သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် တရားရင်ဆိုင်ဖို့ နေရပ်ပြန်လာ  


ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှီနာဝပ် (Thaksin Shinawatra) ပြည်တော်ပြန်လာ (သြဂုတ် ၂၂၊ ၂၀၂၃)
ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှီနာဝပ် (Thaksin Shinawatra) ပြည်တော်ပြန်လာ (သြဂုတ် ၂၂၊ ၂၀၂၃)

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီးတဲ့နောက် ဒီကနေ့ အင်္ဂါနေ့မှာ ထိုင်းနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ တိုင်းပြည်မှာ ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့ နိုင်ငံရေးအရ အကျပ်အတည်းတွေ ဖြစ်နေချိန်၊ အထူးသဖြင့် ဒီကနေ့မှာပဲ ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ်သစ် မဲခွဲ ဆုံးဖြတ်ဖို့ ရှိနေချိန်မှာ ဝန်ကြီးချုပ်ဟောင်းသက်ဆင် ပြန်ရောက်လာတာပါ။

သူ့ကို ထောက်ခံသူတွေ အများအပြားကတော့ ဒုံးမောင်းနိုင်ငံတကာလေဆိပ်မှာ လာရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ သူပိုင် ဆက်သွယ်ရေး ကုမ္ပဏီ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး ဝန်ကြီးချုပ်တာဝန်ကို အလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ တရားစွဲဆို ခံရပြီး ပြစ်ဒဏ် ချမှတ်ခံထားရတာကို ရှောင်ရှားပြီး ပြည်ပနိုင်ငံတချို့မှာ သွားရောက်နေထိုင်နေတာ ၂၀၀၈ ခုနှစ်ကတည်းကပါ။

စစ်တပ်က အာဏာသိမ်းပြီး ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်က သူ့အပေါ် လွတ်လပ်မျှတတဲ့ တရားစီရင်မှု မရရှိမှာကို စိုးရိမ်တယ်လို့ ဆိုပြီး တိုင်းပြည်ကနေ တိမ်းရှောင်နေခဲ့ရာက ဒီကနေ့မှာတော့ သူအပေါ် စွပ်စွဲထားတဲ့အမှုတွေကို ရင်ဆိုင်ဖို့ ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရကတော့ မစ္စတာသက်ဆင်အနေနဲ့ ဘန်ကောက်မြို့ကို ဆိုက်ရောက်တာနဲ့ ဖမ်းဆီးခံရမှာဖြစ်ပြီး အမှုကြားနာဖို့ အတွက် လေဆိပ်ကနေ တရားရုံးချုပ်ကို တိုက်ရိုက် ခေါ်ဆောင်သွားမှာ ဖြစ်သလို၊ အဲ့ဒီနောက် အကျဥ်းထောင်ကို ချက်ချင်း ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

လက်ရှိမှာ သမီးဖြစ်သူ ပယ်ထုံထန် ရှင်နာဝပ် (Paetongtarn Shinawatra) ဦးဆောင်နေတဲ့ သူ့ရဲ့ Pheu Thai ပါတီ ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ဒုတိယမဲ အများဆုံးနဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် ပါတီက ခေါင်းဆောင်တဦး ဝန်ကြီးချုပ်သစ် ဖြစ်လာနိုင်တဲ့အပေါ် ယုံကြည်မှု ခိုင်မာလို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် ခုလိုပြန်လာတာလို့ တွက်ဆသုံးသပ်မှုတွေလည်း ရှိပါတယ်။

Pheu Thai ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲအများဆုံး အနိုင်ရထားတဲ့ Move Forward ပါတီနဲ့ လက်တွဲပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အစောပိုင်း သဘောတူခဲ့ပေမဲ့ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုချက် လွှတ်တော်မှာ မဲခွဲ ပယ်ချခဲ့ပြီးတဲ့ နောက်ပိုင်း Move Forward ပါတီ နဲ့ လက်တွဲဖြုတ်ပြီး စစ်တပ်နဲ့ ပူးပေါင်း အစိုးရသစ်ဖွဲ့ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ Pheu Thai ပါတီကို တည်ထောင်ခဲ့သူဖြစ်ပြီး ခုချိန်ထိလည်း ပါတီအနေနဲ့ သူ့ရဲ့ သြဝါဒ ညွှန်ကြားချက်တွေကို လိုက်နာနေတုန်းပဲလို့ ပါတီဝင်တွေက ပြောဆိုထားပါတယ်။

XS
SM
MD
LG