သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟတ်ရိုင်မှာ မြန်မာအလုပ်သမား ၈၀၀ ကျော် ဆန္ဒပြနေ


ထိုင်းနိုင်ငံ၊ ဟတ်ရိုင်ခရိုင်က NNOVATIVE Gloves Co., Ltd လက်အိတ်စက်ရုံက မြန်မာအလုပ်သမားတဦးသေဆုံးမှု ကန့်ကွက်ဆန္ဒပြ။ (၁၁၊ ၀၄၊ ၂၀၂၁/Photo- Myanmar Labour Attache Office)
ထိုင်းနိုင်ငံ၊ ဟတ်ရိုင်ခရိုင်က NNOVATIVE Gloves Co., Ltd လက်အိတ်စက်ရုံက မြန်မာအလုပ်သမားတဦးသေဆုံးမှု ကန့်ကွက်ဆန္ဒပြ။ (၁၁၊ ၀၄၊ ၂၀၂၁/Photo- Myanmar Labour Attache Office)

{{Zawgyi/Unicode}}

ထိုင်းတောင်ပိုင်းက INNOVATIVE Gloves Co., Ltd လက်အိတ် စက်ရုံမှာ မြန်မာအလုပ်သမား ၈၀၀ ကျော် ဆန္ဒပြနေကြပါတယ်။ အလုပ်သမားတဦးရုတ်တရက် သတိလစ်မေ့မျောခဲ့ချိန် ဆေးရုံကို အချိန်မီ မပို့နိုင်ခဲ့တာကြောင့် သေဆုံးခဲ့ပြီးနောက် ခုလို ဆန္ဒပြနေကြတာပါ။ အလုပ်သမားအခွင့်အရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးတွေအတွက် အလုပ်သမားတွေ တောင်းဆိုနေကြတဲ့သတင်းကို ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက ပေးပို့ထားပါတယ်။

ထိုင်းတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်၊ ဟတ်ရိုင်မြို့နယ်ထဲမှာရှိတဲ့ လက်အိပ်စက်ရုံက မြန်မာအလုပ်သမားတဦးဟာ နိုဝင်ဘာလ ၃ ရက်နေ့က ရုတ်တရက် သတိလစ်မေ့မျောသွားချိန် အချိန်မီဆေးရုံ ပို့မပေးနိုင်ခဲ့တဲ့အတွက် အဲဒီလူ သေဆုံးခဲ့ပါတယ်။

စက်ရုံတာဝန်ရှိသူတွေကို ဆေးရုံကားခေါ်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ တာဝန်ရှိသူတွေဘက်က ဆေးရုံပို့ဖို့ စီစဉ်မပေးခဲ့ဘူးလို့ စက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေကပြောပါတယ်။

အခုလို စက်ရုံလုပ်သားတယောက် သေဆုံးခဲ့ရတာအပါအဝင် စက်ရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခဲ့တာတွေ ရှိတယ်ဆိုပြီး အဲဒီစက်ရုံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၈၀၀ ကျော် ဒီနေ့ နိုဝင်ဘာ ၄ ရက်မှာ စတင် ဆန္ဒပြခဲ့ကြပါတယ်။

စက်ရုံတွင်း အလုပ်သမားတွေရဲ့ ပြဿနာကို သွားရောက်ဖြေရှင်းပေးနေတဲ့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ ဟတ်ရိုင်မြို့တာဝန်ခံ ဦးဘရီက နောက်ဆုံးအခြေအနေကို အခုလိုပြောပြပါတယ်။

"လက်အိတ်စက်ရုံမှာ မနေ့ ညနေကနေပြီးတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက် မသေသင့်ဘဲ သေသွားတဲ့ကိစ္စနဲ့ပတ်သက်လို့ မနေ့ညနေက စက်ရုံကို အလုပ်သမားတွေက တင်ပြတာပေါ့နော်၊ ဆေးရုံကားခေါ်ပေးဖို့ ပြောတယ်၊ သူတို့က မခေါ်ပေးဘူး။ စက်ရုံထဲမှာရှိတဲ့ကားတွေနဲ့လည်း လိုက်မပို့ပေးဘူး။ အဲဒီလိုဆိုတော့ ကျနော်တို့မြန်မာအလုပ်သမားတယောက်က မသေသင့်ဘဲသေတဲ့အတွက် အလုပ်သမား ၈၀၀ ကျော် ဆန္ဒပြကြတယ်။ ဆန္ဒပြတာက မသေသင့်ဘဲသေသွားတဲ့အတွက်၊ ကိုဗစ်ဖြစ်နေတဲ့ အလုပ်သမားတွေကို ကိုဗစ်မဖြစ်သေးတဲ့အလုပ်သမားတွေနဲ့ ရောပြီး ထားတာက အလုပ်သမားတွေက စိုးရိမ်တယ်။ ဒီအတွက်လည်း သူတို့ဆန္ဒပြကြတာပါ။"

“မဆုံးခင် နှစ်ရက်လောက်က အလုပ်ဆင်းသေးတယ်။ ပြီးတော့တုပ်ကွေးဖြစ်တယ်။ အိမ်သာသွားပြီးပြန်လာတော့ တက်နေတာတွေ့တယ်။ ဆေးရုံကားကို ဖုန်းဆက်တယ် မရဘူး။ အထဲမှာ ကုသေးတယ်။ နာရီဝက်ကြာတယ်။ အဲဒါမရဘူး။ အဲဒီလိုမရလို့ အပြင် ကားနဲ့သွားမယ်ပြောတယ်။ ဒါပေမယ့်ပေးမထွက်ဘူး။ ဒီထဲမှာပဲထားတယ်။" (သေဆုံးသူရဲ့သား)


သေဆုံးသွားသူဟာ ဦးမောင်လတ်ဖြစ်ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာ မကွယ်လွန်ခင် နှစ်ရက်လောက် က အဖျားရှိခဲ့ပြီး မသေဆုံးခင် ရုတ်တရက် တက်ပြီး သတိမေ့သွားခဲ့တာပါ။ စက်ရုံမှာ အတူအလုပ်လုပ်နေတဲ့ သားဖြစ်သူကတော့ သူ့ဖခင် တုပ်ကွေးဖြစ်နေတယ်လို့ ပြောပါတယ်။

"ကျနော့်အဖေက ကျနော်အလုပ်ကိုထွက်တဲ့အချိန် အကောင်းကြီးပဲ။ ဖုန်းတောင်ကြည့်နေသေးတယ်။ ဘာမှမဖြစ်ဘူးဗျ။ အကောင်းကြီးပဲ။ ဟိုတလောကတော့ မဆုံးခင် နှစ်ရက်လောက်ကတော့ အလုပ်ဆင်းသေးတယ်။ ပြီးတော့တုပ်ကွေးဖြစ်တယ်။ အိမ်သာသွားပြီးပြန်လာတော့ တက်နေတာတွေ့တယ်။ အဲဒါ မရလို့ ဆေးရုံကားကို ဖုန်းဆက်တယ် မရဘူး။ အထဲမှာ ကုသေးတယ်။ နာရီဝက်ကြာတယ်။ အဲဒါမရဘူး။ အဲဒီလိုမရလို့ အပြင် ကားနဲ့သွားမယ်ပြောတယ်။ ဒါပေမယ့်ပေးမထွက်ဘူး။ ဒီထဲမှာပဲထားတယ်။"

ဒီလက်အိတ်စက်ရုံက အလုပ်သမား ၁၀၀ ကျော် ကိုဗစ်ကူးစက်ခံခဲ့ရဖူးပါတယ်။ ကိုဗစ်ကာကွယ်ရေးအတွက်ဆိုပြီး စက်ရုံလုပ်သားတွေကို အပြင်ပေးမထွက်တာလည်း အခု ၆ လလောက်ရှိနေပြီလို့ ပြောကြပါတယ်။ ဒါပေမဲ့ ကိုဗစ်အတည်ပြုလူနာတွေကို တခြားအလုပ်သမားတွေနဲ့ သီးခြားခွဲ မထားခဲ့တဲ့အတွက်လည်း အလုပ်သမားတွေဘက်က စိုးရိမ်ခဲ့ကြပါတယ်။

ကိုဗစ်အတည်ပြုလူနာတွေကိုလည်း စက်ရုံထဲမှာပဲ တပတ်လောက် ဆေးကုပေးပြီး အလုပ်ပြန်ဆင်းခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပြပါတယ်။ အခုလက်ရှိ စက်ရုံတွင်းမှာ ကိုဗစ်စစ်ဆေး၊ ကာကွယ် မှုတွေကို အသေအချာ လုပ်မပေးဘူးလို့လည်း ဆိုပါတယ်။ ဒါကြောင့် ခုလို စက်ရုံတွင်း ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေကို စက်ရုံလုပ်သားတွေ တောင်းဆို ဆန္ဒပြနေကြတာပါ။

ဒါနဲ့ပတ်သက်ပြီး အလုပ်သမားရေးလုပ်နေတဲ့ အဖွဲ အစည်းတွေနဲ့ အလုပ်သမားတောင်းဆိုချက်တွေကို ညှိနှိုင်းပေးနေတယ်လို့ ဦးဘရီက ပြောပြပါတယ်။

"ဆန္ဒပြတဲ့အခါ ကျနော်တို့ ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက် MWRN ရယ်၊ ဟတ်ရိုင်ရုံးရယ်၊ ထိုင်းနိုင်ငံ အလုပ်သမားသမဂ္ဂရုံးရယ်၊ ဆာဝဒီကန်လို့ခေါ်တဲ့ အလုပ်သမားအခွင့်ရေးကာကွယ်ရေးရုံးရယ်ပေါင်းပြီးတော့ သုံးခုပေါင်းပြီး လာပြီးဖြေရှင်းနေတာပေါ့နော်၊ အလုပ်သမားတွေ အခွင့်ရေးချိုးဖောက်ခံရတဲ့ အချက် ၁၃ ချက်ကိုတင်ပြပြီး လာပြီးဆွေးနွေးညှိနှိုင်းနေတောပေါ့ နော်။"

နိုဝင်ဘာ ၄ ရက် ညနေပိုင်းအထိတော့ နှစ်bက်ကြားဆေးနွေးမှုတွေ မပြီးသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ဘန်ကောက်မြို့က မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိရုံးကတော့ အလုပ်သမားအဖွဲ့ အစည်းတွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ သူတို့ရဲ့Face Book စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာကိုဗစ်ကူးစက်သူ ၁,၉၄၀,၀၀၀ ကျော်ရှိပြီး ဒီထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား သိန်း ဂဏန်းလောက် ကိုဗစ်ရောဂါ ကူးစက်ခဲ့ကြပါတယ်။အဓိကကူးစက်တာကတော့ လူအစုလိုက်အပြုံလိုက်ရှိနေတဲ့စက်ရုံတွေ၊ အလုပ်သမားတန်းလျားတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမားတွေ အများအပြားကူးစက်ခဲ့တာဖြစ်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မူတွေကတော့ နေရာဒေသအလိုက်ကွာခြားပြီး တချို့စက်ရုံတွေမှာကျန်းမာရေးစောင့်ရှောက်မူ အားနည်းခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ အလုပ်သမားတချို့ရှိတယ်လို့ အလုပ်သမားအရေး လုပ်နေကြသူတွေကပြောပါတယ်။ ဒီအခြေအနေတွေကို မကျေနပ်လို့ တချို့ စက်ရုံတွေမှာလည်း ဆန္ဒပြခဲ့ကြဖူးပါတယ်။

တိုက်ရိုက် လင့်ခ်


============

{{Unicode}}




















XS
SM
MD
LG