ထိုင်းနိုင်ငံကို အရပ်သား အုပ်ချုပ်ရေး ပြန်လည်ကျင့်သုံးနိုင်ရေး အထွေထွေ ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စကို ထပ်ပြီး နှောင့်နှေးနေလိုက်တဲ့ အတွက် ထိုင်း စစ်အစိုးရ အပေါ် ဝေဖန်မှုတွေ ကြီးထွားလာနေပါတယ်။
အမျိုးသား ငြိမ်းချမ်းရေးနဲ့ ဥပဒေစိုးမိုးရေး ကောင်စီ အဖြစ်နဲ့ ထိုင်းစစ်အစိုးရက ၂၀၁၄ ခုနှစ် မေလ ကတည်းက နိုင်ငံအာဏာကို ရယူခဲ့တာ ဖြစ်ပြီး ရွေးကောက်ပွဲတွေ ကျင်းပရေး နိုင်ငံရေး လမ်းပြမြေပုံကို ချမှတ်ခဲ့တာမှာ ပထမဆုံး ရွေးကောက်ပွဲကို ၂၀၁၆ မှာ ကျင်းပဖို့ သတ်မှတ်ခဲ့တာပါ။
စစ်တပ်က ခန့်အပ်တဲ့ တိုင်းပြုပြည်ပြု လွှတ်တော် က ရွေးကောက်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ကို နောက်ဆုတ်လိုက်ပါတယ်။ ဒီမတိုင်ခင်တုန်းက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chan-o-cha က နိုဝင်ဘာလထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောဆိုခဲ့တာပါ။ ရွေးကောက်ပွဲ အပြီး စစ်အစိုးရ ဆင်းပေးရေး တာဝန်ခံတဲ့ ကတိမျိုးကိုတော့ ဗိုလ်ချုပ်ကြီး Prayut က မီဒီယာတွေမှာ ရှောင်ရှားဖြေကြားခဲ့ပါတယ်။
ဥပဒေပြုရေး အခက်အခဲကြောင့် နှောင့်နှေးရတာလို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ ရွေးကောက်ခံ ဝန်ကြီးချုပ် Yingluck Shinawatra အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ လနဲ့ချီ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ၂၀၁၄ ခုနှစ် မေလမှာ ထိုင်းစစ်တပ်က အာဏာရယူခဲ့တာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုတွေနဲ့ ထိုင်းစစ်အစိုးရ အပေါ် ဝေဖန်မှုတွေ တိုးလာနေတဲ့ တချိန်တည်းမှာဘဲ လူလတ်တန်းစား လူထုကြားမှာတော့ ရာထူးက ဖယ်ရှားခံရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ကို လိုလားတဲ့ အစိုးရတရပ် ပြန်ဖြစ်လာပြီး ကမောက်ကမ အခြေအနေတွေ ပြန်ဖြစ်လာမယ့် အပေါ် စိုးရိမ်နေကြပါတယ်။ လူကြိုက်နည်းလာနေတဲ့ စစ်တပ် အနေနဲ့တော့ အစိုးရ ဆန့်ကျင်မှုတွေနဲ့ ဝေဖန်မှုတွေ အပေါ် ဖိနှိပ်မှုတွေ တိုးလုပ်လာတယ်လို့ အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လူ ၅ ဦးထက် ပိုပြီး မစုစည်းရလို့ တားမြစ်ထားတာ ဖြစ်ပါတယ်။