သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရတပ်နဲ့ RCSS တိုက်ပွဲဖြစ်ရခြင်းအကြောင်းရင်း စတင်စုံစမ်း


နမ့်လန် ဒေသခံလူထုနှင့် JMC-U အဖွဲ့ဝင်များ တွေ့ဆုံ (Joint Ceasefire Monitoring Committee)
နမ့်လန် ဒေသခံလူထုနှင့် JMC-U အဖွဲ့ဝင်များ တွေ့ဆုံ (Joint Ceasefire Monitoring Committee)

တပ်မတော်၊ RCSS နဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေပါဝင်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး JMC စိစစ်အတည်ပြုရေးအဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ်တွင်း ဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပက်သတ်ပြီး ဒေသခံလူထုနဲ့ ဒီကနေ့ တွေ့ဆုံပြီး အခြေအနေတွေကို လေ့လာစုံစမ်းနေပါတယ်။ JMC အဖွဲ့ရဲ့ ခရီးစဉ်နဲ့ ပက်သတ်လို့ ကိုအောင်အောင်က ဆက်သွယ်မေးမြန်းတင်ပြပေးထားပါတယ်။

တပ်မတော်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေနဲ့ ပါတ်သတ်လို့ စုံစမ်းစစ်ဆေး ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC ရဲ့ ခရီးစဉ်တွေ စတင်လိုက်ပြီ။ စိစစ်အတည်ပြုရေးအဖွဲ့ဟာ ဒီကနေ့မှာ ထိတွေ့မှုတွေ ဖြစ်ပွါးခဲ့တဲ့ နမ့်လန်ကို ရောက်ရှိနေတယ်လို့ JMC အလုပ်အဖွဲ့ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ကိုမင်းဇော်ဦးက အခုလိုပြော ပါတယ်။

“အခင်းဖြစ်ပွားခဲ့တဲ့ နေရာမှာရှိတဲ့ ပြည်သူလူထုကို ကျနော်တို့လာတဲ့ Mission ပေါ့နော် လာရင်းကိစ္စကို ရှင်းပြတယ် ပြီးတော့ အဲဒီမှာရှိတဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိနိုင်တယ်ဆိုတဲ့ ပြည်သူလူထုနဲ့ မေးမြန်းပြီးတော့ ပေါ့နော် တဦးချင်းစီနဲ့ တွေ့ဆုံပြီးတော့ အချက်အလက်တွေ ကောက်ယူတာလုပ်နေပါတယ်။”

အခုလို အောက်ခြေဒေသတွေအထိဆင်းပြီး စုံစမ်းစစ်ဆေးတာတွေ တပတ်ကြာပြုလုပ်မှာဖြစ်ပြီး နောက်တလလောက်မှာတော့ ဒီစုံစမ်းစစ်ဆေးမှု အခြေအနေတွေကို ထုတ်ပြန်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း သူကပြောပါတယ်။ ၂ ဖက်တပ်တွေ လနဲ့ချီကြာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာနဲ့ ပါတ်သတ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းလက အခုလိုပြောပါတယ်။

“နယ်မြေအတည်တကျ သတ်မှတ်တာတွေ ပီပီပြင်ပြင် မရှိသေးဘူး နောက်ပြီးတော့ NCAထဲမှာပါတဲ့ အပစ်ရပ်နယ်မြေတို့ နောက်ပြီးတော့ နယ်မြေပိုင်းခြားရေးတို့ ၊ ဒီကိစ္စတွေဟာ ကျနော်တို့ တကယ်လုပ်ငန်းဖော်ဆောင်တဲ့နေရာမှာ အခက်အခဲတွေ အများကြီးရှိပါသေးတယ်။ အဓိပ္ပါယ်ဖော်ဆောင်တဲ့ အပိုင်းမှာရော တကယ့်လက်တွေ့ကျကျလုပ်ဆောင်ရမယ့်နေရာမှာရော ညှိနှိုင်းစ အဆင့်လောက်ပဲ ရှိသေးတယ်။ ဆိုတော့ နယ်မြေ မသတ်မှတ်ရသေးတဲ့ ကာလအတွင်းမှာ နယ်မြေကျွံတာတွေ နောက်ပြီးတော့ လုပ်ငန်းပိုင်းမှာ မရှင်းမလင်းနဲ့ ဒီ အပိုင်းလေးတွေလည်းရှိတော့ ထိတွေ့မူတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။”

