စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ မူဆလင်လက်နက်ကိုင်တွေရဲ့အကူအညီနဲ့ ဘင်္ဂလားဒေ့ရှ့် နိုင်ငံဘက်ကို ထွက်ပြေးဖို့ ကြိုးစားတဲ့ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို ဒီဇင်ဘာလ ၁၇ရက်နေ့ နေ့လည်ပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ ရွှေဇားကပ္ပကောင်းချောင်းအနီး ပုစွန်ကန် တဲထဲမှာ အသေဖမ်းဆီးရမိတယ်လို့ အာရက္ခတပ်တော်AAက ဒီဇင်ဘာလ ၁၈ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ဗိုလ်မှူးကြီး အောင်နေမျိုးဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးဖို့ကြိုးစားခဲ့ပေမဲ့ အာရက္ခတပ်တော်လုံခြုံရေးတပ်တွေနဲ့ ကမ်းခြေစောင့်တပ်တွေရဲ့ ဝန်းရံပိတ်ဆို့ ပိုက်စိပ်တိုက်ရှာဖွေချိန် စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိပြီး သွေးထွက်လွန်သေဆုံးသွားခဲ့တယ်လို့ AA ဘက်ကထုတ်ပြန်ထားပါတယ်။
ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၈ရက်နေ့ မောင်တော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ နခခ(၅) ကို AA အာရက္ခတပ်တော်ဘက်က သိမ်းပိုက်ချိန် လက်နက်ချ အညံ့မခံပဲ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေထဲက အဆင့်မြင့်အရာရှိတဦးဖြစ်ပါတယ်။ လက်ရှိအသေဖမ်းဆီးရမိတဲ့အခါမှာ ဗိုလ်မှူးကြီး အောင်နေမျိုးနဲ့အတူ ငွေသား ကျပ်ငွေ သိန်း ၈၀၀နဲ့ အခေါက်ရွှေချောင်း တချို့ကိုလည်း သိမ်းဆည်းရမိ တယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ရခိုင်မြောက်ပိုင်း မောင်တောမြို့ တိုက်ပွဲမှာ စစ်ကောင်စီ တပ်သားအများအပြား ထိခိုက် ဒဏ်ရာရတာနဲ့ အလံဖြူထောင် လက်နက်ချအညံ့ခံတဲ့ ရုပ်သံတွေကို AA ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ တဆက်တည်းပါပဲ ဘူးသီးတောင်မြို့နယ် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာန (စကခ ၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့ အရာရှိစစ်သည်အများအပြားကိုလည်း မောင်တော ရွှေတောင်ကျေးရွာအနောက်ဘက်မှာ အရှင်လက်ရဖမ်းဆီးမိခဲ့တယ်လို့ AA ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် လက်ရှိနှစ်ဘက်တိုက်ပွဲပြင်းထန်နေတဲ့ အမ်းမြို့နယ်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အတွင်းက AAထံ စစ်ကောင်စီတပ်သားရာနဲ့ချီ လက်နက်ချအညံ့ခံလာကြတဲ့ ရုပ်သံဖိုင်တွေကို AA ဘက်က ဆက်တိုက်ထုတ်ပြန်နေပြီး ကျန်တဲ့သူတွေလည်း အသက်မဆုံးပါးချင်ရင် မိသားစုနဲ့ မကွဲကွာလိုရင် လက်နက်ချအညံ့ခံကြဖို့ AAဘက်က တိုက်တွန်းထားပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း အမ်းနဲ့ ဂွမြို့နယ်တွေမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော် AAကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။ အမ်းမြို့နယ်မှာတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းက နေရာတချို့မှာ စစ်ကောင်စီတပ်သား ရာနဲ့ချီကျန်ရှိနေသေးပြီး AA ထိုးစစ်ကို ခုခံနေတာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခ မကျရှုံးရေးအတွက် လေကြောင်းကနေလည်း ပစ်ကူပေးနေတာရှိသလို ရခိုင်ရိုးမပေါ်ကနေ လက်နက်ကြီးတွေနဲ့ နပခဌာနချုပ် အတွင်း ပစ်ခတ်နေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိမှန်သေဆုံးတာတွေရှိနေတယ်လို့လည်း AAဘက်က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်တွင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရခိုင်ပြည်နယ်နေ့ကို ပေးပို့တဲ့ သဝဏ်လွှာထဲ လက်ရှိစစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ အာရက္ခတပ်တော် AA အပါအဝင် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့အနေနဲ့ လက်နက်စွန့်ပြီးတော့ နိုင်ငံရေးအရဆွေးနွေးကြဖို့ တိုက်တွန်းထားပါတယ်။
Forum