သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းခရီးသွားလုပ်ငန်းပြန်ဖွင့်တာကြောင့် မြန်မာလုပ်သားတွေမျှော်လင့်ချက်တိုး


Virus Outbreak Thailand
Virus Outbreak Thailand

{{Zawgyi/Unicode}}

မြန်မာနိုင်ငံ၊ အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံက ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့ ခရီးသွားဧည့်သည်တွေ ထိုင်းနိုင်ငံလာရင် ဒီနေ့ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ရက်ရှည်သီးခြားခွဲနေ ကွာရန်တင်းလုပ်စရာ မလိုတော့ပါဘူး။ ကိုဗစ်ကပ် ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ ထိခိုက်နေတဲ့ ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းကို ပြန်လည်ကောင်းမွန်လာအောင် ဆောင်ရွက်တဲ့အနေနဲ့ ခရီးသွားကန့်သတ် ချက်တွေ ဖြေလျော့ပေးတာဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကလည်း နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ပြန်လာကြဖို့ မျှော်လင့်နေကြပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ခရီးသွားလုပ်ငန်းဝင်ငွေကို အဓိက အားထားရတဲ့ ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် လုပ်ငန်းတွေ ထိခိုက်ပြီး ဝင်ငွေ ဆုံးရှုံး နစ်နာနေတာမို့ ခရီးသွားလုပ်ငန်း ပြန်လည်တိုးတက်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံက ခရီးသွားတွေအတွက် ဒီနေ့ နိုဝင်ဘာ ၁ ရက်ကစပြီး ခရီးသွားကန့်သတ်ချက်တွေ ဖြေလျော့ပေးလိုက်ပါတယ်။ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးထားပြီးသား ခရီးသွားတွေအနေနဲ့ quarantine စောင့်ကြည့်ရေးစင်တာတွေကို ဝင်စရာမလိုဘဲ ခရီးသွားလာခွင့်ပြုလိုက်ကြောင်း ထိုင်းဝန်ကြီးချုပ် Mr. Prayut Chan-o-cha က အခုလိုပြောဆိုသွားပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့ကစပြီး ထိုင်းနိုင်ငံကို quarantine စောင့်ကြည့်ရေးစင်တာကိုမဝင်ဘဲ ထိုင်းနိုင်ငံထဲဝင်လို့ ရပါမယ်။ ကာကွယ်ဆေးအကြိမ်ရေ အပြည့်ထိုးပြီးသားတွေဖြစ်ရပါမယ်။ လေကြောင်းခရီးနဲ့ ထိုင်းကိုဝင်လာနိုင်ပါတယ်။ ကိုဗစ်ကူးစက်မှု ထိန်းချုပ်နိုင်တဲ့နိုင်ငံတွေက ဖြစ်ရမှာပါ။ ထိုင်းကိုဝင်လာရင်တာ့ တဦးချင်း ကိုဗစ်ကင်းစင်ကြောင်းတွေကိုလည်း ပြသရမှာပါ။ ထိုင်းနိုင်ငံကိုပြန်လည်ဖွင့်လှစ်ဖို့နဲ့ ခရီးသွားတွေကိုကြိုဆိုဖို့အတွက် ဒီအချိန်ဟာအသင့်လျော်ဆုံးအချိန်ကာလဖြစ်”...တဲ့အကြောင်းထိုင်းဝန်ကြီးချုပ် Mr. Prayut Chan-o-cha က ထိုင်းဘာသာနဲ့ပြောဆိုသွားတာပါ။

တကယ်တော့ ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားတွေကို ဇူလိုင်လလောက်ကတည်းက လာကြဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ quarantine စောင့်ကြည့်ရေးစင်တာမှာ ၁၄ ရက် နေရမယ်ဆိုတဲ့ ကိုဗစ်ကန့်သတ်ချက်တွေကြောင့်ရော ကိုဗစ်ကူးစက်မှုတွေ မြင့်တက်နေတဲ့အတွက်ပါ နိုင်ငံတကာက ခရီးသွားတွေ ထိုင်းနိုင်ငံကို သိပ်မလာကြပါဘူး။ အခုတော့ နိုင်ငံတွင်းကိုဗစ်ကူးစက်မူတွေလျော့ကျသွာပြီဆိုပြီး နိုင်ငံတကာ ခရီးသွားတွေအတွက် ကန့်သတ်ချက်တွေ ဖြေလျော့လိုက်တာပါ။ အခုနောက်ဆုံး ဖြေလျော့မှုတွေထဲ မြန်မာနိုင်ငံကိုလည်း ကိုဗစ်ရောဂါ ကူးစက်နိုင်ခြေနည်းတဲ့ Low risk နိုင်ငံစာရင်းထဲ ထည့်သွင်းပြီး ထိုင်းကိုမလာခင် အနည်းဆုံး သီတင်း ၂ ပတ်အတွင်း ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးထားပြီးသူတွေ ကွာရန်တင်းလုပ်စရာ မလိုဘူးလို့ ခွင့်ပြုလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ပထမ ၄၆ နိုင်ငံတုန်းက မြန်မာနိုင်ငံမပါသေးဘူး။ ၂၀၂၁ နိုဝင်ဘာလ ၁ ရက်နေ့ ကစပြီး အရင်တုန်းက မပါသေးတဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၆၃ နိုင်ငံကိုလေယာဉ်စီးပြီးဝင်လို့ ရပါပြီ။ ပြောမယ်ဆိုရင်တော့ထိုင်းနိုင်ငံထဲကိုဝင်ရင် quarantine ဝင်စရာမလိုဘူး။ ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးကြောင်းအထောက်အထားတွေပြရမယ်။”

ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းထိခိုက်နေတာ ၂ နှစ်နီးပါးရှိပါပြီ။ ထိုင်းနိုင်ငံထဲကို ကမ္ဘာလှည့်ခရီးသွားတွေ မလာတော့တဲ့အတွက် ခရီးသွားလုပ်ငန်းနဲ့ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေရပ်နားထားရသလို အရောင်းအဝယ်လုပ် ငန်းတွေ နဲ့ ဈေးတွေလည်းပိတ်ထားခဲ့ရပါတယ်။ လူအတော်များများလည်း အလုပ် လက်မဲ့ဖြစ်ကုန်ပြီး ဒီထဲမှာမြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ပါဝင်တာပါ။ ဒီအတွက် အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာအလုပ်သမားတွေလည်း သိန်းနဲ့ချီပြီး နေရပ်ပြန်ခဲ့ကြပါတယ်။ အခုတော့ မြန်မာနိုင်ငံက ကိုဗစ်ကာကွယ်ဆေး ဆေးထိုးထားပြီးသူတွေ ပြန်လာနိုင်ပြီဖြစ်လို့ အလုပ်မရှိလို့ နေရပ်ပြန်သွားသူတွေပြန်လာနိုင် မှာဖြစ်သလို ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်လည်း အများကြီးအကျိုးရှိပါတယ်လို့ ချင်းမိုင်မြို့က မြန်မာအလုပ်သမားတဦးကပြောပြပါတယ်။

“မြန်မာသားတွေအတွက်က အများကြီးအဆင်ပြေနိုင်တယ်။ ဒီနားက အခံရှိပြီးသား လူတွေကလည်းလူလိုရင်လိုသလို လက်ဆင့်ကမ်းပြီးခေါ်နိုင်တယ်။ လာဖူးပြီးသား အရင်တုန်းကအရင် ၂ နှစ်တုန်းက သောင်းဂဏန်းနဲ့ ပြန်သွားတဲ့သူတွေက အကုန်လုံး အလုပ်တွေကိုနားလည်ပြီးသားလူတွေ။ အဲဒါတွေကလည်း လူသစ်တွေ ခေါ်လာအုန်းမှာ။ ဒီကလူတွေကပြန်လာစေချင်လို့ခေါ်တာဆိုရင် မြန်မာပြည် သားတွေအတွက် ပိုတောင်ကောင်းသေးတယ် အကျိုးရှိတယ်။ အလုပ်သမားအတွက်ကော သူတို့ထိုင်းလူမျိုးအတွက်ကော အကျိုးရှိတယ်။ သူတို့လူမျိုးတွေအတွက် စီးပွားရေးပို့ကောင်းလာမှာပေါ့။ အဲဒီ စီးပွာရေးမြင်တဲ့အကွက်နဲ့ သူတို့ကလည်း အဲဒီလိုဖွင့်တာ။”

ထိုင်းအစိုးရက ကိုဗစ်ကပ်ရောဂါ ကူးစက်မှု လျော့ကျသွားပြီလို့ပြောပေမဲ့ ထိုင်းကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ၁ ရက်နေ့ တနေ့တည်း အတည်ပြုလူနာ ၈,၀၀၀ ကျော်ရှိနေပါတယ် ။ တနိုင်ငံလုံးအနှံ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုကို ဒီဇင်ဘာလအကုန်မှာ ပြီးစီးနိုင်ဖို့ရည်မှန်းထားပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကိုပါ ကာကွယ်ဆေးထိုးနှံပေးတာတွေလည်း လုပ်လာပါတယ်။ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့မှာလည်း ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့နေရာတွေလည်း တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၁ နှစ်ကုန်မှာတော့အိမ်နီးချင်း မြန်မာနယ်စပ်အပါအဝင် နယ်စပ်တွေအားလုံးကိုလည်း ပြန်ဖွင့်မယ်လို့ ရည်မှန်းထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်


---------------

{{Unicode}}










#MyanamarMigrants #ThailandTourism #Covid19 #VOABurmese


XS
SM
MD
LG