မြန်မာနိုင်ငံတဝှမ်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးရဖို့ အစိုးရအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေတဲ့တချိန်တည်းမှာပဲ အထူးသဖြင့် ကချင်၊ ကရင် နဲ့ ရှမ်းပြည်နယ်တွေမျာ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲတွေနဲ့ တပ်မတော်အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးလာပြီး၊ အချို့နေရာတွေမှာ တပ်မတော်ဘက်က လေကြောင်းကနေပါ အပစ်အခတ် ရပ်ပစ်ဖို့ စစ်ရပ်ဆဲရေး လူထုက ဆန္ဒထုတ်ဖေါ်တောင်းဆိုကြပါတယ်။ တိုက်ပွဲတွေ အခုလို ဖြစ်ပွါးနေတာတွေကို အမြန်ဆုံး ရပ်စဲဖို့ကြိုးစားတဲ့အနေနဲ့ အခုလို အောက်ခြေဒေသအထိဆင်းပြီး လေ့လာစုံးစမ်းနေတာလို့ ကိုမင်းဇော်ဦးကပြောပါတယ်။

“JMC အနေနဲ့ကတော့ NCAလက်မှတ်ထိုးပြီဆိုရင်တော့ ထိုးတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲမဖြစ်အောင် မထိတွေ့အောင်ဆိုပြီးတော့ ကျနော်တို့ ဝိုင်းပြီးတော့ ကြိုးစားတယ်။ ဖြစ်ခဲ့ရင်လည်း နောက်တခါ ထပ်မဖြစ်အောင်ဆိုပြီးတော့ ကျနော်တို့က ဒါတွေကို ဝိုင်းပြီးတော့ စီစစ်တဲ့လုပ်ငန်းတွေကျနော်တို့ လုပ်တာဖြစ်ပါတယ်။ အဲဒီတော့ ကျနော်တို့ JMC အနေနဲ့ ကြည့်မယ်ဆိုရင် ဒီလက်မှတ်မထိုးတဲ့အချိန်နဲ့ လက်မှတ်ထိုးပြီးသားအချိန်ဆိုရင်တော့ ကျနော်တို့ သိသလောက်ကတော့ အနည်းဆုံး တိုက်ပွဲအရေအတွက် ၁၂ ဆလောက်လျှော့ချနိုင်ခဲ့တယ်လို့ ကျနော်တို့ တွေ့ရပါတယ်။”

တိုက်ပွဲတွေဖြစ်ပွါးတာကြောင့် ဒေသခံ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွါနေထိုင်နေရပြီး စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အလှူရှင်တွေအပေါ် မှီခိုနေရတယ်လို့ ဗိုလ်မှူးကြီးစိုင်းလကပြောပါတယ်။

“မိုင်းကိုင်မြို့နယ် တုန်လော ၊ နောက်တခါ နမ့်လန်မြို့ မှာဆိုရင် စစ်ဘေးရှောင်တွေ ၂၀၀၀ ကျော်ကျော်လောက်ရှိတယ်လို့ သိရှိရပါတယ်။တချို့ကျတော့ အိမ်မပြန်ရဲသေးပါဘူး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားမှာကိုလည်း သူတို့ကအာမခံချက်မရှိသေးလို့ အိမ်မပြန်ရဲသေးပါဘူး။ သူတို့ စားဝတ်နေရေးအတွက်ကလည်း ပြည်တွင်းက CSO တွေ ကြိုးပမ်းမှုနဲ့ တချို့အလှူရှင်တွေနဲ့ ပဲ သူတို့မှီခိုပြီးနေရပါသေးတယ် လို့ သိရပါတယ်ခင်ဗျ။”

နောင်နှစ် ဖေဖေါ်ဝါရီလမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လာခံကို တကျော့ပြန်ကျင်းပဖို့ မြန်မာအစိုးရတာဝန်ရှိသူတွေက ရည်မှန်းထားပေမယ့်လည်း အခုအချိန်ထိတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စားချုပ် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာနိုင်ငံ တပ်မတော်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG