ပြီးခဲ့တဲ့သတင်းပတ်က အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့တဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထမ့်လွန် လှိုဏ်ဂူထဲ ပိတ်မိနေတဲ့ လူငယ်ဘောလုံးအသင်းသားတွေထဲက နိုင်ငံမဲ့ဖြစ်နေသူတွေဟာ ထိုင်းနိုင်ငံသားမဟုတ်တဲ့အတွက် အကန့်အသတ်တွေကို ဆက်လက်ပြီး ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
ထူးချွန်တဲ့ထိပ်တန်းဘောလုံးအားကစားသမားတွေဖြစ်လာဖို့ ရည်မှန်းချက်ရှိနေတဲ့ ဒီကလေးတွေမှာ ထိုင်း နိုင်ငံသားဖြစ်ဖို့ အခွင့်အရေးရှိသင့်ကြောင်း ထိုင်း ဘောလုံးအသင်းနည်းပြခေါင်းဆောင်က ပြောပါတယ်။
အေပီသတင်းဌာန အခြေခံပြီး မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
ထိုင်း အထူးရေတပ်ဖွဲ့က ဦးဆောင်ပြီး နိုင်ငံတကာ ရေငုပ်ကျွမ်းကျင်သူတွေ ပူးပေါင်း အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တဲ့ ဂူထဲပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းသား ၁၂ ဦးထဲ Mark Boonpium (၁၃ နှစ်)၊ Adul Samon (၁၄ နှစ်)၊ Pornchai Tee Khamluang (၁၆ နှစ်) နဲ့ လက်ထောက် နည်းပြ Ekapol Ake (အသက် ၂၅ နှစ်) တို့ဟာ နိုင်ငံမဲ့တွေဖြစ်ကြပါတယ်။ ဒါကြောင့် ထိုင်းမှာ သူတို့ရဲ့ လူမှုဘ၀ အကန့်အသတ်အများအပြားရှိနေပြီး အနာဂတ် မရေရာ မသေချာတဲ့အပြင် လက်ရှိသူတို့နေထိုင်တဲ့ ချင်းရိုင်ခရိုင်ကနေ အပြင်ဘက် အခြားမြို့တွေကို သွားလာခွင့် အကန့်အသတ်တွေရှိနေတာပါ။
သူတို့လိုပဲ တောဝက်ဘောလုံးအသင်းသား စုစုပေါင်း အယောက် ၈၀နီးပါးထဲမှာ အခြား အသင်းသား ကျောင်းသားလူငယ် ၂၀ နီးပါးဟာလည်း နိုင်ငံမဲ့တွေဖြစ်တယ်လို့ ဘောလုံးအသင်းနည်းပြခေါင်းဆောင် Nopparat Kanthawong က ပြောပါတယ်။ သူတို့အားလုံးဟာ အနာဂတ်မှာ ထိပ်တန်း ဘောလုံးအားကစားသမားတွေဖြစ်ဖို့ ရည်မှန်းချက်တွေရှိနေပြီး ထိုင်းနိုင်ငံသားဖြစ်မှ ဒီအခွင့်အရေးရမှာ ဖြစ်တယ်လို့ ဘောလုံးအသင်းနည်းပြက အခုလိုပြောပါတယ်။
"နည်းပြ Ake အပါအ၀င် အသင်းသား သုံးယောက်ဟာ နိုင်ငံမဲ့တွေပါ။ အဲဒါအပြင် ဂူထဲ ပိတ်မိနေတဲ့ အထဲမှာ မပါဘဲ ကျန်တဲ့ အသင်းသားတွေထဲက အယောက်၂၀ လောက်ဟာလည်း နိုင်ငံမဲ့တွေဖြစ်ပါတယ်။ ဒါကြောင့် သတင်းမီဒီယာတွေအနေနဲ့ အဲဒီအခြေအနေကိုပါ အလေးပေးဖေါ်ပြပေးဖို့ ကျနော် တောင်းဆိုချင်ပါတယ်။ ဒီဘောလုံးအသင်းမှာ ပါဝင်ကစားနေကြတဲ့ အသင်းဝင် ကလေးတွေအားလုံးမှာ ထူးချွန်တဲ့ ဘောလုံးအားကစားသမားကောင်းတွေဖြစ်ဖို့ ဆိုတဲ့ ဆန္ဒရှိနေကြတာပါ။ ဒါပေမဲ့လည်း သူတို့ဟာ နိုင်ငံသားမဟုတ်ဘူးဆိုရင် အဲဒီလိုဖြစ်လာဖို့ အခွင့်အလမ်းမရှိပါဘူး။"
နိုင်ငံမဲ့ဖြစ်နေတဲ့ ဘောလုံးအသင်းသားတွေအနေနဲ့ ပြိုင်ပွဲအတွက် အခြားမြို့တွေကို ခရီးသွားဖို့ တောင် အကန့် အသတ်တွေရှိနေတယ်လို့ သူကအခုလို ဆက်ပြောပါတယ်။
"တကယ်လို့များ ဒီခရိုင်နယ်မြေကနေထွက်ပြီး အခြားနေရာကို ခရီးသွားချင်တယ်ဆိုရင် အစိုးရရဲ့ ခွင့်ပြုချက် မဖြစ်မနေလိုအပ်ပါတယ်။ လုပ်ငန်းကိစ္စပဲဖြစ်ဖြစ် ပြိုင်ပွဲအားကစား အတွက် ပဲဖြစ်ဖြစ် သူတို့ သွားရမယ့် မြို့နေရာ ကို အစိုးရကို အသိပေးအကြောင်းကြားရပါတယ်။"
လှိုဏ်ဂူထဲပိတ်မိခဲ့တဲ့ လူငယ်ဘောလုံးအသင်းရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ အခြေအနေဟာ ထိုင်းမှာ နိုင်ငံမဲ့ဖြစ်နေသူတွေအရေးကို မီးမှောင်းထိုးပြလိုက်တာဖြစ်ပါတယ်။
ထိုင်းအစိုးရ စာရင်းဇယားအရ သူတို့နိုင်ငံမှာ နိုင်ငံမဲ့အဖြစ် စာရင်းသွင်းထားသူပေါင်း ၅ သိန်းနီးပါးရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံမဲ့ဖြစ်နေသူတွေအရေး သီးသန့် လေ့လာ စောင့်ကြည့်နေတဲ့ နိုင်ငံတကာအဖွဲ့ကြီးရဲ့ အဆိုအရ ထိုင်းနိုင်ငံမှာ နိုင်ငံမဲ့ဖြစ်နေတဲ့ လူဦးရေဟာ လက်တွေ့မှာ ၃.၅သန်း အထက်မှာ ရှိနိုင်တယ်လို့ ဆိုပါတယ်။
ထိုင်းမှာ နိုင်ငံမဲ့ဖြစ်နေသူတွေဟာ မဲပေးပိုင်ခွင့်၊ အိမ်ယာမြေ ၀ယ်ယူခွင့်၊ တရားဝင် အလုပ်လုပ်ပိုင်ခွင့်၊ ရာထူးတာဝန် ထမ်းဆောင်ခွင့် ဒါမှမဟုတ် လွတ်လပ်စွာခရီးသွားလာခွင့်မရှိဘူးလို့ ထိုင်း လူ့အခွင့်အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကပြောပါတယ်။ ဒါပေမဲ့လည်း ပညာရေးနဲ့ ကျန်းမာရေး စတဲ့ အခြေခံ အခွင့်အရေးခံစားပိုင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း နိုင်ငံမဲ့ဖြစ်နေတဲ့ ကလေးတွေအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိစေဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ထိုင်းကျောင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တဲ့ အစီအစဉ်တွေကို ထိုင်းလူ့အခွင့်အရေးကော်မရှင်နာ Angkhana Neelapaijit ကပြောပါတယ်။
"ကျောင်းတက်နေတဲ့ ကလေးတွေထဲမှာ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံသားမဟုတ်တဲ့သူ အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာသိရဖို့ ကျောင်းတွေမှာ ကျမတို့ စတင်ပြီး စာရင်းကောက်ယူသင့်ပါတယ်။ နောက်ပြီး ကလေးဘယ်နှစ်ယောက် မှာ သက်သေခံကဒ်ပြားတွေကိုင်ဆောင်ထားသလဲ၊ သူတို့ ဘာကြောင့် ထိုင်းနိုင်ငံသားမဖြစ်တာလဲ စတဲ့ အကြောင်းအရင်းတွေ ရှာဖွေဖို့လိုပါတယ်။ သူတို့ရဲ့မိဘတွေက ထိုင်းမဟုတ်လို့လား ဒါမှမဟုတ် သူတို့တွေကို ထိုင်းနိုင်ငံမှာ မမွေးလို့လား။ ဒီနိုင်ငံမှာ မွေးတဲ့အတွက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ နိုင်ငံခြားသားဖြစ်နေပေမယ့် နေထိုင်ခွင့်လက်မှတ် မှတ်ပုံတင် ကိုင်ဆောင်ခွင့် အခွင့်အရေးရှိပါတယ်။ ကျမတို့ ကျောင်းတွေနဲ့ ပူးပေါင်းပြီး အချက်အလက်တွေကို ကောက်ယူပြီး စနစ်တကျ ထည့်သွင်းပြုစုထားခြင်းအားဖြင့် ဒီကလေးတွေအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိပြီး သူတို့ရဲ့ အခြေခံရပိုင်ခွင့်တွေ တိုးတက်လာအောင် ကူညီပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။"
ဒါအပြင် နိုင်ငံမဲ့ဖြစ်နေတဲ့ ကလေးတွေရဲ့ အခွင့်အရေးတွေကို အနည်းဆုံး အကာအကွယ်ပေးသင့်တယ်လို့ သူ့အနေနဲ့မြင်မိကြောင်း အခုလိုပြောပါတယ်။
"ဒီကိုရွှေ့ပြောင်းအခြေချနေထိုင်သူတွေ နဲ့ အသက်အန္တရာယ် ဘေးဒုက္ခကနေ လွတ်မြောက်ဖို့ ထွက်ပြေးလာကြသူတွေရဲ့ အခြေအနေကြည့်ရင် အတော်များများဟာ သူတို့နေရပ်ရင်း နိုင်ငံကို မပြန်နိုင်ကြတာ ကျမတို့ တွေ့ရပါတယ်။ သူတို့တွေအနေနဲ့ ဒီမှာ အခြေချ နေထိုင်ခွင့်ရဖို့ ရည်ရွယ်ချက်ပြတ်ပြတ်သားသားရှိမယ်ဆိုရင် ဒါမှမဟုတ် သူတို့တွေဟာ အိမ်နီးချင်းနိုင်ငံမှာ မွေးဖွားခဲ့ရင်တောင် ဒီနိုင်ငံမှာ ကလေးတွေရလာတာ ဒါမှမဟုတ် နေထိုင်ခွင့်ရရှိထားမယ်ဆိုရင် အဲဒီမိသားစုဝင် ကလေးတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ အခွင့်အလမ်း အနည်းဆုံးတော့ ရှိသင့်ပါတယ်။"
မယ်ဆိုင်မြို့ဟာ မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ နယ်စပ်ချင်း ထိစပ်နေတာကြောင့် နှစ်ပေါင်း များစွာကြာကတည်းက မြန်မာတိုင်းရင်းသားတွေ အဲဒီမှာ ရွှေ့ပြောင်းအလုပ်လုပ်နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
လှိုဏ်ဂူထဲပိတ်မိနေခဲ့တဲ့ တောဝက်ဘောလုံးအသင်းသား ၁၂ ဦးထဲက ထိုင်း၊ မြန်မာ၊ အင်္ဂလိပ်နဲ့ တရုတ်လို လေးဘာသာ ပြောတတ်တဲ့ Adul Sam-on ဟာ မြန်မာနိုင်ငံ ၀တိုင်းရင်းသားတဦးဖြစ်ပြီး မိဘတွေက သူ့ကို ထိုင်းမှာ ကျောင်းတက်ပညာသင်ဖို့ မယ်ဆိုင်မြို့ကို ပို့ထားတာဖြစ်ပါတယ်။ သူတို့ကို ဗြိတိသျှရေငုပ်သမားနှစ်ဦး စတင်တွေ့ရှိချိန်မှာ အင်္ဂလိပ်ဘာသာနဲ့ အပြန်အလှန်ပြောဆိုခဲ့သူလည်းဖြစ်ပါတယ်။ လက်ထောက်နည်းပြ Ekapol Ake ရဲ့မိဘတွေက မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကဖြစ်ပြီး မယ်ဆိုင်မြို့မှာ ရဟန်းဝတ်နေစဉ် အဖွားဖြစ်သူ နေထိုင်မကောင်းတဲ့အတွက် လူထွက်ပြီး အဖွားနဲ့အတူ မယ်ဆိုင်မြို့မှာ နေထိုင်နေသူဖြစ်ပါတယ်။ သူဟာ ဘောလုံးအသင်းကို သူရဲ့အသက်ထက်တောင် တန်ဖိုးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
လှိုဏ်ဂူထဲပိတ်မိနေစဉ် ဘောလုံးအသင်းသားကလေးတွေကို စိတ်တည်ငြိမ်မှုရှိအောင် တရားထိုင်ခိုင်းတာ၊ ပါလာတဲ့ အစားအစာတွေကို သူမစားပဲ ကလေးတွေကို မျှပြီးကျွေးတာ၊ နည်းပြဆရာတဦးအနေနဲ့ ကလေးတွေကို စောင့်ရှောက်နိုင်ခဲ့တဲ့အတွက်လည်း မိဘတွေက ကျေးဇူးတင်ကြောင်း တုန့်ပြန်ပြောဆိုခဲ့ကြပါတယ်။ ဇွန်လ ၂၃ ရက်နေ့က ဘောလုံးကန် လေ့ကျင့်ပြီးနောက် အသင်းသားတွေဟာ ထမ့်လွန်လှိုဏ်ဂူထဲ တနာရီလောက် ခဏ၀င်ရောက်ကြည့်ရှုရာကနေ ရုတ်တရက်မိုးသည်းထန်ပြီး ဂူထဲရေတွေပြည့်လာရာက သတင်း နှစ်ပတ်ကျော် ပိတ်မိနေခဲ့တာဖြစ်ပါတယ်။