတို့ စပို့တာမျိုးတွေရှိတယ်။ ကျနော်တို့ကတော့ အလုပ်သမားတွေကို လှေပေါ်မှာသွားပြီးတော့ အလုပ်မလုပ်ခင်မှာသူတို့ သိသင့်သိထိုက်တဲ့ဥပဒေတွေ ၊ နောက်ပြီးတော့ ကျမ်းမာရေး အာမခံချက်တွေ ဘယ်လိုရမလဲ ၊ သူတို့ အလုပ်သမားအခွင့်အရေးတွေ သိအောင် ကျနော်တို့က သင်တန်းတွေ ပေးနေတာတွေရှိတယ်။ အဓိက အစိုးရအနေနဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်အမြဲပြောပါတယ် သူတို့ ထိထိရောက်ရောက်လေ့လာပြီးတော့ စနစ်တကျ အကာအကွယ်ပေးဖို့ကတော့ အားနည်းနေသေးတယ်လို့ မြင်တယ်။ အခုလိုမျိုး လေးသောင်းကျော်သူတို့ ပို့မယ်ဆိုရင် အဲဒီမှာလည်း လှေပေါ်ရောက်သွားပြီဆိုရင် အလုပ်သမားတွေကို မြန်မာအစိုးရနဲ့ စနစ်တကျပေါ့လေ အခြားအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ စနစ်တကျ စောင့်ကြည့်ပြီးတော့ အလုပ်သမားတွေကို အကာအကွယ်ပေးသင့်တယ်လို့ ကျနော်ထင်တယ်။”

ထိုင်းနိုင်ငံရဲ့ ပင်လယ်ငါးဖမ်းလုပ်ငန်းဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံးဖြစ်ပြီး နိုင်ငံခြားကို ပင်လယ်စားပို့လုပ်ငန်းကနေ တနှစ်ကို ဝင်ငွေ အမေရိကန်ဒေါ်လာ ၈ ဘီလီယံနီးပါးရှိနေတယ်လို့ ဦးထူးချစ်က ဆိုပါတယ်။ လက်ရှိ ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား နှစ်သန်းနီးပါးရှိနေကြောင်းနဲ့ အများစုဟာ ငါးလုပ်ငန်းတွေမှာ လုပ်ကိုင်နေပြီး အခု အစိုးရဆီမှာ မှတ်ပုံတင်ကြရသလို သူတို့ကို ထိုင်းလုပ်သားတွေလိုပဲ အကာအကွယ်တွေ ပေးထားတယ် လို့ ထိုင်းအစိုးရက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG