သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းထောက် ၂ ဦးအပေါ် ထိုင်းရေတပ် စွဲဆိုချက် ရုပ်သိမ်းပေးဖို့ CPJ တောင်းဆို


ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ထိုင်းတောင်ပိုင်း ဖူးခက်မြို့တွင် ထိုင်းအာဏာပိုင်တွေရဲ့ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
မြန်မာနိုင်ငံကနေ လှေစီးပြေး ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးတာတွေမှာ ထိုင်းရေတပ် ပါဝင်ပတ်သက်နေတယ်လို့ ရေးသားခဲ့တဲ့ ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် သတင်းထောက် နှစ်ဦးကို ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော်က သတင်းထောက်တွေကို အသရေဖျက်မှု တရားစွဲဆိုမှုကို ချက်ချင်း ရုပ်သိမ်းသင့်တယ်ဆိုပြီး သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ က တောင်းဆိုလိုက်တဲ့ အကြောင်း မသီၤဂီထိုက်က တင်ပြထားပါတယ်။

ထိုင်းတော်ဝင် ရေတပ်မတော်က ထိုင်းနိုင်ငံ ဖူးခက် အခြေစိုက် Phuketwan အွန်လိုင်း သတင်းဌာနက သတင်းထောက် နှစ်ဦး ဖြစ်တဲ့ Alan Morison နဲ့ Chutima Sidasathian တို့ နှစ်ဦးကို သူတို့ ရေးသားခဲ့တဲ့ သတင်းတပုဒ် အတွက် ၂၀၀၇ ခုနှစ် ကွန်ပျူတာ ရာဇဝတ်မှု အက်ဥပဒေနဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီသတင်းထောက် နှစ်ဦးက မြန်မာနိုင်ငံကနေ လှေစီးပြီး ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေ အပေါ်ကနေ ထိုင်းစစ်တပ်က အကျိုးအမြတ်တွေ ရယူနေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတပုဒ်ကို ဇူလိုင်လ ၁၇ ရက်နေ့က ရေးသားဖော်ပြခဲ့ကြတာပါ။

ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့ ဒီသတင်းရေးသားသူတွေကို တရားစွဲဆိုမှု လုပ်မယ့် အစား ဒီသတင်းအချက်အလက်တွေ မှန်ကန်နေသလား ဆိုတာကို ရေတပ်မတော်အတွင်း စုံစမ်းစစ်ဆေးမှု လုပ်သင့်ပါတယ်လို့ အမေရိကန် အခြေစိုက် သတင်းထောက် ကာကွယ်ရေး ကော်မတီ CPJ ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အကြီးတန်း တာဝန်ခံ Shawn Crispin က ဆိုပါတယ်။

အခုလို သတင်းထောက်တွေကို တရားစွဲဆိုတာရဲ့ ရည်ရွယ်ချက်ကလည်း ဆိုးဝါးလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သတင်းတွေ ဖော်ထုတ်ရေးသားမှုကို အဟန့်အတား ဖြစ်အောင် လုပ်ဆောင်တာလို့ CPJ ရဲ့ ကြေညာချက်မှာ သူကထည့်သွင်းပြောဆိုပါတယ်။ ထိုင်း တော်ဝင် ရေတပ်မတော် အနေနဲ့ သတင်းထောက်တွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုမှုကို ချက်ချင်း ပယ်ဖျက်ပေးဖို့လည်း CPJ က တောင်းဆိုလိုက်ပါတယ်။ CPJ ရဲ့ အာရှအစီအစဉ်ရဲ့ တာဝန်ခံ Bob Dietz ကတော့ ဒီကိစ္စ အပေါ်မှာ အခုလို ပြောဆိုလိုက်ပါတယ်။

"အခုဟာက အသရေဖျက်မှုနဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံအတော်များများမှာ ဘာတွေ့ရသလဲ ဆိုတော့ သတင်းထောက်တွေရဲ့ အခွင့်အရေးကို ပံ့ပိုး ပေးမယ့် အစား တရားဥပဒေ အရ အရေးယူနိုင်အောင် လုပ်ဆောင်နေပါတယ်။ ဒီကိစ္စမှာ ဆိုရင်လည်း အစိုးရက ဒီနည်းလမ်းကို သုံးတာဘဲ ဖြစ်ပါတယ်။ ထိုင်းတော်ဝင် ရေတပ်မတော် အနေနဲ့လည်း သတင်းထောက် နှစ်ယောက်ကို အခုလို တရားစွဲဆိုမှုကို ပြန်ပြီး သုံးသပ်စဉ်းစားသင့်ပါတယ်။"

အခု ထိုင်းရေတပ်ကနေ အသရေဖျက်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ Alan Morison နဲ့ Chutima Sidasathian တို့ကို ဒီဇင်ဘာလ ၂၄ ရက်နေ့ မတိုင်ခင် တရားရုံးတင် စစ်ဆေးမယ့်လို့ ခန့်မှန်းရပါတယ်။ တကယ်လို့ ထိုင်းရေတပ်မတော်ကို အသရေဖျက်ခဲ့တယ်လို့ ပြစ်မှု ထင်ရှားရင်တော့ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ်လည်း ထိုင်းဘတ်ငွေ ၁ သိန်း၊ အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် ဒဏ်ကြေးငွေ ပေးဆောင်ရမှာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG