သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး အိန္ဒိယခရီးစဉ် သံဃာတချို့ သပိတ်မှောက်


အိန္ဒိယနိုင်ငံကို သွားရောက်မယ့် သူ့ရဲ့ တရားဝင် အလည်အပတ် ခရီးစဉ်ကို တရက်ကြိုစောပြီး ဗုဒ္ဓဂါယာကို သွားမယ့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ခရီးစဉ်ကို ဗုဒ္ဓဂါယာက စာသင်သား သံဃာတော်တွေက သပိတ်မှောက်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။ အခြေအနေကို စုံစမ်းထားတဲ့ ထိုင်းအခြေ စိုက်သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

ဗုဒ္ဓဂါယာသို့ ဒီညနေရောက်မယ်လို့ ခန်းမှန်းရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခရီးစဉ်ကို သပိတ်မှောက်တဲ့အနေနဲ့ အသိမှတ်မပြုဘဲ ငြင်းဆန် နေမယ်လို့ စာသင်သားသံဃာ အသိုင်းအဝိုင်းက ပြောပါတယ်။

ဗုဒ္ဓဂါယာက စာသင်သား သံဃာတပါးက အခြေနေကို ခုလို မိန့်ကြားပါတယ်။

“ဗုဒ္ဓဂါယာ ဘုန်းဘုန်းတွေထဲကတော့ အခမ်းအနားတွေကို မတက်ပါဘူး။ ဒီကိုလာမယ့် သတင်းပဲရတယ်။ ဘုန်းဘုန်းတို့တပါးမှ စိတ်မဝင် စားကြဘူး။ နောက်ပြီးတော့ ဦးသန်းရွှေ လာမယ့်နေရာတွေကိုလဲ ဘုန်းဘုန်းတွေ တပါးမှမသွားဘူး၊ အဓိက ကတော့ သူတို့ပါဝင် ဆင်နွဲတဲ့ အခမ်းအနားတွေကို မတက်တာပါ။ တခုတော့ရှိတာပေါ့၊ ကျောင်းသားတွေအနေနဲ့ကတော့ မတက်ဘူးလေ။ ဗမာဘုန်းကြီးတွေကတော့ သူတို့က လူကြီးစာရင်းဝင်တွေ ဆိုတော့ သူတို့က ကြိုဆိုလိုက်ပို့တာ ရှိရင်ရှိမယ်၊ အဲဒါတော့မသိဘူး။ မြန်မာကျောင်းသားများအနေနဲ့ တော့ ဘာမှဝင်ပြီးတော့ အခမ်းအနားတက်တာတို့၊ ပါဝင်ကူညီတာတို့ ဘာမှမရှိပါဘူး။”

ပြည်တွင်းပြည်ပက သံဃာတချို့ဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကတည်းက စစ်အစိုးရကို ပတ္တနိက္ကုဇ္ဖန ကံဆောင်ပြီး သပိတ်မှောက်ထားကြတာ ဖြစ်ပါတယ်။ ဗုဒ္ဓဂါယာမှာ စာသင်သား သံဃာ ၂၀၀ နီးပါး သီတင်းသုံးနေကြတယ်လို့ သိရပါတယ်။

ဒီခရီးစဉ်ကြောင့် လုံခြုံရေး တင်းကျပ်ထားတယ် ဆိုပေမဲ့ ဘီဟာပြည်နယ်၊ ပတ္တာနား လေဆိပ်ကနေ ဗုဒ္ဓဂါယာကိုလာမယ့် လမ်းဘေးဝဲယာ တချို့နေရာတွေမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဆန့်ကျင်တဲ့ပိုစတာတွေကိုလဲ မနေ့ညကတည်းက ကပ်ထားတယ်လို့ အိန္ဒိယရောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အိန္ဒိယနိုင်ငံသို့ ၅ ရက်တာ တရားဝင်ခရီးစဉ်ဟာ မနက်ဖြန်မှာ စတင်မယ်လို့ နှစ်နိုင်ငံ အစိုးရတွေက ထုတ်ပြန်ထားပေမဲ့ ဗုဒ္ဓဂါယာကို ဒီညနေ စတင် ရောက်လာနိုင်တယ်လို့ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီရေး အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။

ထိုင်းနိုင်ငံက ကိုကျော်ထင် ပြောပြသွားတာပါ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာမှာရှိတဲ့ သံဃာတော်တချို့က အခုလို သပိတ်မှောက်မယ်လို့ ပြောနေကြချိန်မှာပဲ မြန်မာသံရုံးကတဆင့် ဖိတ်ကြားခံရလို့ တက်ရောက်ဖို့စီစဉ်နေကြတဲ့ သံဃာတချို့လည်း ရှိနေပါတယ်။ ဒီအကြောင်းကိုတော့ ကိုဇော်ဝင်းလှိုင်ကတင်ပြပါမယ်။

ဗုဒ္ဓဂါယာနဲ့ အနီးအနား ပတ်ဝန်းကျင် နာလန္ဒာ၊ ဗာရာဏသီ စတဲ့ စာသင်တိုက်တွေမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံက ဆရာတော် တပါးစီ ပင့်ထားတဲ့အကြောင်း နာလန္ဒာ တက္ကသိုလ်က ဆရာတော်တပါးက ပြောပြပါတယ်။

“နာလန္ဒာ တက္ကသိုလ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဗုဒ္ဓဂါယာကို လာဖို့အတွက် ဦးပဉ္ဇင်းတို့ နာလန္ဒာ တိုက်မှာ သံဃာတော်တွေရဲ့ ကိုယ်စား အားလုံး တပါး ပင့်မယ်ပေါ့။ ဒီမှာ အစည်းအဝေးလုပ်ပြီးတော့ အဲဒီမှာ တပါး တက်ဖို့ရန်အတွက် ဦးဉ္ဇင်းတို့ ရွေးချယ်ခဲ့ပါတယ်။ ဘာရယ်ကိစ္စ၊ လှူဒါန်းမယ်ကိစ္စ ဘာရယ်ဆိုတာတော့ ဦးပဉ္ဇင်းတို့ မသိဘူး။ ၂၀၀၄ ခုနှစ်က အစီအစဉ်အတိုင်း ဦးပဉ္ဇင်း ထင်ပါတယ်။ ၂၀၀၄ ခုနှစ်က လာတုန်းကလဲ ဦးပဉ္ဇင်းတို့ နာလန္ဒာတိုက်က တပါး၊ ဗုဒ္ဓဂါယာ မာဂဓ တက္ကသိုလ်က တပါး၊ ဗာရာဏသီတိုက်က တပါး အဲဒီလို ပင့်သလိုပဲ ဒီနှစ်လဲ ပင့်တာကတော့ သံရုံးကနေတဆင့် ဗုဒ္ဓဂါယာ မြန်မာကျောင်း၊ မြန်မာကျောင်းကနေပြီးတော့ ဒီ တက္ကသိုလ် အသီးသီးမှာရှိတဲ့ သံဃာတော်တွေရဲ့ကိုယ်စား တပါးစီ ပင့်တယ်။ အဲဒါကို မနေ့က နာလန္ဒာ တိုက်မှာ အစည်းအဝေးလုပ်ပြီး တပါးကို ရွေးချယ်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၂၀၀၄ ခုနှစ်က ဗုဒ္ဓဂါယာကို သွားခဲ့တုန်းကလဲ အခုလို သံဃာတော်တွေကို ပင့်ဖိတ်၊ ဆွမ်းကပ်ပြီး တပါးကို အိန္ဒိယ ရူပီးငွေ ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၅၀ ခန့်) စီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အခုလို ဗုဒ္ဓဂါယာကို လာလည်တာဟာ တိုင်းပြည် တိုးတက်ကောင်းမွန်အောင် လုပ်ဖို့တော့ မဖြစ်နိုင်ဘူးလို့ အဲဒီ ဆရာတော်က ဆက်မိန့်ကြားပါတယ်။

“သူလာလို့လဲ ဘာဖြစ်မလဲ၊ ဦးပဉ္ဇင်းတို့နိုင်ငံက နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု၊ တနည်းအားဖြင့် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုအတွက် လာတယ်လို့ ဦးပဉ္ဇင်းတို့က မမြင်ဘူး။ ဒါ သူ့ ဗေဒင်သမားတွေက မြှောက်ပေးလိုက်တာနဲ့ အမျိုးကလဲ သိတဲ့အတိုင်းပဲ အုပ်ချုပ်သူ လူတန်းစား၊ အမြှောက်ကြိုက်တဲ့သူတွေ ဆိုတော့ ဗေဒင်သမားတွေက မြှောက်ပေးလိုက်တော့ ဒီမှာ ယတြာ လာချေတယ်။ သူတို့အာဏာမြဲဖို့ရာ အတွက် ဒါပဲ ဦးပဉ္ဇင်းတို့ကတော့ မြင်တယ်။ နိုင်ငံတိုးတက် ဖွံ့ဖြိုးဖို့ကတော့ ဘာမှမမြင်ဘူးဗျာ။”

အိန္ဒိယနိုင်ငံ နာလန္ဒာတက္ကသိုလ်က ဆရာတော်တပါး မိန့်ကြားခဲ့တာပါ။

အိန္ဒိယနိုင်ငံ နာလန္ဒာ တက္ကသိုလ်က ဆရာတော်တပါးက မိန့်ကြားခဲ့တာပါ။ အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိန္ဒိယကို သွားလည်တဲ့ အပေါ် နိုင်ငံတကာက ဝေဖန်ပြောဆိုမှုတွေလဲ တဖက်မှာ ရှိနေပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာနဲ့ မြန်မာစစ်အစိုးရက နျူကလီးယား လုပ်ငန်းတွေ လုပ်ဆောင်နေတယ် ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေ တာကြောင့် မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာလည်း ဒေသတွင်း လုံခြုံရေးအတွက် မြန်မာ စစ်အစိုးရကို ဖိအားပေး ပြောဆိုဖို့ တာဝန်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် P J Crawley က သတင်းထောက်တွေကို ပြောပါတယ်။

“ဒေသတည်ငြိမ်ရေးဟာ ဒေသတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ ဘုံအကျိုးစီးပွား ဖြစ်သလိုပဲ မြန်မာနိုင်ငံက သဘောတူညီချက်တွေကို ချိုးဖောက်တဲ့ကိစ္စ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ကိစ္စ၊ တိုင်းရင်းသားနဲ့ အတိုက်အခံတွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲတရပ် လုပ်ဆောင်ဖို့ကိစ္စတွေ အတွက် စစ်အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ တိုက်ရိုက် ဖိအားပေး ပြောဆိုကြဖို့ မြန်မာနိုင်ငံနဲ့ ထိတွေ့ ဆက်ဆံနေတဲ့ နိုင်ငံတိုင်းမှာ တာဝန်ရှိပါတယ်။ ကျနော်တို့ အရင်က ပြောခဲ့သလိုပါပဲ၊ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့လဲ စစ်အစိုးရဟာ လက်ရှိအခြေအနေက ပြောင်းလဲလုပ်ဆောင်ရေး ဖိအားပေး ပြောဆိုဖို့ တာဝန်ရှိတယ်ဆိုတာကို ကျနော်တို့ အိန္ဒိယအစိုးရကို ပြောထားပြီး ဖြစ်ပါတယ်။”

အလားတူပဲ FIDH လို့ခေါ်တဲ့ ပြင်သစ်အခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ပေါင်းချုပ်ကြီးကလည်း လူ့အခွင့်အရေး ချိုးဖောက်မှု တွေ အမျိုးမျိုး ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးသန်းရွှေကို အိန္ဒိယကို အခုလို တရားဝင် လာရောက်လည်ပတ် ခွင့်မပြုဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ အိန္ဒိယဝန်ကြီးချုပ် မန်းမိုဟန် ဆင်းဂ် ထံ အိတ်ဖွင့်ပေးစာပို့ ကန့်ကွက်ခဲ့ကြပါသေးတယ်။

XS
SM
MD
LG