သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေ တာချီလိတ်မှာ မြန်မာ့အရေး ဆွေးနွေး


ထိုင်းနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေ တာချီလိတ်မှာ မြန်မာ့အရေး ဆွေးနွေး
ထိုင်းနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေ တာချီလိတ်မှာ မြန်မာ့အရေး ဆွေးနွေး

ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်တွေကို ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေး ကိစ္စတွေကို နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ မြန်မာနိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) ဟာ မြန်မာနိုင်ငံ တာချီလိတ်ကို သွားရောက်ပြီး စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံစဉ် အဲဒီလို ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်းဟာ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိဘဲ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က သွားရောက်ခဲ့ပြီး စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနဲ့ တာချီလိတ်မြို့မှာ တွေ့ဆုံ ဆွေးနွေးကြတာပါ။

အဲဒီလို နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးတွေ တာချီလိတ်မြို့မှာ တွေ့ဆုံဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပါနိတန် ဝပ်တာနာယာဂွန်း (Panitan Wattanayagorn) က အတည်ပြု ပြောကြားခဲ့ပြီး ရွေးကောက်ပွဲလွန်ကာလ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“နှစ်နိုင်ငံအကြား လူတွေ လုပ်ကိုင်နိုင်တဲ့ စွမ်းရည် မြှင့်တင်ပေးရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြဖို့၊ အထူးသဖြင့်တော့ ရွေးကောက်ပွဲ ရလဒ်တွေအတွက် ဝန်ကြီးနှစ်ဦးစလုံးက အပြန်အလှန် အမြင်ချင်း ဖလှယ်ခဲ့ကြပြီး ရွေးကောက်ပွဲလွန်ကာလ အနာဂတ် မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။” လို့ ပြောသွားပါတယ်။

ဒါ့အပြင် တခြား အရေးပါတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းလည်း မစ္စတာ ပါနိတန် ဝပ်တာနာယာဂွန်းက အခုလို ဆက်ပြောပြပါတယ်။

“စီးပွားရေးကိစ္စ အပါအဝင် ထိုင်းနဲ့ မြန်မာနိုင်ငံ အကြားက အရေးပါတဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဆွေးနွေးဖြစ်ကြပါတယ်။ အထူးသဖြင့်တော့ အာဆီယံ အဖွဲ့ကြီးနဲ့ ဆိုင်တဲ့ စီမံကိန်းတွေမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပိုမိုပါဝင် လုပ်ဆောင်နိုင်ရေး၊ နောက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အဓိကထား ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။”

ရွေးကောက်ပွဲနေ့ နိုဝင်ဘာ ၇ ရက်နေ့က မြဝတီမြို့မှာ စစ်အစိုးတပ်ဖွဲ့တွေနဲ့ DKBA တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း စစ်အစိုးရနဲ့ DKBA တပ်တွေ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားလာတာကြောင့် ထိုင်းနိုင်ငံအတွင်း မြန်မာဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထပ်မံ ရောက်ရှိခဲ့ပါတယ်။

အခုလို ထိုင်းနိုင်ငံထဲ ရောက်လာကြတဲ့ ဒုက္ခသည်တွေကို အကူအညီပေးရေး အပါအဝင် ထိုင်း၊ မြန်မာ နယ်စပ်ဒေသတလျှောက် မတည်မငြိမ်ဖြစ်နေတဲ့ ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်တယ်လို့ မစ္စတာ ပါနိတန်က ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံကို လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးရေး ကိစ္စကိုလည်း ဆွေးနွေးဖြစ်ကြပါတယ်။ နောက် နယ်စပ်ဒေသတလျှောက် မတည်မငြိမ် ဖြစ်နေတဲ့ ကိစ္စကိုလည်း ဆွေးနွေးဖြစ်ကြပြီး ၂ ဘက်စလုံးက နယ်စပ်ဒေသမြို့မှာ တည်ငြိမ်အေးချမ်းမှု ရှိတာကို မြင်တွေ့လိုတဲ့အကြောင်း ဆွေးနွေးကြပါတယ်။ အဆုံးသတ်မှာတော့ နှစ်နိုင်ငံ တိုင်းသူပြည်သားတွေ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက်ပြီး လူတွေ လုပ်နိုင်စွမ်းရည် မြှင့်တင်ပေးရေး ကိစ္စတွေကို ဦးစားပေး လုပ်ဆောင်ကြဖို့ ဆွေးနွေးဖြစ်ခဲ့ကြတယ်။” လို့ ပြောသွားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်း မြန်မာနိုင်ငံကို အခုလို သွားတာဟာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိတ်ချာချီ၀ (Abhisit Vejjajiva) မြန်မာနိုင်ငံကို သွားခဲ့တုန်းက ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တွေကို ထပ်မံဆွေးနွေးဖို့ သွားတာဖြစ်တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ပြောပါတယ်။

ဒီအတောအတွင်း နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရ အရာရှိတွေက ပြန်မပို့ပါဘူးလို့ ပြောဆိုနေပေမဲ့လည်း ဒေသခံ လုံခြုံရေး တပ်ဖွဲ့တွေက အဲဒီ ဒုက္ခသည်တွေကို နေရပ် အတင်းပြန်ပို့နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ထိုင်းအထက်လွှတ်တော်အမတ် ခရိုင်ဆတ် ချွန်ဟာဗန်ကတော့ ထိုင်းတော်ဝင်တပ်ဖွဲ့ဝင်တွေ အနေနဲ့ မြန်မာနိုင်ငံအတွင်း ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရမှု မရှိခင် နေရပ် အတင်းပြန်မပို့ကြဖို့ မနေ့က မေတ္တာရပ်ခံစာ ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။

အခုရောက်နေတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ရင်လည်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေး တည်ငြိမ်မှု မရှိသေးတဲ့အတွက် ပြဿနာရဲ့ ဇစ်မြစ်ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခကို မဖြေရှင်းနိုင်သေးသ၍တော့ အိမ်နီးချင်း နိုင်ငံတွေထဲကို မြန်မာနိုင်ငံက ဒုက္ခသည်တွေ ထပ်ထွက်လာနေကြရဦးမှာပဲလို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေကတော့ ပြောပါတယ်။

XS
SM
MD
LG